ကုလားရာဇဝင် (ဆူဒိုနင်)

MOI

ကုလားရာဇဝင် (ဆူဒိုနင်)

ပြောလည်းပြောချင်တယ်၊ ပြောလည်းမပြောရဲဘူး

ဝေါဟာရ ဆင်းသက်ပုံ

ကုလားဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်လို့ ဖတ်ဖူး မှတ်ဖူး ကြုံဖူးထားတာလေး တွေ တင်ပြလိုက်ချင်ပါတယ်။ မြန်မာအဘိဓာန် အကျဉ်းချုပ်မှာတော့ ၁။ အိန္ဒိယနိုင်ငံသားများ။

၂။ သာမန်အားဖြင့် မြန်မာနိုင်ငံ အနောက်ဘက်ဒေသများမှ လာသူများလို့ နာမ်အနေနဲ့ ဖွင့်ဆိုထားပါတယ်။ နာမဝိသေသန အနေနဲ့ကျတော့ နိုင်ငံခြား၌ ဖြစ်သော၊ နိုင်ငံခြားမှ လာသောလို့ ဖွင့်ဆိုထားပါတယ်။ ဒါ့ကြောင့် ကုလားကာ (ကန့်လန့်ကာ – အသံထွက် ကလဂါ)၊ ကုလားကင် ပွန်း၊ ကုလားစပါး (ဂျုံ)၊ ကုလားတက်၊ ကုလားတည်၊ ကုလားထိုင်၊ ကုလားနံ၊ ကုလားပဲ၊ ကုလားမခြေထောက်၊ ကုလားမ စည်းနင်း၊ ကုလားမောင်း၊ ကုလား ရွှေ၊ ကုလားသေ ကုလားမော၊ ကုလားဟင်း၊ ကုလားအော်၊ ကုလားအုတ်အစရှိ သဖြင့် မြန်မာဝေါဟာရတွေ ရှိလာတာပါ။

(သည်နေရာမှာ စာမနှံ့သူတချို့က “ကုလားကာ” မဟုတ်ဘူး၊ “ကန့်လန့်ကာ” သာ အမှန်လို့ ခြေကန်ငြင်းချင်တာလည်း ရှိပါ့မယ်။ ဟုတ်ကဲ့… ကျွန်တော် အလွှတ်မဲ့ရေးလိုက်တာ မဟုတ်ပါဘူး။ ၁၉၇၈ ခုနှစ် စက်တင်ဘာလမှာ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ မြန်မာအဘိဓာန် အကျဉ်းချုပ် စာမျက်နှာ ၁၂ မှာ” ကုလားကာ «ကန့်လန့်ကာ»” လို့ အတိအလင်း ဖော်ပြထားပါတယ် ခင်ဗျ။
ဒါ့အပြင် ၂၀၀၈ ခုနှစ် ဩဂုတ်လမှာ အဆိုပါ အဖွဲ့ကပဲ ပြင်ဆင်တည်းဖြတ် ထုတ်ဝေထားတဲ့ မြန်မာအဘိဓာန် စာမျက်နှာ ၉ မှာလည်းပဲ အဲဒီ့ အတိုင်းပဲ
“ကုလားကာ” လို့ ပေးထားတာကို တွေ့ရနိုင်ပါတယ်။) အမျိုးဇာတ်တွေ အများအပြား ကွဲပြားတဲ့ အိန္ဒိယနိုင်ငံမှာတော့ အူတာ ပရာဒက်(ရှ်)၊ ရာဂျက်(စ်)သန်၊ ပန်ဂျပ်(ဘ်) ပြည်နယ်များနဲ့တကွ အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ သမိုင်းအစဉ်အဆက်ရှိခဲ့တဲ့ အမျိုးဇာတ်တစ်ခုကို
ကလွား (ကလား) (Kalwar, Kalal, Kalar) လို့ ခေါ်ပါတယ်။ အရင်တုန်း ကတော့ အဲဒီ့ အမျိုးဇာတ်ဟာ အရက်ချက်တဲ့ အလုပ်ကို လုပ်ခဲ့ကြဖူးတယ်လို့ အဆိုရှိတယ်။ ၂၀ ရာစုမှာတော့ အဲလို မဟုတ်တော့ပါဘူးတဲ့။ အိန္ဒိယနိုင်ငံသားတွေထဲက တမစ်(လ်) (Tamil) တွေရဲ့ အမျိုးဇာတ်ထဲမှာ လည်း ကုလားက ရှိနေပြန်တယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ အမျိုးဇာတ် သုံးခုအနက်က တစ်ခုကို ကုလား (Kallar) လို့ ခေါ်ပြန်သတဲ့။

မြန်မာတချို့ကတော့ တခြားနိုင်ငံကနေ ကူးလာသူတွေကို “ကူးလာ”လို့ ခေါ်ရင်းကနေ ကာလရွေ့လျောတဲ့အခါ ကူးလာ ကနေ ကုလားဖြစ်သွားတယ်လို့ လည်း ဆိုကြပါတယ်။ အမျိုးဇာတ်စနစ်ကို အခိုင်အမာ ဖက်တွယ်ထားသူတွေလို့ ဆိုလိုချင်တဲ့ အခါမှာလည်း ကုလားလို့ သုံးတယ်လို့ အဆိုရှိပြန်တယ်။ ဒါ့ကြောင့် ပါဠိလို “ကုလ”၊ မြန်မာလို “အမျိုးအနွယ်”လို့ အဓိပ္ပာယ်ရတဲ့ “ကုလ”လို့ ခေါ်ရင်းကနေ ကုလားဖြစ်တယ်ဆိုတဲ့ အယူအဆတစ်ခုလည်း ရှိပါတယ်။ သေချာတာကတော့ မြန်မာ့သမိုင်းမှာ အနောက်တိုင်းသား မျက်နှာဖြူ အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်(ခ်ျ)၊ ပေါ်တူဂီတွေကို ကုလားဖြူလို့ ခေါ်ခဲ့ကြဖူးတာပါပဲ။

ကုလားဆိုတာ

တကယ်တော့ မြန်မာတွေ နှုတ်ကျိုးနေတဲ့ ကုလားဆိုတဲ့ ဝေါဟာရက ကျယ်ဝန်းပါတယ်။ အာရပ်တွေ၊ ပါရှားတွေလို အရှေ့အလယ်ပိုင်းဒေသက ရောက်လာတဲ့ အသားဖြူသူတွေကိုလည်း ကုလားလို့ ခေါ်ပါတယ်။ နက်မှောင် နေအောင် မည်းတဲ့သူတွေကိုလည်း ခေါ်ကြတာ ဖြစ်သလို အသားလတ်သူတွေ ကိုလည်း ခေါ်တာပါပဲ။ အလားတူ၊ ကိုးကွယ်ရာ ဘာသာမှာလည်း ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန်၊ (ပန်ချာပီလို့ မြန်မာတွေ သိကြတဲ့)ဆစ်(ခ်) အစရှိသူတွေ ကိုလည်း ခေါ်တာပါပဲ။
ကျွန်တော်တို့လို ၆၀ တန်းတွေဆို ကောင်းကောင်း မီပါတယ်။ ဟိန္ဒူ ကုလား၊ ပန်ချာပီကုလား၊ မဂိုကုလား၊ ဇေဒဘရာရီ ကုလား၊ မန်ကျည်းသီးကုလား၊ ဂေါ်ရင်ဂျီကုလား၊ ချစ်တီးကုလား၊ ဂေါ်ရခါး၊ ကလယ်၊ မူစလင်ကုလား အစရှိသဖြင့် အမျိုးမျိုး အမယ်မယ် ရှိခဲ့ဖူးပါတယ်။ ရန်ကုန်တင်မက မန္တလေးမှာ ရော တခြားမြို့ အများအပြားမှာပါ တစ်ခေတ်ဆီက ကုလားပေါင်းစုံ ရှိခဲ့ဖူးတာလည်း အမှန်ပါပဲ။

ကျွန်တော်ကြံဖူးတဲ့ ပန်ချာပီကြီးတွေ ကျွန်တော်ငယ်ငယ်တုန်းက မန္တလေးမှာ နေမကောင်းတဲ့အခါ ပန်ချာပီ ကုလားဆရာဝန်ကြီးနဲ့ချည်းပဲ အမြဲတမ်း ပြရပါတယ်။ ဘယ်လောက်များလဲဆိုရင် အဲဒီ့ခေတ် မြန်မာရုပ်ရှင် တွေထဲက ဆရာဝန် ခန်းမှာ ဆရာဝန်အဖြစ် ပင်တိုင် သရုပ်ဆောင်သူက ဗောင်းထုပ်ကြီးနဲ့ ပန်ချာပီ ကုလားကြီးဖြစ်နေခဲ့ဖူးပါတယ်။ ဆရာကြီး ဦးသုခရဲ့ စောစောပိုင်း ဇာတ်ကား တွေထဲမှာ တွေ့ရနိုင်ပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်များမှာတော့ အဲဒီ့သရုပ်ဆောင် ပန်ချာပီကြီးကို လူ ကိုယ်တိုင် အကောင်လိုက် ခဏခဏ မြင်ဖူးပါတယ်။ သူက ဗိုလ်အောင်ကျော်လမ်း နဲ့ ဗိုလ်ချုပ်လမ်းထောင့် စိန့်မေရီ (စိန်ပေါကျောင်းဘေး) ဘုရင်ဂျီ ဘုရားကျောင်း ရှေ့မှာ အမြဲတမ်း စက်ကျတတ်တာကိုး။ အဲဒီ့နားမှာ တစ်ချိန်က ရုပ်ရှင်ကုမ္ပဏီ ရုံးခန်းတွေ ရှိတာမို့ သူ့ကို အဲဒီ့နားမှာ မကြာခဏ တွေ့ရတာလည်း ဖြစ်ပါတယ်။

ကုလားပေါင်းစုံ မြန်မာပြည်ကို ဘယ်တုန်းက စရောက်လာတာလဲ

အများစု ယူဆကြတာက မြန်မာနိုင်ငံကို ကိုလိုနီ နယ်ချဲ့တွေ သိမ်းပိုက်ပြီး တဲ့နောက် သူတို့နဲ့အတူ ကုလားတွေပါ ပါလာတယ်လို့ပါပဲ။ သည်အယူအဆက မမှားပါဘူး။ ဒါပေမယ့် သမိုင်းမှတ်တမ်းတွေအရ အရှေ့အလယ်ပိုင်းက အာရပ် တွေ မြန်မာပြည်ကို စရောက်လာတာက ပုဂံခေတ်ဦး၊ ခရစ်သက္ကရာဇ် ၆၅၂- ၆၆၀ အတွင်းမှာပဲ ဖြစ်ပါတယ်။ အဲဒီ့အချိန်က သုဝဏ္ဏဘုမ္မိ သထုံတို့၊ မုတ္တမတို့ ဆီကို ကုန်သည်များအဖြစ် ရောက်လာခဲ့တာလည်း အမှန်ပါပဲ။
(ဗျတ်ဝိ၊ ဗျတ္တ၊ ရွှေဖျင်းညီနောင်……………….)***

ကိုးရာစုမှာတော့ ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ တနင်္သာရီဒေသတို့မှာလည်း အာရပ် ကုန်သည်တွေ ရောက်နေပါပြီ။(ပုသိမ်မြို့ဆိုတာ အရင်က ပသီမြို့ပါ)*** ဆိုတော့ကာ အာရပ်တွေ မြန်မာပြည်ကို ဥဒဟို ဝင်ထွက်သွားလာနေခဲ့ကြ၊ အခြေချနေထိုင်ခဲ့ကြတာပဲ နှစ်ပေါင်း တစ်ထောင်ကျော်ခဲ့ပြီလို့ ပြောနိုင်ပါလိမ့်မယ်။
သမိုင်းမှတ်တမ်းတွေအရ အိန္ဒိယနိုင်ငံဘက်ဆီက ပါခစ္စထာ နီများလို မူစလင် အများအပြား မြန်မာနိုင်ငံကို ရွှေ့ပြောင်း အခြေချနေထိုင်ခဲ့တာကတော့ ၁၈၇၀ ပြည့်လွန်စ နှစ်တွေမှာပါပဲ။ လွတ်လပ်ရေးရပြီးစမှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ပါကစ္စတန်အသင်း (All Burma Pakistan Association – ABPA) ဆိုတာတောင် ရှိခဲ့ဖူးပြီး အဖွဲ့ဝင် အင်အားက သုံးသိန်းကနေ ငါးသိန်းအထိ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

တကယ်တော့ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ ကုန်းမြေ နယ်နိမိတ်ချင်း ထိစပ်နေတာမို့ အစိုးရစနစ်တွေ မထွန်းကားခင်၊ နိုင်ငံသား ဘာညာတွေ မပေါ် ခင် ပဝေသဏီ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်လောက်ကတည်းက ဟိုဘက်သည် ဘက် ကူးလူးသွားလာနေကြ၊ အခြေချနေထိုင်ခဲ့ကြတာပါပဲ။ တရုတ်တွေ၊ ထိုင်း တွေလည်းပဲ အလားတူပါပဲ။
ကိုလိုနီနယ်ချဲ့တွေနဲ့ကျတော့ အိန္ဒိယက လူမျိုးပေါင်းစုံဟာ နည်းပေါင်းစုံနဲ့ ပါလာခဲ့ပါတယ်။ ၁၉ ရာစု အလယ်ပိုင်း ကတည်းကပါပဲ။ အရပ်ဘက် ဝန်ထမ်းတွေ၊ အင်ဂျင်နီယာတွေ၊ မာလိန်မှူးတွေ၊ စစ်သားတွေ၊ အလုပ်သင်တွေ၊ အလုပ်ကြမ်းသမားတွေ၊ ကုန်သည်တွေအနေနဲ့ ပါလာတော့တာပါပဲ။ ပဲခူးတိုင်း ဇေယျဝတီမြို့နဲ့ အနီးတဝိုက်မှာ အဲဒီ့ခေတ် ကတည်းက မြန်မာပြည်မှာ အခြေချ နေခဲ့ကြရာက ပေါက်ဖွားလာသူတွေကို အထင်အရှား မြင်နေနိုင်ပါသေးတယ်။ အဲဒီ့လူတွေက မြန်မာပြည်မှာပဲ အခြေချနေကြ၊ မြန်မာနိုင်ငံသား လူမျိုး ပေါင်းစုံနဲ့ အိမ်ထောင် သားမွေးကြနဲ့ နေနေခဲ့ကြတာ နှစ်ပေါင်း ရာချီနေခဲ့ပါပြီ။ ဒါ ကုလားတွေတင် မဟုတ်ပါဘူး။ တရုတ်တွေလည်း အတူတူပါပဲ။

အထင်ကရ ကုလားကြီးများ

ကျွန်တော်ဆို အမေ့ရဲ့ အဘိုးအရင်းက ပြည်မကြီးကလာတဲ့ ပေါက်ဖော် စစ်စစ်ကြီးမို့ တရုတ်သွေး ၁၂ ပြားခွဲဖိုးပါတဲ့ ရွှေမြန်မာပါ။ အဖေ့ဘက်ကလည်း ဇစ်မြစ် မသိလို့သာပါ။ ဆံပင်ကောက်တာ၊ အမွှေး အမှင်ထူတာ၊ မျက်လုံးပြူးတာလို ကုလားနဲ့ ဆက်စပ်တဲ့ သဲလွန်စတွေ အများ အပြားကတော့ ကျွန်တော့်သားဆီအထိ ပါနေပါသေးတယ်။ ကုလားတွေထဲမှာ အာဇာနည် ဦးရာဇတ်လို၊ ဝန်ကြီး ဦးရာရှစ်လို၊ အာဖဂန် အနွယ် ပါမောက္ခဒေါက်တာ ဘသန်းဟက်လို၊ ဆရာကြီး ဦးဂိုအင်ကာလို၊ ကျွန်တော်တို့ တက္ကသိုလ်တက်စဉ်က ပါမောက္ခချုပ် လုပ်သွားတဲ့ ဒေါက်တာ မောင်ဒီလို၊ မကြာခင်က ကွယ်လွန်သွားတဲ့ ရုပ်ရှင်မင်းသား မောင်မောင်တာလို၊ ဘောလုံးသမားကျော် ဗဟာဒူးလို ပုဂ္ဂိုလ်တွေ အများအပြား ပါဝင်ပါတယ်။ ယုတ်စွအဆုံး၊ သခင်သန်းထွန်းရဲ့ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့အတူ တောခိုသွား ပြီး ဖြုတ်ထုတ်သတ်ခံလိုက်ရတဲ့ ကွန်မြူနစ်ဝါဒ ယုံကြည်သူတွေထဲ မှာတောင် အထင်ကရ ကုလားတွေ ပါဝင်နေတာ သမိုင်းပါပဲ။ ဗဟာဒူးကို ထည့်ပြောလိုက်တော့ စကားစပ်လို့ ဂေါ်ရခါးဆိုတဲ့ ကုလား တစ်မျိုးကို ထည့်ပြောရပါမယ်။ ဂေါ်ရခါးဆိုတာက နီပေါနိုင်ငံသားတွေကို ရှေးက ခေါ်ခဲ့တဲ့ အခေါ်အဝေါ်ပါ။ စစ်သည်ကျော်တွေမို့ ကမ္ဘာမှာ ဂေါ်ရခါးဆိုရင် စစ်သားနဲ့ တွဲသိ ကြပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှာ ရောက်ရှိနေတဲ့ ဂေါ်ရခါး အများစုဟာ ဗြိတိသျှတို့နဲ့အတူ စစ်သည်တွေအနေနဲ့ ပါလာတာ ဖြစ်ဖို့များပါ တယ်။ ဘောလုံးသမားကျော် ဂေါ်ရခါးကြီး ဗဟာဒူးဆိုလည်း စစ်သားဟောင်းကြီး ပါပဲ။ အများစုက မြစ်ကြီးနား၊ တောင်ကြီး၊ မေမြို့လို နေရာတွေမှာ ယနေ့ထက် တိုင် ရှိနေကြဆဲပါပဲ။ သူတို့က ပေါက်ဖွားသူတွေဟာ မြန်မာနိုင်ငံမှာသာ မွေးဖွားတာဖြစ်ပြီး နီပေါနိုင်ငံဆိုတာ မြင်တောင် မြင်ဖူးကြမှာ မဟုတ်ပါဘူး။
စာပေသမိုင်းထဲက ကုလားကြီးတွေနောက်ထပ် ထင်ရှားတဲ့ ကုလားတွေဆိုရင် အာဇာနည်ဆရာကြီးဦးရာဇတ် ထက်တောင် စောပါသေးတယ်။ မြန်မာဝတ္ထု သမိုင်းမှာ (မွန်ထီ ခရစ္စထို မြို့စားခေါင်းစဉ်နဲ့ ပြင်သစ်ဝတ္ထုကို မှီးထားတဲ့) ဆရာကြီး ဂျိမ်း(စ်)လှကျော်ရဲ့ “မောင်ရင်မောင်၊ မမယ်မ”ကိုပထမဆုံးအဖြစ် သတ်မှတ်ကြပါတယ်။ အဲဒီ့ဝတ္ထုကို ၁၉၀၄ ခုနှစ်မှာ ပုံနှိပ်ထုတ် ဝေခဲ့တာပါ။ အမှန်တော့ အဲဒီ့ထက် စောတဲ့ မြန်မာဝတ္ထု ရှိတာကို လူသိနည်းလှပါတယ်။ “မောင်ရင်မောင်၊ မမယ်မ”ထက် ၁၅ နှစ် လောက် စောပြီး ၁၈၈၉ ခုနှစ် ဇွန် လ ၁၉ ရက် ကြာသပတေးနေ့မှာ မော်လမြိုင်မြို့ဇာတိ၊ ရန်ကုန် သံဖြူတန်းရပ် နေ၊ မူဟမ္မက် အီဆွတ်၏သား၊ မူဟမ္မက် ရှံရှူဒင်၊ မြန်မာအခေါ် စာရေး မောင်ဘိုးခင်က ဟိန္ဒီ၊ ကလယ်ဘာသာ ဝတ္ထုတွေကို မူရင်းဘာသာကနေမြန်မာ ဘာသာနဲ့ ပြန်ဆိုရေးသားထားတဲ့ “ဟာတင်ကာယီ ဝတ္ထုတော်ကြီး”ကို ထုတ်ဝေ ခဲ့ပါတယ်။
ဒါ့အပြင် ‘မောင်ရင်မောင်၊ မမယ်မ”ထွက်တဲ့ ၁၉၀၄ ခုနှစ်မှာပဲ “မန္တလေး သား ဦးကာစင်”ရေးတဲ့ “ယူဇွတ်ဇို့လိုင်ခါ မင်းသား မင်းသမီး ဇာတ်ဝတ္ထုတော် ကြီး”ကိုလည်း ဇမ္ဗူ့မျက်မှန် ပုံနှိပ်တိုက်ပိုင်ရှင် မသက်တင်နဲ့ မဖုန်းခင်တို့က ထုတ်ဝေထားတာ ရှိခဲ့ဖူးပါတယ်။ အဲဒါတွေထက် ထင်ရှားတာကတော့ ၂၀၀၂ ခုနှစ် ဇွန်လမှာ ခင်ချိုထွန်း စာပေက တတိယအကြိမ် ထုတ်ဝေထားတဲ့ “တထောင့်တည ပြောရသော ပသီပုံပြင်ဝတ္ထုကြီး”ပါပဲ။ ဆရာကြီး သခင်ဘသောင်းရော၊ ဆရာကျော်လှိုင်ဦး (မင်းကျော်) ရော အဲဒီ့ တထောင့်တည ပုံပြင်တွေကို ဘာသာပြန် ထုတ်ဝေခဲ့ဖူး ပါတယ်။ ဒါပေသည့် ၂၀၀၂ ခုနှစ်မှာ တတိယအကြိမ် ထုတ်ဝေခဲ့တဲ့ မူလ ပသီပုံပြင်တွေကိုတော့ ဗိလတ်ပြန် ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရှိတ်(ခ်) အဗ္ဗဒူရာမန် (မြန်မာနာမည် ဦးဖိုးသာဇံ)က ၁၉၀၉ ခုနှစ်မှာ ရေးသားထုတ်ဝေ ခဲ့တာပါ။ သူ့ရဲ့ မြန်မာစာ အရေးအသားကလည်း အံ့မခန်း ကောင်းမွန်လှတာကို
ကိုယ်တိုင် ရှာဖွေဖတ်ရှုကြည့်ကြရင် တွေ့နိုင်ကြပါလိမ့်မယ်။ အဲဒီ့ ဆရာဝန်ကြီး က ပေါက်ဖွားသူကတော့ ဆရာကြီး “ဒဂုဏ်ပ ဦးဘတင်” (သူ့မူရင်း သတ်ပုံ အတိုင်း) ဖြစ်ပါတယ်။ (“ပသီ”ဆိုတာ မြန်မာမူစလင်တွေကို ခေါ်တဲ့ ဝေါဟာ ရပါ။)

တချို့လူတွေများ အတော်ခက်

အဲတော့ကာ မြန်မာနိုင်ငံမှာ ကုလားပေါင်းစုံ ရောက်ရှိနေတာ အခုကာလ မတိုင်မီ ဟိုးအတီတေက တည်းကဆိုတာ ထင်ရှားနေပါပြီ။ ခက်တာက ဗြိတိန်လို နိုင်ငံမျိုးမှာတောင် အဖြစ်မရှိတဲ့ ဗြိတိန်နိုင်ငံသား လူနည်းစုတချို့က သူတို့ထက် ပိုပြီး အောင်မြင်ထွန်းပေါက်နေတဲ့ တခြားနိုင်ငံသား၊ သူတို့နဲ့ အသားအရောင် မတူသူ အာရှသားတွေ၊ ကုလားတွေကို နင်တို့ တိုင်းပြည် နင်တို့ပြန်ဆိုပြီး မတူမတန်သလို ဆက်ဆံချင် တတ်တာမျိုး ယနေ့ ထက်တိုင် ရှိနေသေးတာပဲ ဖြစ်ပါတယ်။ ခက်တာက သူတို့ ပြန်ခိုင်းနေတဲ့သူတွေက သူတို့နိုင်ငံမှာပဲ မွေး၊ သူတို့ မြေပေါ်မှာပဲနေ၊ သူတို့ ရေကိုပဲ သောက်ထားတဲ့ သူတို့နိုင်ငံသားစစ်စစ်တွေ ဖြစ်နေတာပါပဲ။ မြန်မာတစ်ယောက်နဲ့ ကချင်တစ်ယောက်သော်လည်းကောင်း၊ ရှမ်း တစ်ယောက်နဲ့ ကယားတစ်ယောက်သော်လည်းကောင်း အကြောင်းဆက် ပေါင်းဖက်ဖြစ်တာ မဆန်းပါဘူး။ အလားတူပဲ၊ မြန်မာနိုင်ငံအတွင်း “မှီတင်း” နေကြသူချင်းမို့ ပန်ချာပီနဲ့၊ ဟိန္ဒူနဲ့၊ ခရစ်ယာန်နဲ့၊ ဂေါ်ရခါးနဲ့ ညားကုန်ကြတဲ့ ကျား မတွေလည်း ခေတ်အဆက်ဆက်မှာ မနည်းပါဘူး။

ဗဟုယဉ်ကျေးမှုဝါဒ ထွန်းကားပါစေသတည်း

Multiculturalism “ဗဟုယဉ်ကျေး မှုဝါဒ”ဆိုတာ လူ့ဘောင်တစ်ခု၊ နိုင်ငံတစ်နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ လူမှန်သမျှအပေါ် တလေးတစားနဲ့ တန်းတူနေရာပေး ဆက်ဆံရေး အယူအဆပါ။ အထူးသဖြင့် ကမ္ဘာကြီး ကျဉ်းသထက် ကျဉ်းလာနေတဲ့ သည်လို ခေတ်ကြီး မှာ အမြင်ကျဉ်းကျဉ်းနဲ့ မျိုးမတူ ဇာတ်ခြားသူတွေကို ရမယ်ရှာမနေတော့ဘဲ တော်တဲ့သူကို တော်တဲ့သူအလျောက်၊ တတ်တဲ့သူကို တတ်တဲ့သူ အလျောက်၊ နေရာပေးသွားမယ်ဆိုရင် လူ့ဘောင်တွေ ထွန်းကားတိုးတက်လာစမြဲဆိုတာ နိုင်ငံအများအပြားမှာ တွေ့ရနိုင်ပါတယ်။ အမေရိကန်နိုင်ငံက လူမည်း သမ္မတ က အထင်ရှားဆုံး နမူနာပါပဲ။ သူ့လောက် ရာထူးမကြီးပေမယ့် ရာထူးအသီးသီး မှာ တာဝန်ယူပေးနေကြလို့ အောင်မြင်နေတဲ့ တခြားနိုင်ငံတွေအပြင် တစ်ချိန်က အာရှမှာ အတိုးတက်ဆုံးအဖြစ် အောင်မြင်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံမှာလည်း အဲလို နေရာပေးခဲ့တာတွေ အထင်အရှားရှိပါတယ်။ ကျွန်တော့် ကုလားရာဇဝင်ကို ချုပ်ရရင်တော့ ကုလားဆိုတာ မူစလင် တစ်မျိုးတည်းကို ခေါ်တာ မဟုတ်ဘူးဆိုတဲ့ အချက်ကလေးကို သတိမမေ့ကြ စေချင်တာပါပဲ။ တစ်ဆက်တည်းမှာ လူဦးရေ ပေါက်ကွဲမှုကြောင့် သည်ဘက်ကို လျှံထွက် လာတာဖြစ်သလို အုပ်ချုပ်ရေးပိုင်းရဲ့ အားနည်းမှုတွေ၊ လစ်ဟာမှုတွေကြောင့် နယ်ကျော်လာတဲ့ ဘင်္ဂါလီတွေကို ကာကွယ်ပေးဖို့ သည်စာကို ရေးလိုက်တာ မဟုတ်ကြောင်းကိုလည်း မပြောရဲ ပြောရဲနဲ့ ဇွတ်မှိတ်ပြောလိုက်ရပြန်ပါပြီ။ အားလုံးအတွက် တွေးဆဆင်ခြင်စရာ တစုံတရာ ရသွားတန်ကောင်းရဲ့လို့လည်း မျှော်လင့်နေမိကြောင်းပါခင်ဗျား။
…….
…….
( )*** သည် ဆရာဆူဒိုနင်၏မူရင်းတွင်မပါရှိပဲ ဤ Post တင်သူမှ ဖြည့်စွက်ထားခြင်းသာဖြစ်ပါသည်။

Advertisements

3 thoughts on “ကုလားရာဇဝင် (ဆူဒိုနင်)

  1. Naing Soe added 6 new photos.
    14 hrs ·
    “မပြည့်စုံတဲ့ စစ်အစိုးရရဲ့ မျက်ဖြေလင်္ကာ”
    ———————————————-
    ရွာက ‘ပြန်ကြားရေး ဝန်ကြီးဋ္ဌာန (Ministry of
    Information / MOI) စာမျက်နှာမှာ ရေးသား
    ဖော်ပြထားသော ဆရာ ‘ဆူဒိုနင်’ ၏ ကျိုးကြောင်း
    ဆက်စပ်အားကောင်းကောင်းနှင့် အမြင်မကျဉ်း
    မြောင်းအောင် အဖက်ဖက်က ပြည့်စုံစွာ ရေးသား
    ဖော်ပြထားသော ‘ပြောလည်းပြောချင်တယ်၊ ပြော
    လည်းမပြောရဲဘူး’ ဆောင်းပါးကို ပြန်လည်မျှဝေ
    ပါရစေ။
    အံ့ဩစရာ ကောင်းတဲ့အချက်က ဒီဆောင်းပါးကို
    ဒီကနေ့ထုတ် ‘ကြေးမုံ သတင်းစာ’ မှာ ဖော်ပြထား
    သလို ‘ပြန်ကြားရေး ဝန်ကြီးဋ္ဌာန’ ၏ FB လူမှုကွန်
    ယက်မှာလည်း ဖော်ပြထားတာ တွေ့ရှိရပါတယ်။
    သဘောပေါက်မိတာတော့ လူများစုကို မပြောပါနဲ့
    စစ်အစိုးရကိုယ်တိုင် ‘ကုလားရာဇဝင်’ နှင့် တိုင်းပြည်
    အတွက် စွမ်းစွမ်းတမံ အကျိုးပြုခဲ့ကြသော မြန်မာ
    နိုင်ငံသား စစ်စစ်တွေကို ကိုးကွယ်သည့် ဘာသာ
    လေး ခြားနားမှုကို အခွင့်ကောင်းယူပြီး သုံးစားမရ
    တဲ့ ‘လူမျိုးကြီးဝါဒ’ စိတ်ဓာတ် ဇွတ်အတင်း ဇတ်သွင်း
    ၍ ငါနဲ့မတူ ငါ့ရန်သူဟု သေးသိမ် အောက်တန်းကျ
    သော စိတ်ရင်းနဲ့ အမှန်ကို အမှားဖြစ်အောင် ကလိမ်
    စေ့ ငြမ်းဆင်ပြီး နည်းမျိုးစုံနဲ့ ဖိနှိပ်ထားမှုက နှစ်များ
    စွာ ကြာနေပြီမို့ ဒင်းတို့ ကိုယ်တိုင်လည်း ထိုသူများ
    ၏ ရာဇဝင်ကို သေချာ သိဟန်မတူပါ။
    အပြစ်ကလည်း ပြောလို့မဖြစ်။
    ‘သုံးယောက်ပေါင်းမှ ခွန်နှစ်တန်း’ ဆိုတာ ၁၉၆၂
    ခုနှစ် ကတည်းက ပေါ်ပေါက်နေတာဖြစ်တော့
    မခက်ပေဘူးလား။
    အခုမှ သူတို့ကိုယ်၌ သိလို့လား၊ သို့တည်းမဟုတ်
    သူတို့ သဘောပေါက်မိလို့ အများသိအောင် ဖတ်
    စေချင်တာလား၊ ဒါမှမဟုတ် အမြင်မှန်ပဲ ရတာလား၊
    ဆင်းခါနီး ပျားရည်နဲ့ ဝမ်းချသွားတာလား ဆိုတာ
    တော့ သူတို့သာလျှင် သိပေလိမ့်မည်။
    ‘ကုလား’ အကြောင်း အမှန်ပြောသူများ ရွာပြင်ထုတ်
    ခံနေရတဲ့အချိန်မှာ ရဲရဲဝံ့ဝံ့ ဖော်ထုတ်သွားသူ ဆရာ
    ထင်လင်းဦး တယောက်တော့ ‘လွတ်ငြိမ်း ချမ်းသာခွင့်’
    ခေါင်းစဉ်အောက်မှာ မပါရှာသေးတာကိုလည်း အခု
    တလော သတိထားမိပါတယ်။
    ဘာသာဝင်ကောင်း စစ်စစ်တွေမို့ အငြှိုး အတေး
    အာဃာတ ကြီးနေကြတယ် ထင်ပါတယ်။
    Multiculturalism (သို့မဟုတ်) ယဉ်ကျေးမှု မျိုးစုံစနစ်၊
    ဒါမှမဟုတ် ဆရာ ဆူဒိုနင် ပြောသလို ‘ဗဟုယဉ်ကျေးမှု
    ဝါဒ’ ဆိုတဲ့ နိုင်ငံကြီးသား ပီသမှုကို ရွာမှာ ကျင့်သားကျ
    ဖို့ရာ နှစ်ထောင်ချီ လိုဦးမှာ သေချာတယ်။
    ဆရာ ဆူဒိုနင် ဆောင်းပါး လင့်ခ်က ဒီမှာပါ။

    Andrew Soe
    ၂၃ ဇန္နဝါရီ ၂၀၁၆။

    Like

  2. Aung Tin added 2 new photos.
    13 hrs ·
    ကြည့်ရဲ၊ ကြားရဲ၊ ပြောရဲစေ
    လက်ရှိ မြန်မာဆယ်လီတွေထဲက ပထမဆုံး အမှန်တရားကို ရှာလို၊ မြင်လို၊ ရှာရဲ၊ မြင်ရဲတဲ့ ကိုအတ္တကျော်ရဲ့ ဆောင်းပါးတွေလို့တောင် ခေါ်ချင်ပါတယ်။ (ကြိုက်လို့ အတိသယဝုတ္တိအလင်္ကာ သုံးလိုက်ပါတယ်။)
    ကိုအတ္တကျော်ရဲ့ ဆွေးနွေးချက်တွေဟာ ဗုဒ္ဓဘာသာ မြန်မာသမိုင်းဆရာကြီးများ ရေးသားထားတဲ့ ခိုင်မာသော သမိုင်းအချက်အလက်အားဖြင့် လိုအပ်ချက်တွေ အများရှိနေသေးပေမယ့်၊ ဒါကို သူကိုယ်တိုင်ကလည်း ဝန်ခံထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    အချက်အလက်အကြောင်း ပြောကြရအောင်။ Truth is Bitter အမှန်တရားသည် ခါးသည်း၏။
    မြန်မာပြည်မှာ ကုလားမရှိရင် သာသနာမရှိ၊ စေတီပုထိုး မရှိ၊ ယဉ်ကျေးမှု မရှိ၊ ကကြီးခခွေး မရှိ၊ စာပေ မရှိ၊ အနုသုခုမ မရှိ၊ ပန်းဆယ်မျိုး မရှိ၊ ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ သင်္ချာကျမ်း၊ လောကနီတိ၊ ရာဇနီတိ မရှိ၊ လုံချည် မရှိ။ ဗမာဆိုသောအမည် မရှိ။ မြန်မာ(ဗမာ)လူမျိုးပင် မရှိ။
    မြန်မာ့သမိုင်းမှန်သမျှ တိုင်းပြည်ကာကွယ်ရေး၊ တည်ဆောက်ရေး၊ လွတ်လပ်ရေး၊ တပ်မတော်တည်ဆောက်ရေး၊ ကျောင်းသား(ခွပ်ဒေါင်း)သမိုင်း၊ စာပေ၊ အက၊ သီချင်း၊ ဂီတ၊ ပန်းချီ၊ ကာတွန်း၊ အားကစား၊ ပဠိတက္ကသိုလ်တည်ဆောက်ရေး၊ ပါဠိစာပေတင်မက မြန်မာပြည်မှာ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွား စည်ပင်ရေးအတွက်ပါ မွတ်စလင်တွေ မပါဘဲ၊ မွတ်စလင်ကို ချန်ထားပြီး ရေးနိုင်သော မြန်မာ့သမိုင်းဟူသည် လောကတွင် လုံးဝ မရှိ။ ဂနာဟိ မှတ်လော့။
    မြန်မာ့သမိုင်းမှာ လာမည့် ၂၀၁၅လွှတ်တော်ကလွဲရင် ရိုဟင်ဂျာ မဲမပေးရသော လွှတ်တော်မရှိ၊ ရိုဟင်ဂျာအမတ် မရှိသော လွှတ်တော်ဟူ၍ မရှိ၊ ဒီရိုဟင်ဂျာတွေဘဲ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တယ်။ စစ်တွေ အမျိုးသားပညာရေး ကျောင်းအုပ်ဖြစ်ခဲ့တယ်။ ၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော်မှာ လွတ်လပ်ရေးရယူတဲ့ ဖွဲ့စည်းပုံ ဝင်ရေးတဲ့ အမတ်တွေဖြစ်ခဲ့တယ်။ ဝန်ကြီးတွေလုပ်ခဲ့တယ်။ မြန်မာ့စွယ်စုံကျမ်း၊ ကျောင်းသုံးစာအုပ်၊ အစိုးရပြန်တမ်းတွေတင်မက လက်ရှိ အဝေးသင်တက္ကသိုလ် ပထဝီဌာနကသင်တဲ့ ပထမနှစ်သမိုင်းမှာကို ရိုဟင်ဂျာကို တိုင်းရင်းသားလို့ ရေးထားတယ်။ မြန်မာ့အသံ တိုင်းရင်းသားအစီအစဉ်က ရိုဟင်ဂျာဘာသာကို လွှင်ပေးခဲ့တယ်။ မြန်မာ့သမိုင်းမှာ လက်နက်နဲ့ ငြိမ်းချမ်းရေးကို ပထမဆုံးလဲတဲ့ တိုင်းရင်းသားဟာ ရိုဟင်ဂျာဖြစ်တယ်ဆိုတာကို လူတွေ မသိကြဘူး။ မသိချင်ကြဘူး။ မသိရဲကြဘူး။
    သဘောတူတာ မတူတာ၊ လက်ခံတာ လက်မခံတာ၊ အထောက်အထားတွေက မှန်တာ၊ မှားတာက နောက်အဆင့်ပါ။
    ဗုဒ္ဓက ငါဘုရားဟောတာတောင် မယုံနဲ့တဲ့။ ဆန်းစစ်ပြီး ယုံသင့်မှ ယုံတဲ့ (ကာလာမသုတ်)။ စကားက ကုန်နေပြီ။ ဘာဖြစ်လို့ ဗုဒ္ဓဘာသာ မြန်မာတွေ၊ ဗုဒ္ဓဘာသာ ရခိုင်တွေက အချက်အလက်တွေကို မဆန်းစစ်ရဲကြတာလဲ။ မကြည့်ရဲ၊ မကြားရဲ၊ မပြောရဲ ဖြစ်နေကြတာလဲ။
    မွတ်စလင်၊ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရနှစ်ခုကို ဘာကြောင့် ဒီလောက်တောင် သွေးပျက် တုန်လှုပ် ကြောက်လန့်နေရတာလဲ။
    ဒီဝေါဟာရနှစ်ခုနဲ့ ပတ်သက်ရင် အချက်အလက်လေးကိုတောင် မကြားရဲ၊ မကြည့်ရဲ၊ မပြောရဲတဲ့ ရွှေမြန်မာနဲ့ ရွှေရခိုင်တွေ အသိတရားရကြပါစေ၊ သတ္တိရှိကြပါစေ၊ စစ်မှန်သော ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါစေဗျာ။

    Like

  3. Sayar Atta Kyaw
    January 23 at 12:21pm ·
    ကုလားရာဇ၀င် ရှင်းတမ်း
    ================
    ပြန်ကြားရေးစာမျက်နှာမှာ တင်ထားတဲ့ ကျွန်တော့် ကုလားရာဇ၀င်အောက်မှာ တစ်ယောက်က လာပြီး မှတ်ချက်ရေးကာ မေးခွန်းထုတ်ထားပါတယ်။ ကျွန်တော် ပြန်ဖြေထားပါတယ်။
    အဲဒါလေးကို ပြန်ဖော်ပြလိုက်ပါတယ်။ ကျွန်တော့် ရပ်တည်ချက်ကိုပါ။
    Htay Lin ဆူဒိုနင် ကုလားရာဇဝင် ရေးပြတဲ့ အဓိပ္ပါယ်က ဘာလဲ။ ရည်ရွယ်ချက်ကရေ
    ဘာလဲ။ ဦးရဲထွဋ်ရဲ့ သဘောထားကရော ဘာလဲ။ ကမ္ဘာ့ ဗုဒ္ဓဘာသာငြိမ်းချမ်းရေး
    ညီလာခံနဲ့ အချိန်ကိုက်ဖေါ်ပြလိုက်တဲ့ ဆောင်းပါးရဲ့ရည်ရွယ်ချက်က ပြည်သူ လူထုကို ဘယ်လိုအတွေးအခေါ်မျိုးဝင်စေချင်တာလဲ။
    Like · Reply · 3 · about an hour ago · Edited
    Ko Ko Mg မြန်မာစာမဖတ်တတ်ဘူးနဲ့တူတယ်။
    Like · Reply · 1 · about an hour ago
    Naf Myitar မဟုတ်မမှန် နည်းမျိုးစုံဝါဒဖြန့်ပြီး အမြင်မှားတွေ ရိုက်သွင်းပြီး အမုန်းတရားပွားကာ ပြသနာ ဖန်တီးနေခြင်းကို ရပ်တန့်စေချင်တဲ့ဆန္ဒနဲ့ ရေးတာဖြစ်မှာပါ။
    Like · Reply · 1 · 39 minutes ago
    Htay Lin သိပ်တတ်တာပေါ့ဗျာ။ ဒီလိုမျိုးအတွေးအခေါ်တွေကို အရင်ကတည်းက ရှိခဲ့ရင် မဘသ ဆိုတာတောင် မပေါ်ပေါက်ခဲ့ဘူး။ ဒီလူမျိုးရေးတွေကြောင့် မိထ္တီလာမှာ လူတွေမသေခဲ့ဘူးပေါ့။ မဖြစ်သင့်တာတွေ ဖြစ်ခဲ့လို့ ။ အခုမှ ရွှေပြည်အေး ဆောင်းပါးတွေ ဖေါ်ပြနေလို့ မေးနေတာဗျ။
    Htay Lin Naf Myitar က အပြုသဘောဆောင်ပါတယ်။ ကျေးဇူးပါ။
    Like · Reply · 37 minutes ago
    Atta Kyaw
    ————–
    Saya U Htay Lin ခင်ဗျား
    ဆူဒိုနင်နဲ့ အစိုးရကို ခွဲမြင်စေချင်ပါတယ် ခင်ဗျား။
    ဆူဒိုနင်ဟာ အစိုးရ ဘက်တော်သား၊ အစိုးရ အလိုတော်ရိ မဟုတ်ပါဘူး။ သာမန် စာရေးသူတစ်ဦးသာ ဖြစ်ပါတယ်။
    ကံအားလျော်စွာ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ ကြေးမုံမှာ ရေးခွင့်ရတယ်။ ရေးချင်တာ လွတ်လွတ်လပ်လပ် ရေးခွင့် ရှိတယ်လို့ ဆိုတယ်။ ဒါနဲ့ ကြေးမုံမှာ အပတ်စဉ်ရေးနေပါတယ်။
    ရေးတဲ့အခါ ပြောသင့်တယ်လို့ ယုံကြည်တာကို အတတ်နိုင်ဆုံး ပြေပြေပြစ်ပြစ် ပြောနိုင်အောင် အားထုတ်ပါတယ်။ ဆရာ ပြောတဲ့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့တဲ့အတွက်လည်း ရင်နာပါတယ်။ ရင်နာတဲ့စိတ်နဲ့ သည်စာကို ရေးခဲ့ပါတယ်။
    ပြန်ကြားရေးရဲ့ သတင်းစာမှာ ဖော်ပြထားလို့ ပြန်ကြားရေးရဲ့ Facebook Page နဲ့ ပြန်ကြားရေး ၀န်ကြီးရဲ့ စာမျက်နှာတို့မှာ လက်ဆင့်ကမ်းထားတာ ဖြစ်ပါလိမ့်မယ်။
    လတ်တလော သည်ဆောင်းပါးကို အဲလို လက်ဆင့်ကမ်းထားသူ ၄၀၀ ကျော် ရှိပါတယ်။ အဲဒီ့လို လက်ဆင့်ကမ်းသူတိုင်းဟာ သည်ဆောင်းပါးကို သဘောတူလို့ မဟုတ်ဘူးဆိုတာ သူတို့ရဲ့ အချီးနိဒါန်းတွေ ဖတ်ရင် မြင်သာပါတယ်ခင်ဗျ။ ဆိုလိုတာက စာတစ်ပုဒ်ကို လက်ဆင့်ကမ်းလေတိုင်း အဲဒီ့စာကို သဘောတူတာ ဟုတ်ချင်မှ ဟုတ်မယ် ဆိုတာပါပဲ။
    သူတို့ ဘာလို့ လက်ဆင့်ကမ်းတယ်ဆိုတာ သူတို့ပဲ သိကြပါလိမ့်မယ်။ ကျွန်တော်ကတော့ ပြောသင့်တယ်လို့ ယုံကြည်တဲ့ အကြောင်းအရာကို ရေးပါတယ်။ လူအများကြားမှာ ချပြပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင် ဆင်ခြင်ဉာဏ်တွေ ရှိကြပါတယ်။ ယူသင့်တယ်လို့ ယူဆရင် ယူကြပါလိမ့်မယ်၊ ပယ်သင့်တယ်လို့ ယူဆရင် ပယ်ကြပါလိမ့်မယ်။
    ပြောသင့်တယ်လို့ ယုံကြည်တာလေးကို ပြောဖို့ကသာ စာရေးသူတစ်ယောက်ရဲ့ အလုပ်လို့ ခံယူထားပါတယ်ခင်ဗျား။
    လေးစားစွာ
    ဆူဒိုနင်

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s