Our old Mandalay

ဆူးငှက် (Sue Hnget)

M5

 

Tin Mg Win

တစ်ချိန်တစ်ခါကမန္တလေးဈေးချို

M5

M2
 အေလမ်း နှင့် လှုပ်တယ် ၊ ပူတယ်….
မန္တလေးက အေလမ်းအကြောင်း ပြန်ပြောင်းပြောတော့ မြင်ကွင်းတွေထဲမှာ မှတ်မှတ်ရရသိသိသာသာကြီး ပြောင်းလဲသွားတာက အေလမ်း အနောက်ခြမ်းပဲဖြစ် သည်။ ယခင်က အေလမ်းအနောက်ခြမ်း လမ်း ၈၀ မှ ဂေါ်ဝိန်အထိ အေလမ်း၏မြောက်ဘက်ခြမ်းတွင် မီးရထားလမ်းတစ်လမ်းရှိသည်။ ဘူတာကြီးမှ ဂေါ်ဝိန်ဆိပ်ကမ်းသို့ ဆက်သွယ်ထားသည့် မီးရထားလမ်းဖြစ်သည်။ ထို့ကြောင့် ထိုစဉ်ကအေလမ်းကို မန်္တလေးသားတွေက သံလမ်းဟုလည်းခေါ်ဆိုကြသည်။

ဂေါ်ဝိန်ဆိပ်တွင် ရေနံသိုလှောင်ကန်များလည်းရှိသဖြင့် အထက်မြန်မာပြည်အတွက် ဆီတင်မီးရထားတွဲတွေ ဂေါ်ဝိန်ရေနံလှောင်ကန်တွေမှာ ဆီတင်ကြသည်။ အလားတူ ဂေါ်ဝိန်၊ ထင်းဝင်း၊ ပိုက်ကျုံး၊ မရမ်းခြံစသည့် ကမ်းနားတစ်လျှောက်တွင်လည်း သစ်စက်ကြီးများရှိသဖြင့် သစ်လုံး၊ သစ်ခွဲသားများကို သစ်တင်မီးရထားတွဲများဖြင့်လည်း တင်ဆောင်ကြသည်။ ထို့ကြောင့် ဘူတာကြီးနှင့်ဂေါ်ဝိန်ကို ဆက်သွယ်ထားသော မီးရထားလမ်းမှာ ထိုစဉ်ကအထက်မြန် မာပြည် ကုန်စည်ပို့ဆောင်ရေးတွင်အရေးပါခဲ့သည်။ ဂေါ်ဝိန်ဆိပ်က ဆီတင်တွဲများ၊ သစ်တင်တွဲများ၊ အခြားကုန်တင်တွဲများကို ဘူတာကြီးနှင့် အသွားအပြန် ပို့ဆောင်ပေးသော ကုန်ရထားများကိုအေလမ်းတစ်လျှောက် အနည်းဆုံးတစ်နေ့နှစ်ကြိမ်လောက်တွေ့ရသည်။

M1

ထိုစဉ်က မီးရထားအများစု၏ စက်ခေါင်းများမှာရေနွေးငွေ့အားသုံး အင်ဂျင်စက်ခေါင်းကြီးများဖြစ်သည်။ ကုန်တင်တွဲကြီးများဆွဲလာသော ရေနွေးငွေ့အားသုံးစက်ခေါင်းကြီးများ၏ ဥသြသံများကို အေလမ်းပေါ်တွင် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်အမြဲကြားရသည်။ အဆိုပါမီးရထားလမ်း သည်လည်း ထိုစဉ်က အသွားအလာများသည့် ၈၄ ကို ဖြတ်သန်းရသော်လည်း တစ်စုံတစ်ရာကြီးကြီးမားမား မတော်တဆထိခိုက်မှုမျိုးမရှိခဲ့ပေ။ ကုန်ရထားသည် လမ်းမကြီးများကို ဖြတ်သန်းသည့်အခါတိုင်း ဥသြသံတွင်တွင်ပေးကာ လမ်းကိုဖြည်းဖြည်းချင်းတိုးဝင်ဖြတ်သန်းသည်။ ၁၉၉၀ ကျော်ဝန်းကျင် ကာလ အေလမ်းပေါ်ရှိမီးရထားလမ်းကို ကမ်းနားလမ်းအတိုင်း မြောက်သို့ ၂၆ ဘီလမ်း ထိုမှတစ်ဆင့် ဘီလမ်း၏အလယ်လမ်းအူကြောင်းအတိုင်း အရှေ့ရွှေတချောင်းမြောင်းအထိထိုမှတစ်ဆင့် ရွှေတချောင်းမြောင်းဘောင်အတိုင်း ၁၂ လမ်း ကြံခင်းတံတားထိ ထိုမှတစ်ဆင့် ဗျစ်စက်ရုံအနောက်ဘက်မှ ပတ်၍ အိုးဘိုဘူတာအထိ ဆက်သွယ်သော အနောက်မြို့ပတ်ရထားလမ်းတစ်လမ်း ဖောက်လုပ်ခဲ့ဖူးသည်။ ထိုလမ်းပေါ်တွင် ကားရထားများ ပြေးဆွဲခဲ့ဖူးရာ အသွားအလာများသော ဘီ လမ်းပေါ်၌ ကားရထားနှင့် စက်ဘီး၊ ကားရထားနှင့် မြင်းလှည်း၊ ကားရထားနှင့် ဘတ်စ်ကားများ အကြိမ်ကြိမ်တိုက်မိကြပြီး အသက်ဆုံးရှုံးနစ်နာမှုများ မကြာခဏဖြစ်ပွားမှုကြောင့် အဆိုပါရထားလမ်းကို ဖျက်သိမ်းလိုက်တော့သည်။

M3

အေလမ်းပေါ်တွင် ဘူတာကြီးနောက်ခြမ်း၌ စိန့်ဂျိုးဇက် ကက်သလစ်ခရစ်ယာန်ဘုရားရှိခိုးကျောင်းရှိသည်။ ၁၉၁၉ ခုနှစ်က ပြင်သစ်ဘုန်းတော်ကြီး ဖားသားဂျိုးဇတ်လဖုန်းက စတင်တည်ဆောက်ခဲ့သည်ဟု မှတ်သားရပါသည်။ ထိုစဉ်က မြန်မာလူငယ်နှစ်ဦးကို ပြင်သစ်နိုင်ငံသို့ လေးနှစ်ကြာပန်းပုပညာ သင်စေပြီး မန်္တလေးတွင် ထိုဘုရားကျောင်းကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၃၃ ခုနှစ်မှာ ပြီးစီးခဲ့သည်ဟုလည်းသိရသည်။ ဘုရားကျောင်းတွင် အလွန်လက်ရာမြောက်သော ပန်းပုရုပ်လုံးများယခုထက်တိုင် အထင်အရှားတွေ့ရှိရသည်။ ပြင်သစ်ဘုန်းတော်ကြီး ဖားသားဂျိုးဇက်လဖုန်းသည် ၁၉၃၉ ခုနှစ်မှစတင်၍ အတန်းပညာရေးနှင့် စက်ချုပ်ပညာ၊ ဖိနပ်ချုပ်ပညာ၊ လက်သမားပညာများ ပူးတွဲသင်ကြားပေးသည့် စာသင်ကျောင်းကိုလည်း ထူထောင်ခဲ့သည်။ အဆိုပါကျောင်းသည် ၁၉၆၅ ခုနှစ်ရောက်မှ အစိုးရ၏ပညာရေးစနစ်အရ အမှတ် ၁၄ အစိုးရအထက်တန်းကျောင်းအဖြစ် အသွင်ပြောင်းခဲ့ခြင်း ဖြစ်၏။ မန်္တလေးက အစဉ်အဆက်ထိုကျောင်းကို ဖားသားလဖုန်းကျောင်းဟု ခေါ်ခဲ့ကြသည်။

ယခုအခါ မူလဖားသားလဖုန်းကျောင်းနေရာတွင် အမှတ် ၁၄ အထက မရှိတော့ဘဲ မြောက်ဘက်သို့ပြောင်းရွှေ့သွားပြီး မူလနေရာတွင် အဆင့်မြင့်ပညာဦးစီးဌာန၏ ရုံးအဆောက်အဦးများဖွင့်လှစ်ထားသည်။ ၁၉၇၀ ကျော်ဝန်းကျင်ကာလ မန်္တလေး ၀ိဇ်္ဇာနှင့် သိပ်္ပံခေတ်တွင် ဖားသားလဖုန်းကျောင်းဝန်းအတွင်းရှိ ယခု ရာစုသစ်လူ့စွမ်းအားအရင်းအမြစ် အဆောက်အဦးသည် နန်းကေသီအမျိုးသမီး အဆောင်အဖြစ်နယ်မှလာသော တက်္ကသိုလ်ကျောင်းသူများကို ထားရှိသည်။ ထို့အတူ ထိုအဆောင်နှင့် အရှေ့ဘက်ဓားလွယ်ခုတ်၌ တည်ရှိသော ယခုရှေးဟောင်းမြန်မာစာသုတေသန အဆောက်အဦးကိုလည်း ကဉ်္စန အမျိုးသမီးအဆောင်အဖြစ် နယ်ကျောင်းသူများထားခဲ့သည်။ နံနက် ကျောင်းတတ်ချိန် ရောက်တိုင်း ရိမ်းဂျားဟီးနိုးကားဖြင့် ကျောင်းသူများကို တက်္ကသိုလ်သို့ အေလမ်းတစ်လျှောက် နေ့စဉ်ကြိုပို့ပေးခဲ့သည်။ အေလမ်းအနောက် ခြမ်းတွင် ယခင်က မြန်မာများသာအများစုနေထိုင်ခဲ့ကြသည်။ဖားသားလဖုန်းကျောင်း၏ ၈၁လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြားကို စာတိုက်တန်းဟု ခေါ်သည်။ မန်္တလေးမြို့မှ ထင်ရှားကျော်ကြားသောမြန်မာဗိသုကာနှင့် ပန်းပုပညာရှင် ဆရာဆိုင်မှာ စာတိုက်တန်းသား ဖြစ်သည်။

စာတိုက်တန်း၏ တောင်ဘက်တွင် ပန်းချီဝင်းဟုလည်းရှိသည်။ယခင်က အေလမ်းတစ်လျှောက် လမ်း၈၀မှ ၈၅လမ်းအထိ သံလမ်းဘေးတွင် မီးရထားဝန်ထမ်းအိမ်ရာများရှိသည်။အေလမ်းဘက်ကို မီရထားလမ်းသာခြားပြီး မျက်နှာ ပြုထားသည့်နေရာများမို့ မီးရထားဝန်ထမ်းများက ဆိုင်ခန်းများအား အငှားချထား ပေးခဲ့သည်။ အများစုမှာ ဆေးဆိုးပန်းရိုက် လုပ်ငန်းများဖြစ်သည်။ထိုအိမ် ခန်းများတွင် ပန်းချီ၊ပန်းပု အရောင်းပြခန်းများလည်း ဖွင့်လှစ်ထားရှိသည်။ ၁၉၉၀ကျော်တော့ ထိုအိမ်ခန်းများဖျက်သိမ်းပြီး ယခုမြင်တွေ့ရသည့် တိုက်ခန်း အိမ်ရာများဖြစ်သွားသည်။အေလမ်းနှင့် ၈၃လမ်းထောင့်တွင် လမ်းအနောက်ဖက်ခြမ်း၌ မန်ကျည်းပင်ကြီး တစ်ပင်ရှိခဲ့သေးသည်။ ၁၉၇၀ကျော်ကာလ အလွန်တရာ ပူပြင်းသော နွေအချိန်တွင် အနည်းငယ်သက်သာရာရသည့် ညချမ်းအချိန်၌ အလွန်များပြားလှသော လူအုပ်ကြီးတစ်အုပ်က မန်ကျည်းပင်ကြီးကိုမော့ကြည့် ပြီး ဟော လှုပ်တယ်…လှုပ်တယ်ဟု အော်ဟစ်ပြောဆိုကာ လက်နှိပ်ဓာတ်မီးများထိုး၍ မန်ကျည်းကိုင်းတစ်ကိုင်းအားစူးစုးစိုက်စိုက် ကြည့်ကြရင်း ဆူညံပွတ် လျက်ရှိသည်။အေလမ်းတစ်ဖက်မှာရှိသော စံတော်သစ် လက်ဖက်သုတ်ဆိုင် ကလည်း ရောင်းမလောက်။မလှမ်းမကမ်း ၈၃လမ်းပေါ်က ကြက်မင်းအသုတ်စုံ ဆိုင်မှာလည်း ထိုင်စရာနေရာ မရှိတော့။နွေခေါင်ခေါင် လေတစ်စက်မှမတိုက်ဘဲ ကိုယ်စီိကိုယ်စီ ယပ်တောင်နှင့် နေရသည့်ကာလတွင် လေမတိုက်ပါဘဲ မန်ကျည်းပင်ကိုင်းက ထူးထူးခြားခြား လှုပ်သည်ဟူသော သတင်းစကားကြောင့် နေ၀င်သည်နှင့် မြို့လုံးအနှံ့မှလူများ မန်ကျည်းပင်အောက် ရောက်လာကာ မန်ကျည်းကိုင်း ကို မော့ကြည့်ပြီး အသီးသီး လှုပ်တယ်…. လှုပ်တယ်… ဟူသောစကားသံများ ထွက်ကြခြင်းဖြစ်သည်။

မည်သို့ဆိုစေ မန်ကျည်းပင်အောက်ရောက်၍ မန်ကျည်းကိုင်း ကို မော့ကြည့်သည့် တစ်ခဏတော့ အပူဒဏ်ကိုမေ့သွားတာပေါ့။ သည်ရက်မတိုင်ခင် သင်္ကြန်ပြီးကာစကလည်း မန်္တလေးအိမ်တော်ရာ သင်္ကန်းတန်းက ချောချောလှလှ အပျိုကလေးတစ်ယောက် သင်္ကြန်လည်ပြီး အပျင်းဖျားကာ ရုတ်ချည်းသေဆုံးသွားသောအခါ မိတ်ကပ်များဖြင့် အကျအနပြင်ဆင်ထားသည့် ထိုအပျိုလေး၏ ရုပ်အလောင်းကို ပွဲတော်ကြီးတမျှ တကူးတကန့် သွားကြည့်သည့် အဖြစ်အပျက်လည်း ကြုံခဲ့ပါ၏။အသုဘချသည့်နေ့က ဆိုလျှင် မပြောပါနှင့်တော့ နာရေးမဏ္ဍာပ်ရှေ့မှာ ပရိသတ်တွေ ကြိတ်ကြိတ်တိုးနေလို့ အလောင်းကို မနည်းထုတ်ယူရသတဲ့။ရွာဟိုင်းသုဿာန်ရောက်တော့ မြေချသင်္ဂြိုဟ်ခါနီး အလောင်း ဖွင့်ကြည့်သောအခါ ဆံစနံဖူးထိပ်၌ ချွေးကလေးဆို့၍ နှုတ်ခမ်းတစ်ဖက်တွန့်သွားသည်ဟု မြင်တွေ့ကြသူများကြောင့် အသက်ရှိသေးတယ်ဟူသော တမုတ်ဟုတ်ချင်း ပျံ့နှံ့သွားကာ အသုဘရှိပရိသတ်က အသင်္ဂြိုဟ်မခံဘဲအနီးရှိ ဘုန်းကြီးတစ်ကျောင်းပေါ်သို့ အလောင်းကိုပို့ဆောင်လိုက်သည်။ မိသားစုအပါအ၀င် ဆရာဝန်များက အမှန်တကယ်သေဆုံးကြောင်း မည်သို့ပင်အတည်ပြုသောလည်း ပရိသတ်က လက်မခံခဲ့။တစ်နေ့နှင့် တစ်ညကျော်မျှ ထားရှိပြီး ရုပ်အနည်း ငယ်ပျက်လာမှ ညကြီးသန်းခေါင်လူရှင်းချိန် အမြန်သင်္ဂြိုဟ် လိုက်ရသည်။

တကယ်တော့ထိုစဉ်ထိုကာလ ဆန်ဈေးတွေတက်၊ အထွေထွေစားကုန်ဈေးတွေတက်၊ စားဝတ်နေရေးက အဆင်မပြေ၊ သည်ကြားထဲ ရာသီဥတုက မနေနိုင်လောက်အောင်ပူပြင်းလေသောအခါ အားလုံးမှာ ကောလဟာလများဖြင့် ထွက်ပေါက်ရှာကြသည့် သဘောဖြစ်သည်။အေလမ်းပေါ်က လေမတိုက်ဘဲလှုပ်သည့် မန်ကျည်းပင်ကိစ်္စ နောက်ဆက်တွဲ အဖြစ် ကြာလျှင် လူစုလူဝေးကြီးသထက်ကြီးလာပြီး မမျှော်လင့်နိုင်သည့်ကိစ်္စများ ဖြစ်လာနိုင်ဖွယ်ရှိသောကြောင့် တာဝန်ရှိသူများက အဆိုပါမန်ကျည်းပင်ကြီး၏ အကိုင်းအခတ်များကို ခုတ်ထွင်ရှင်းလင်းလိုက်သော အခါသစ်ပင်အောက်ရှိ စက်ဘီးပြင်ဆိုင်လေး နေရာပျောက်သွားသည်သာ အဖတ်တင်တော့သည်။

ဆူးငှက်

အဟောင်းနှင့် အစစ် ၊ အသစ်နှင့် အတု
၁၉၃၈ ခု ဒီဇင်ဘာ ၃၁ ရက် (၁၃၀၀ပြည့် ပြာသိုလဆန်း ၁၀) ရက်နေ့တွင် ရန်ကုန်တက်္ကသိုလ်နယ်မြေရှိ ကျောင်းသားသမဂ္ဂအဆောက်အဦး၏ ဗုဒ်္ဓသရဏံပန်းပွင့်နီရဲရဲ များကြားမှ ပြဋ္ဌာန်းခဲ့သော အမျိုးသားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ထောက်ခံသောအားဖြင့် ၁၉၃၉ ခုနှစ်ဆန်း ဖေဖော်ဝါရီ ၉ ရက် (၁၃၀၀ ပြည့် တပို့တွဲလပြည့်ကျော် ၆ ရက်) နေ့တွင် မန္တလေးမြို့ မဟာလောကရံသီ အိမ်တော်ရာစေတီတော် ပရိဝုဏ်အတွင်း (၁၄) ခန်းဇရပ်ကြီး၌ ရဟန်းရှင်လူ ကျောင်းသား မြို့လူထုပရိသတ် နှစ်သောင်းကျော်စုစည်းကာ နယ်ချဲ့အုပ်ချုပ်ရေးကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည် တုံ့ပြန်ခဲ့ကြသည်။

၁၄ ခန်းဇရပ်ကြီး၌ နံနက် ၁၁ နာရီတွင် စတင်စုဝေးကြပြီး မွန်းလွဲ ၂ နာရီအချိန်၌ မြောက်ဘက် ၂၆ ဘီလမ်းအတိုင်း အရှေ့ပုလိပ်ရုံး (ယခု စည်ပင်သာယာရုံး) သို့ ဦးတည်ခဲ့ရာ ရိုးကုမ်္ပဏီတိုက်ရှေ့ (ယခုဘဏ် ၁) တွင်တစ်ကြိမ်၊ အင်ပီရီယယ်ဘဏ်ရှေ့တွင် (ယခု ဟောင်ကောင်စတိုး) ရှေ့တွင် တစ်ကြိမ်၊ ကြေးနန်းရုံး (ယခု ဆက်သွယ်ရေးရုံး) တောင်ဘက်တွင်တစ်ကြိမ် အင်္ဂလိပ်စစ်ပုလိပ်က ပစ်ခဲ့ခတ်ခဲ့သည်။
ထိုစဉ်က အခြေအနေ အရပ်ရပ်၏ သတင်းဓာတ်ပုံများကား ကျွန်တော်တို့ငယ်စဉ် သတင်းစာအသီးသီး၌ မကြာခဏ ကြည့်ရှုခဲ့ရ သည်။ အထူးသဖြင့် နာရီစင်နောက်ခံနှင့် သုံးရောင်ခြယ်အလံများ …။ မျှားနတ်မောင်ဟူသော ရုပ်ရှင်ပိုစတာ ချိတ်ဆွဲထားသော အယ်လ်ဖင် စတုန်း ရုပ်ရှင်ရုံရှေ့လမ်းမကြီးပေါ်မှ တုန်လှုပ်ဖွယ်မြင်ကွင်းများ …။

ကျွန်တော်တို့ သိမီသောအခါ ထိုနေရာတွင် ရုပ်ရှင်ရုံမရှိတော့။ သူ့နောက်ကျော ရွှေတိုက်ဝင်းထဲမှာပင် ရုပ်ရှင်ရုံမရှိတော့ …။ ပြိုကျနေသော ရွှေတိုက်ရုပ်ရှင်ရုံကိုတော့ မြင်ဖူးခဲ့သေးသည်။ ရွှေတိုက်ရုံဆိုတာ… ယခင်က ရွှေတိုက်ဝန်မင်း နေထိုင်ခဲ့၍ ရွှေတိုက်ဝင်းအမည်တွင်ကြောင်း၊ ၀င်းကြီးအတွင်း ဦးစိန်ကတုံး ဇာတ်ကရွက်ထည်ရုံကြီးထိုး၍ ကပြခဲ့သလို … အခြားဇာတ်ပွဲများ၊ နိုင်ငံခြား “မနီလာရှိုး” ဆပ်ကပ်ပွဲကြီးများလည်း သွပ်မိုးသွပ်ကာ ရွှေတိုက်ဇာတ်ရုံကြီး၌ သွင်းခဲ့ဖူးကြောင်းနှင့် စစ်ကြီးမဖြစ်ခင်က ကြေးနန်းရုံဘက် လှည့်ပြီး အယ်လ်ဖင်စတုန်းဓာတ်ရှင်ရုံရှိခဲ့တယ်ဆိုတာ …၊ အယ်လ်ဖင်စတုန်းမှာ အေ၀မ်းက မြားနတ်မောင်ဓာတ်ရှင်ကားပြနေစဉ်မှာ …။

ဟော … သည်မှာပဲ ရွှေတိုက်ရုံဆိုတာ သိချင်တာလေးနှင့် လိုက်ရင်း လိုက်ရင်း … သမိုင်းနှင့် ချီလာတော့သည်။

၂၆ ဘီလမ်းပေါ်မှ သမိုင်းဝင်ဓာတ်ပုံများကို ထိုစဉ်ထိုကာလ သတင်းစာများ၌ အမှတ်တရ ပြန်လည်ဖော်ပြမှုမျိုးဖြင့် ကြည့်ရှုဖူးနေရာ မှ ၁၉၇၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာ ၃ ရက်တိုင် ရာပြည့်ကွင်းကြီး၌ ၆ ရက် ၆ လီ ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုအဖွဲ့ချုပ်၏ ဥက်္ကဌချုပ်ဆရာတော် ဦးဇောတိက (အဂ်္ဂမဟာပဏ္ဍိတ) ၏ ဈာပနပွဲတွင် ဓာတ်ပုံပန်းချီကားချပ်ကြီးများဖြင့် ခမ်းနားစွာ ပြသထားသည်ကို သေချာစေ့ငှစွာ ကြည်ရှုဖူးပြီး ရင်ထဲ၌ မှတ်မှတ်ထင်ထင် စွဲဝင်သွားခဲ့သည်။

တကယ်တော့ ဆရာတော် ဦးဇောတိကသည် စစ်မြေပြင် အကြိမ်ကြိမ်ဖြစ်ခဲ့ရသော မန်္တလေးတွင် မြန်မာတို့၏ ဦးထိပ်ပန်ဆင်ရာ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို စစ်ဘေး၊ မီးဘေး၊ လူသူဘေးမှ ကင်းဝေး လွတ်ငြိမ်းအောင် ရဟန်းပျိုများနှင့်အတူ စွမ်းစွမ်းတမံ ကာကွယ်စောင့်ရှောက်ခဲ့သော ဆရာတော် တစ်ပါး ဖြစ်သည်။ ထို့ပြင် အမျိုးဘာသာ သာသနာအတွက် ခေတ်အဆက်ဆက်တွင် ပြည်သူလူထုကျောင်းသား များနှင့်အတူ ရဟန်းပျိုအဖွဲ့ကြီးက ရှေ့တန်းမှပါဝင်ကာ သက်စွန့်ကြိုးပမ်း ခဲ့မှုများ၌လည်း ဦးဆောင်ပြုခဲ့သည့် ဆရာတော်ကြီးလည်းဖြစ်၏။ ထို့ကြောင့် ဆရာတော်၏ဈာပနတွင် ဘော်သား ကြာကလာပ်မီးလောင်တိုက်ကြီး၊ စဉ်ရှင်ကြီးပန်းပြာသာဒ်၊ သိုင်းပြာသာဒ်၊ လိုက်ပြသာဒ်၊ စံကျောင်းမဏ္ဍပ်ကြီး၊ ဧည့်ခံမဏ္ဍပ်များနှင့်အတူ ဇာတ်၊ အငြိမ့်၊ ရုပ်ရှင်ပဒေသာကပွဲ၊ ရုပ်ရှင်ပွဲ၊ ပလေးဘွိုင်တီးဝိုင်း၊ မြန်မာ့လက်ဝှေ့ပွဲများ၊ ပခုက်္ကူမြို့မှ အတောင် ၂၀ ကျော်အမြင့် သိုင်းပြာသာဒ် ကစားပွဲကြီးများနှင့်အတူ ဆရာတော်ကြီး၏ နိုင်ငံရေးကြိုးပမ်းမှုသမိုင်းဓာတ်ပုံ ပန်းချီကားကြီးများလည်း တခမ်းတနား ချိတ်ဆွဲပြသခဲ့ခြင်းဖြစ်သည်။

ကြေးနန်းရုံဆိုသော …၊ ရွှေတိုက်ရုံဆိုသော အသုံးအနှုန်းလေးမှ … စိတ်ဝင်စားစွာ လေ့လာလိုက်မိတော့ ၂၆ ဘီလမ်းမကြီး ပေါ်မှ ရတနာပုံခေတ် မြို့ဝန်ဦးသာအိုး ၀င်းနေရာ (ယခု ဘဏ် ၁ နှင့် မျက်နှာချင်းဆိုင် ဟော်တယ်ဝင်း) ဘဏ် ၁ နေရာမှ နာရီစင်အထိ တည်ရှိခဲ့ဖူးသော ရိုးကုမ်္ပဏီနှင့် ကုန်တိုက်ကြီးများနေရာ၊ အဟူဂျာဓာတ်ပုံတိုက်နေရာ၊ တိုကီဝါဓာတ်ပုံတိုက်နေရာ၊ ခန့်ခန့်ကြီး ဓာတ်ပုံတိုက်နေရာ၊ အင်ပရီရယ်ဘဏ်တိုက်နေရာ၊ အ၀ိန်ကိုး အချုံကိုး ကုမ်္ပဏီနေရာများအထိ သိရှိရတော့၏။ ဒါက စီးပွားရေးမျက်နှာစာ …။

ထိုမှတဆင့် ဘာသာရေးနိုင်ငံရေးမျက်နှာစာအနေနှင့်မူ အယ်လ်ဖင်စတုန်းရုပ်ရှင်ရုံမှသည် ဆယ့်လေးခန်းဇရပ်အလယ် ရဟန်းပျိုအဖွဲ့ချုပ်အထိ သမိုင်းကြောင်းက ရှည်လျားသွားတော့သည်။ သို့သော် သမိုင်းကားမဆုံးသေး…။

၂၆ ဘီလမ်းကို ၁၃၀၀ ပြည့် အရေးတော်ပုံကြီးပြီးကတည်းက အာဇာနည်လမ်းဟု အမည်တွင်ခဲ့တာ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရနိုင်တော့…။ ယခု ကွန်ကရစ်အထပ်မြင့်၊ အလျုမီနီယမ်နှင့် စတိန်းလက်စတီး၊ အလှဆင် ခေတ်မီအဆောက်အဦးကြီးများကြားမှ တစ်ထပ်တိုက် သေးသေးလေး တစ်လုံးလည်း ထိုလမ်းမကြီးပေါ်မှာရှိသည်။ ထိုတိုက်လေး၏ နဖူးစည်းထိပ်မှာ ရွှေထီးတစ်လက်ပုံကို အင်္ဂတေသားဖြင့် ထွင်းထား၏။ မန်္တလေးသားများက ရွှေထီးတိုက်ဟု ခေါ်ကြသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလက ထိုရွှေထီးတိုက်မှ ဦးဘအို – ဒေါ်ခင်မျိုးတို့၏ သမီးများဖြစ်သောမသန်းရင်၊ မတင်လှနှင့် မမတို့က အပျိုပေါက်လေးများပေမင့် ဒဏ်ရာရ ရဟန်းသံဃာ၊ ကျောင်းသားနှင့် မြို့လူထုကို စွမ်းစွမ်းတမံ အကူအညီပေးခဲ့ကြကြောင်း မန်္တလေးသားတိုင်း၏ နှလုံးသားထဲတွင် အမှတ်ရခဲ့ဖူးသည်။

မန်္တလေးတွင် အဆောက်အဦးများနှင့်ယှဉ်ပြီး နေရပ်လိပ်စာကိုမှတ်သားကြသည်။ ရှေးသရောအခါက ဘယ်သူမှ အိမ်နံပါတ်၊ အကွက်နံပါတ်နှင့်စကားမပြောကြ။ယုတ်စွအဆုံးစာတိုက်မှလိပ်စာပေး၍စာထည့်လျှင်ပင် အိမ်နံပါတ်၊ လမ်းနံပါတ်သုံးလေ့မရှိ။ရပ်ကွက်ကြီးနာမည်ပြောမည်။အနီးဆုံးအဆောက်အဦးကြီးအမည်ပြောမည်။ မန်္တလေးမှာ အဆောက်အဦးများနှင့်ပတ်သက်ပြီး နဂါးဆေးလိပ်လို၊ ကာတစ် တိုက်လို၊ မာရဂျမ်းတိုက်ကြီးလို အထင်ကရတွေလည်းရှိမည်။ ဓမ်္မဗိမာန်လို၊ မလွန်သာသနာ့ဗိမာန်လို သာသနိက အဆောက်အဦးတွေလည်း ရှိ သည်။ တချို့ အဆောက်အဦးတွေက လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွေနှင့်ဆက်စပ်နေ၏။ အိမ်တော်ရာဘုရားဝင်းအတွင်းရှိ (၁၄)ခန်းဇရပ်ကြီးဆိုလျှင် မြန်မာ့လွတ်လပ် ရေးကြိုးပမ်းမှုအတွက်၊ ဘာသာသာသနာအတွက်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရဟန်းသံဃာရပ်မိရပ်ဖများ စုစည်းညီညွတ်ကြရာ နေရာဖြစ်သည်။ ဟော.. ဓမ်္မဗိမာန်ဆိုပါတော့။ အနောက်ကျုံးလမ်းမှာရှိသော ဓမ်္မဗိမာန်ကား တစ်ချိန်က မြန်မာစာပေနှင့်ပတ်သက်၍ အာရုံစိုက်စရာကောင်းလှသည့် စာတမ်းအသီးသီး ဖတ်ကြားခဲ့ရာနေရာဖြစ်၏။ မန်္တလေးစာပေမျိုးဆက်များကို လက်ဆင့်ကမ်းအမွေပေးခဲ့ရာနေရာလည်းဖြစ်သည်။

ယခင်က ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားမှာ နေသူရိန်ဇာတ်ရုံကြီးရှိခဲ့ဖူးသတဲ့။လွတ်လပ်ရေးအတွက်နေသူရိန်ညီလာခံတွေ၊ဒုတိယကမ်္ဘာစစ်အပြီးလူငယ်များကာယဗလနှင့်စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက် ပွဲလမ်းကြီးတွေကျင်းပခဲ့သည့်နေရာကြီးဖြစ် သည်။ အိုလံပစ်တို့၊ ယဉ်တစ်ကိုယ်မယ်တို့၊ လှကြစမ်းပါဗျာတို့ … စသည့်သီချင်းများ မွေးဖွားခဲ့ရာနေရာဖြစ်သည်။

မဟာမုနိဘုရားကြီးမြောက်မုခ် ဗိုလ်ဗထူးလမ်းပေါ် “မဟာမုနိဘုရားကြီးဗုဒ်္ဓပြတိုက်” ဟူသော အဆောက်အဦးကား ယခုအထိရှိသေးသည်။ ဒီ အဆောက်အဦးက နှယ်နှယ်ရရမဟုတ် …။ ဖက်ဆစ်ဂျပန်ကို မတ်လ (၂၇)ရက်နေ့ထက် စောစီးစွာ မတ်လ (၈)ရက်ကတည်းက စစ်ကြေညာတိုက်ပွဲဝင်ခဲ့ သော ဗိုလ်မှူးဗထူး၏ အထက်မြန်မာပြည်စစ်ရုံးချုပ်၊ ရုံးစိုက်ခဲ့ရာ အဆောက်အဦးဖြစ်သည်။ ထိုအဆောက်အဦးပေါ်မှပင် ဗိုလ်မှူးဗထူးက စစ်မိန့်ကို လက်မှတ်ထိုးခဲ့သည်ဆို၏။

အဆောက်အဦးကျန်သလို သမိုင်းလည်း မမေ့မလျော့ကျန်ရစ်စေချင်၏။ အခုတော့ အဆောက်အဦးလည်းမကျန် သမိုင်းလည်းမကျန်သည့်ကိန်း ကြုံနေပေါ့။ ပိုဆိုးတာက အဆောက်အဦဟောင်း နှင့် သမိုင်းအစစ်နေရာများတွင် အဆောက်အဦးသစ်နှင့် သမိုင်းအတုတွေ တွန်းထိုး နေရာယူသွားခြင်းဖြစ်ပါ၏။

ဆူးငှက်

ဒီရက်ပိုင်း မန္တလေးနန်းတွင်း ၀င်လေ့လာဖို့ အကန့်အသတ်တွေ များနေတယ်ဆိုလို့ မကြာကြာရေးဖြစ်တဲ့ ဆောင်းပါးလေး ပြန်တင်တာပါ။

ရတနာပုံအမျိုးသားပြတိုက်ကြီး
မန္တလေးက ဘုရင့်မင်းနေပြည်တော်ဖြစ်ခဲ့တယ်။ မန္တလေးကို နေပြည်တော်အဖြစ် တည်ထောင်ကတည်းက၊ မြို့တည်နန်းတည် ခုနစ် ဌာနမှာ ကျုံးတော်၊ ရွှေ မြို့တော်..ဆိုတာ၊ နိုင်ငံနှင့်အ၀ှန်း အာဏာ၃ရပ် တည်ရှိရာ အဓိကအမြင့်မားဆုံးနေရာပဲဖြစ်တယ်။ သက်ဦးဆံပိုင် ပဒေ သရာဇ်နှင့်အတူ အာဏာ၃ရပ်ကို ကိုင်စွဲထားတဲ့ မူးကြီးမတ်ရာ၊ စစ်သူကြီးသေနာပတိတို့ ရဲ့ စိုးစံ၊ ရုံးစိုက်ရာဖြစ်တယ်။ အာဏာရဲ့အထွတ်အထိပ် ဖြစ်တဲ့ ရာဇပလ္လင်၉ရပ်ရှိတဲ့ နန်းတော်ကြီးတွေနှင့်အတူ လွှတ်တော်ရုံးလည်းရှိတယ်။ ကိုယ့်အရှင်ကိုယ့်သခင် လက်ထက်တော်ကာလ အချိန်အခါ ကဖြင့် မန္တလေး နန်းမြို့ဟာ တစ်တိုင်းတစ်ပြည်လုံးရဲ့ အထွတ်အထိပ်၊ အမြင့်အမြတ်နေရာပါပဲ။

“အုတ်၊ ကျစ်၊ ကျော်၊ အေး – မန္တလေး“ဆိုတဲ့ ရာဇ၀င် သင်္ကေတအရ ၁၂၂၁-ခုနှစ်၊ ကဆုန်လပြည့် ကျော် ၇ရက်နေ့မှာ ခုနှစ်ဌာနနှင့် တစ်ပြိုင်နက်တည်ခဲ့တဲ့ မန္တလေးမြို့တော်ဟာ “အင်း၊ ၀၊ လိပ်၊ တက်၊ မန်း မြို့ပျက်”ဆိုတဲ့ ဥဒါန်းစကားနှင့် ၁၂၄၇-ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော်၈ရက်(၁၈၈၅-ခုနှစ်၊ နိုဝင်ဘာ ၂၉ရက်)နေ့မှာ ပျက်သုဉ်းခဲ့ရပါတယ်။ ဒီအချိန်ကစပြီး မြန်မာတစ်ပြည်လုံး သူ့ကျွန်လက်အောက် ရောက်ရ တာပဲ မဟုတ်လား။

နယ်ချဲ့စစ်တပ်က မန္တလေးနေပြည်တော်ကို သိမ်းပိုက်၊ ရှင်ဘုရင်နှင့်တကွ မိဖုရားအချွေအရံတွေဖမ်းဆီးပြီး၊ အိန္ဒိယပို့၊ လွှတ်တော်ကို ဖျက်သိမ်း၊ အချုပ်အချာ အာဏာပိုင်မှုအမှတ်အသား ရတနာပုံက ဒေါင်းအလံကို ဖြုတ်ချပြီး၊ ယူနီယံဂျက်အလံလွှင့်ထူလိုက်တာနှင့် တစ်ပြိုင်နက် “ရွှေမှန်ကင်း အစစ်က၊ ထင်း ဖြစ်ခဲ့”ရတာပါပဲ။ တစ်ချိန်က လုံခြုံရေးရဲမက်အဆင့်ဆင့်ကို ဖြတ်သန်းခွင့်ပြုမှ ရှေ့တော်မှောက် ခစားရောက်ရတာ၊ မော်ဖူးစေဆိုမှ မျက်နှာမော့ခွင့်ရတဲ့ သီဟာသနပလ္လင်ရှေ့မှာ နယ်ချဲ့စစ်ဗိုလ်ချုပ်တွေ ဖန်ခွက်ချင်းတေ့၊ အောင်ပွဲခံပြီး တံခါးမရှိ ဓားမရှိ ဖြစ်သွား တာပါပဲ။ မြနန်းစံကျော် ရွှေ နန်းတော်ကြီးဟာ နယ်ချဲ့တို့ရဲ့ ပါတီပွဲကျင်းပရာ နေရာကြီး ဖြစ်သွားတယ်။ စောင်းညှင်းပတ်သာနဲ့ ဘုန်းတော်ဘွဲ့ သီချင်းသံအစား၊ အင်္ဂလိပ်ဘင်ခရာအဖွဲ့က “နေမ၀င်အင်ပါယာအရှင်၊ ၀ိတိုရိယဘုရင်မကြီး”ကို ချီးမွမ်း ထောပနာပြုတဲ့ သီချင်းသံတွေ ခြိမ့်ခြိမ့်ညံ သွားတော့တယ်။

မန္တလေးနန်းမြို့တွင်း အဆောင်ဆောင် အနန်းနန်း၊ ကြငှာန်းပြာသာဒ်များဟာ အုပ်ချုပ်ရေးရုံး၊ စစ်ရုံးစိုက်ရာ အဆောက်အဦးတွေ၊ ပါတီပွဲ ကျင်းပရာအဆောက်အဦးတွေ ဖြစ်သွားတယ်။ ဒါ့အပြင် ၄၈ရပ် ပြာသာဒ်ရှိတဲ့အနက် မြို့ရိုးမြောက်ဖက်ခြမ်း၊ ဘုံ၅ဆင့်နဲ့ စည်သာတံခါး ပြာသာဒ် တော်ကြီးကို အတွင်းကနေ ပြန်လည်မွမ်းမံပြင်ဆင်ပြီး၊ ဘုရင်ခံ အိမ်တော်အဖြစ်ပင် အခြေစိုက်လိုက်ကြတယ်။ တကယ်တော့ ရှင်ဘုရင်ကို ကြက် ကလေး၊ ငှက်ကလေးများသဖွယ်၊ လွယ်လင့်တကူ ဖမ်းဆီးကာ တစ်ပြည်လုံး သိမ်းပိုက်လိုက်ပေမယ့်၊ တကယ့်တိုင်းသူပြည်သားအများစုကြီးက တော့ ဒီသိမ်းပိုက်မှုကို လွယ်လွယ်ကူကူ လက်မခံပါဘူး။ မန္တလေး နေပြည်တော်အပါအ၀င် တစ်ပြည်လုံးအတိုင်းအတာနဲ့ ရရာလက်နက်ဆွဲကိုင် ပြီး ပြန်လည်တော်လှန် ပုန်ကန်ကြတယ်။ တပ်ဖွဲ့တပ်စု အလုံးအရင်းအနေနှင့်ရော၊ ပျောက်ကြားပုံစံနှင့်ရော ပုန်ကန်ကြလို့ အင်္ဂလိပ်စစ်တပ် အနေနှင့် နှစ်ပေါင်းဆယ်ချီပြီး နှိမ်နင်းခဲ့ရသတဲ့။ ဒီတော့ သူတစ်ပါးတိုင်းပြည်ကိုလာပြီး မတရားသိမ်း ပိုက်ထားသူများအဖို့ သူတို့လုံခြုံရေးဟာ ရတက်မအေး ဖွယ်ရာပါပဲ။

ဒီလို ခေါင်းငုံ့မခံ၊ အခွင့်ရေးရရင်ရသလို ပြန် လည်ပုန်ကန်တဲ့ အခြေအနေမှာ မန္တလေးနန်းမြို့ကြီးဟာ အင်္ဂလိပ်အုပ်စိုးသူ၊ အင်္ဂလိပ် စစ်တပ်အတွက်တော့ “ရေကန်အသင့်၊ ကြာအသင့်”ဆိုရလောက်တဲ့ ခံတပ်ကြီးပါပဲ။ တစ်ဖက်ကို ၁မိုင်၂ဖာလုံ၊ ၅၅ကိုက် အရှည်ရှိတဲ့ လေးထောင့် စပ်စပ် နန်းမြို့ကြီးဟာ အမြင့်ပေ၃၀နီးပါး ထု၁၀ကျော်ရှိတဲ့ အုတ်မြို့ရိုးကြီးလည်း ပတ်ရံထားတယ်။ ဒီအုတ်မြို့ရိုးကြီးကိုပဲ အကျယ်ပေ၂၀၀နီးပါး၊ အနက်ပေ၂၀၀န်းကျင်ရှိတဲ့ ရေကျုံးကြီးနဲ့လည်း လေးဘက်လေးတန်ဆီးရံထားသေးရဲ့။ အုတ်မြို့ရိုးကြီးလေးထောင့်စပ်စပ်မှာ အ၀င်အထွက် အတွက် တံခါးမကြီး ၄ပေါက်၊ မလွယ်ပေါက်၈ပေါက်ပဲရှိတယ်။ ကျုံးကြီးကို ဖြတ်ဖို့အတွက်လည်း အရေးပေါ်ရင် အလယ်က အခင်းနင်းကြမ်းတွေ လွယ်လင့်တကူ ဖြုတ်လို့ရတဲ့ တံတား၅စင်းပဲရှိတယ်။ ဒီတော့ မန္တလေးနန်းမြို့ဟာ လုံခြုံရေးအတွက် စိတ်ချရပြီပေါ့။ ဒါကြောင့် နယ်ချဲ့ အင်္ဂလိပ် က အုပ်ချုပ်ရေးရုံးတွေ အပါအ၀င် သူ့ရဲ့စစ်တပ်တွေကို မန္တလေးနန်းမြို့တွင်းမှာပဲ နေရာချပေးလိုက်တော့တယ်။ အဲဒီကာလ၊ နယ်ချဲ့စစ်တပ်ဆို တာ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့မဟုတ်ဘူး။ သူတို့အစိုးရအဖွဲ့၊ သူတို့အာဏာပိုင်အဖွဲ့အစည်း၊ သူတို့အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ဖို့ဖြစ်တယ်။ နယ်ချဲ့စစ်တပ်ဆိုတာ ပြည်သူ့အကျိုးစီးပွား ထိခိုက်မယ့်၊ ပြည်သူကို ထိပါးမယ့် အန္တရာယ်ရန်စွယ်ကို တိုက်ခိုက်တွန်းလှန်ဖို့ မဟုတ်ဘူး။ သူတို့အစိုးရ၊ သူတို့ အာဏာ၊ သူတို့အကျိုးစီးပွားကို ထိခိုက်မယ့်၊ အန္တရာယ် ရှိနိုင်မယ့်၊ သူတို့မတရားဖိနှိပ်အုပ်ချုပ်မှုအပေါ် ပြန်လည် ခုခံတွန်းလှန်ပုန်ကန်မယ့် မြန်မာပြည်သူကိုပဲ နှိမ်နင်းဖို့၊ ဖြိုခွင်းဖို့ဖြစ်တယ်။ ဒါကြောင့် သူတို့အတွက် လုံခြုံရေးကိုပဲ အဓိကထားတယ်။ သူတို့လုံခြုံ မယ့် မန္တလေးနန်းမြို့တွင်းမှာပဲ၊ ရေကျုံးတစ်တန်၊ မြို့ရိုးတစ်တန်၊ အ၀င်အထွက် အစစ်အဆေးအကွပ်အညှပ် အတန်တန်နဲ့ မတရားသိမ်းပိုက်နေ ထိုင်ခဲ့ကြတယ်။ ဒါဟာ သူ့ကျွန်ဘ၀တုန်းက ကျွန်တော်တို့ ပြည်သူလူထု ရရှိခဲ့တဲ့ အမွေဆိုးတစ်ခုပါပဲ။

ဒီအမွေဆိုးဟာ ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီလ၄ရက်၊ လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ကမ္ဘာကို ကြေညာ ပြီး ကိုယ့်အမျိုးသားအလံ လွှင့် ထူပြီချိန်အထိ ကျွန်တော်တို့ပြည်သူလူထု ဆက်ခံရဆဲပါပဲ။ အုပ်စိုးသူကိုယ့်အမျိုး သားအစိုးရရဲ့သဘောထားနှင့်အတူ အချင်းချင်း မညီညွတ်မှု များကြောင့် လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်းထ၍ တောက်လောင်တော့၊ အစိုးရအာဏာနှင့် အစိုးရအုပ်ချုပ်မှု ယန္တယားကို ကာကွယ်ဖို့ အမျိုးသားတပ်မတော်ကလည်း အင်္ဂလိပ်ရဲ့ အမွေကိုဆက်ခံကာ မန္တလေးနန်းတွင်းမှာပဲ အခိုင်အမာ တပ်စွဲထားဆဲပါပဲ။ ပြည်သူလူထုကို ကာကွယ်ရမယ့်အစား လက်နက်ကိုင်ထားတဲ့ စစ်တပ်က ကျုံးလေးတန်ကာဆီးပြီး၊ အုတ်မြို့ရိုးကြီး အခိုင်အမာနဲ့ နန်းတွင်းမှာပဲ လုံခြုံစွာနေထိုင်တော့တယ်။ လေးဘက်လေးတန် မြို့ရိုးမှာ ရှိတဲ့အ၀င်အထွက် တံခါးမကြီး၎ပေါက်ကိုသာ အစစ်အဆေး၊ အမေးအမြန်းထူထပ် ကျပ်တည်းစွာနှင့်နေ့ပိုင်းအချိန်တွေမှာသာဖွင့်လှစ်ပေးထားတယ်။ကျန်တဲ့မလွယ်ပေါက်တံခါး၈ပေါက်ကိုတော့ အသေပိတ်လိုက်တယ်။ကျုံးကူးတံတားကြီး၅စင်းအနက်၎စင်းကိုပဲပြန်လည်ပြင်ဆင်အသုံးပြုခဲ့တယ်။အသုံးမပြုတဲ့ရှေးဟောင်းတံတားကြီး၁စင်းဖြစ်တဲ့ စည်ရှည်တံတားကို လွန်ခဲ့တဲ့ နှစ်ခန့်က အုတ်မြစ်ပါမကျန် ဖျက်ဆီးပစ်လိုက်ပါသေးတယ်။

ဒီတော့ မြန်မာတစ်မျိုးသားလုံးရဲ့ အမျိုးသား လက္ခဏာအသွင် အထင်အပွားကျန်ရစ်ကာ တန်ဖိုးထားအပ်တဲ့ မန္တလေးနန်းမြို့ကြီး အတွင်း အင်္ဂလိပ်က စစ်တပ်များနေရာပေးချထားတပ်စွဲခဲ့ခြင်းဟာ “အမွေဆိုး”တစ်ခုဖြစ်တယ်။ ဒီအမွေဆိုးကို အကြောင်းပြချက်များနှင့် နိုင်ငံ လွတ်လပ်ရေးရခဲ့သော်လည်း မြန်မာ့တပ်မတော်က ကျေနပ်စွာလက်လွှဲခံယူခဲ့တယ်။ နောက်ပိုင်း ဖဆပလခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ တော်လှန်ရေး အစိုးရခေတ်၊ လမ်းစဉ်ပါတီခေတ်၊ တပ်မတော်အစိုးရခေတ်ထိ ခေတ်တစ်မျိုးမျိုးစံနစ် အမျိုးမျိုး ပြောင်းခဲ့ငြား၊ ဒီအမွေဆိုးကို ကျေနပ်စွာ ထွေးပိုက်ထားဆဲပါပဲ။ ရှစ်လေးလုံး အရေးတော်ပုံအပြီး၊ တပ်မတော်အာဏာသိမ်း နန်းတွင်းမှာရှိတဲ့ စစ်တပ်များရဲ့ လုံခြုံရေးကို ပိုပြီးဆောင်ရွက်လာပါတယ်။ ၁၉၅၈ခုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ တောင်ဘက်ကျုံးနှင့် မြို့ရိုးကြားက “မန်းသီတာ”အမည်ရှိ လူထုအပန်း ဖြေ ဥယျာဉ်ကြီးကို ဖျက်သိမ်းလိုက်တယ်။ နန်းတွင်းက ဖြတ်တဲ့ မတ္တရာရထားလမ်းကို ဖျက်သိမ်းလိုက်တယ်။ အပန်းဖြေပေါင်းကူးတံတားတွေ လည်း ဖျက်သိမ်းလိုက်တယ်။ ကျုံးကိုပြန်လည်တူးဖော်ပြီး သံပန်းအကာအရံတွေကာလိုက်တယ်။ နန်းမြို့တွင်း အ၀င်အထွက်တွေကို ကျပ်တည်း စွာ ကန့်သတ်လိုက်တယ်။

အခု..ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရခေတ် ရောက်ပြီလို့ကမ္ဘာ့အလယ်မှာ ကြေညာရပ်တည်နေပါပြီ။ ပြည်သူ့တပ်မတော်က ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ ပိုမိုပီပြင်လာစေရပါတော့မယ်။ ဒါကြောင့် ၁၈၈၅-ခုနှစ်၊ နိုဝင်ဘာ၂၉ ရက်ကတည်းက မန္တလေးနန်းမြို့တော်တွင်းမှာ အခိုင်အမာတပ်စွဲခဲ့တဲ့ အင်္ဂလိပ်စစ်တပ်မှသည် မြန်မာ့တပ်မတော်အထိ လာမယ့် ၂၀၁၅-ခုနှစ်၊ နိုဝင်ဘာ၂၉ ရက် ရောက်ရင် နှစ်ပေါင်း ၁၃၀ တင်းတင်းပြည့်ပါပြီ။

တကယ်တော့ မန္တလေးနန်းမြို့တော်ဆိုတာကလည်း နောက်ဆုံးမင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ကုန်းဘောင်ခေတ်ရဲ့ မင်းခမ်းမင်နားပြကွက်တွေ ၊ လွှတ်တက်ရုံးတက်ပြကွက်တွေ ၊ ညီလာခံသဘင်ပြကွက်တွေ ၊ သံခင်းတမန်ခင်းအခမ်းအနားတွေ ၊ ရေခင်းတော် မြင်းခင်းတော် နှင့် ထွက်တော်မူကြီးတပ်အင်္ဂါအခင်းအကျင်းတွေ၊ မင်္ဂလာ၁၂ခန်းပြကွက်တွေ ၊ ဘုရားပွဲကျောင်းပွဲ ရှင်ပြုအလှူအတန်းပြကွက်တွေ၊ ၁၂ရာသီပွဲခင်းတွေ၊ ရိုးရာလက်မှုနှင့် အစားအသောက်ပွဲဈေးတန်းတွေ၊ ပလာဆိုင်း မြေ၀ိုင်းဇာတ် ရုပ်စုံအမြင့်သဘင် အငြိမ့်တော် ဇာတ်ပွဲ သီဆိုတီးမှုတ်ကပြဖျော်ဖြေမှုတွေ၊ မင်း မိဖုရား မှူးကြီးမတ်ရာ သေနာပတိ သူဌေးသူကြွယ် လက်လုပ်လက်စား ဆင်းရဲသားအလွှာအသီးသီးတို့နေထိုင်မှု လူမှုစရိုက်တွေ၊ရိုးရာကစားနည်းတွေ၊ တိုင်းရင်းသားယဉ်ကျေးမှုတွေ… စတဲ့ ပြကွင်းပြကွက်တွေနှင့် ၅မိုင်၁ဖာလုံမျှ လေးဘက်လေးတန်ပတ်လည် လေးထောင့်စပ်စပ် ဧရာမ အမျိုးသားပြတိုက်ကြီး မဖြစ်သင့်ပေဘူးလား။
ဒီရတနာပုံအမျိုးသားပြတိုက်ကြီးအတွင်းကို ပြည်တွင်းသာမက ပြည်ပ ဧည့်သည်တွေပါ လွတ်လွတ်လပ်လပ် ၀င်ထွက်လေ့လာစေပေါ့ဗျာ..။

အခုတော့……….။

ဆူးငှက်

Advertisements

3 thoughts on “Our old Mandalay

  1. ဆူးငှက် (Sue Hnget) added 3 new photos.
    September 10, 2015 ·
    ပထမ ပြည်တော်ဝင်
    ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် အင်္ဂလိပ်တို့ အားအကိုးဆုံး စင်ကာပူ ခံတပ်ကြီး ကျသွားသည်နှင့် ရန်ကုန်မှ အင်္ဂလိပ်တို့လည်း အထက်သို့ ရုတ်ချည်း ဆုတ်ခွာကြ၏။ မတ်လ(၈)ရက်နေ့တွင် ရန်ကုန်သည် သိသာထင်ရှားစွာ တုန်လှုပ်ချောက်ချားလေပြီ။ မန်္တလေးသို့ ထွက်ခွာ မည့် မီးရထားတိုင်း၌ စစ်ပြေးများဖြင့် ပြည့်ကျပ်နေ၏။ မန်္တလေးဘူတာကြီးသို့ ဆိုက်ကပ်လာသော မီးရထားတိုင်း၌လည်း ရရာပစ်္စည်း ဆွဲယူလာကာ မျက်စိပျက် မျက်နှာပျက်ဖြစ်နေသော စစ်ပြေးများက ရထားပေးမှာ အလှအယက် ဆင်းကြတော့ ဘယ်ဆီဘယ်ဝယ် သွားရမည်မသိ၊ ယောင်လည် လည်ဖြစ်နေကြသည်။
    အများစု စစ်ပြေးများက ဘူတူကြီး အနောက်ခြမ်း၊ တရုတ်တန်းနှင့် ဈေးချိုအကြား လမ်းကြိုလမ်းကြားမကျန် ပျားပန်းခပ်နေတော့သည်။ ရန်ကုန်မြို့ရှိ အစိုးရရုံးချုပ်ကြီးများက လတ်တလောအနေနှင့် မန်္တလေးရုံးများနှင့် ပူးပေါင်းဖွင့်လှစ်ထားသည်။ သို့သော် ရုံးလုပ်ငန်း ယန်္တရားများ ကား ပျက်စီးသွားချေပြီ။ ရန်ကုန်မြို့ရှိ မီးသတ်စက်ကြီးသည်ပင်လျှင် မန်္တလေးသို့ ရောက်ရှိလာ၏။ မကြုံစဖူး မန်္တလေးမှာ ထူးကဲစွာ စည်ကားနေသည်။ မနက်မိုးလင်းသည်နှင့် ကောလာဟလသတင်းများဖြင့် စီစီညံ နေတော့သည်။
    ရန်ကုန်မြို့တွင်လည်း ဂျပန်က ပဲခူးမြို့မြောက်ဘက် ၁၀ မိုင်အကွာ၌ တည်ရှိသော ဘုရားကြီးရွာနှင့် ၁၈မိုင်အကွာ၌ တည်ရှိသော ပျဉ်ပုံကြီးရွာ များ၌ ရောက်ရှိသိမ်းပိုက်ပြီးလေပြီ။ ဤသို့ဖြင့် ရန်ကုန်-မန်္တလေး မီးရထားလမ်းကို ဂျပန်က ဖြတ်တောက်နိုင်လိုက်၏။ မန်္တလေးမှာ ထိုသတင်းက ရုတ်ချည်း ရောက်လာကာ တစ်မြို့လုံး တုန်လှုပ်ချောက်ချားကြလေပြီ။
    သို့သော် မန်္တလေး သူရိယသတင်းစာက ၁၃၀၃ ခု၊ တပေါင်းလဆုတ် ၁၀ရက် အင်္ဂါနေ့၊ (၁၀-၃-၁၉၄၂) နေ့ထုတ်တွင် “ယခုအခါ မဟုတ်မမှန် သော ကောလာဟလသတင်းများ အနှံ့အပြား ထွက်ပေးနေသော်လည်း မန်္တလေးမြို့၏ အခြေအနေမှာ ကောင်းမွန်ငြိမ်းချမ်းလျက်ရှိနေကြောင်း၊ ရှေ့အဖို့ တစ်စုံတစ်ရာဖြစ်မည့် နိမိတ်လက်္ခဏာလည်း ယခုအချိန်အခါအထိ အရိပ်အမြွက်မျှ စဉ်းစားတွေးတော၍ မရနိုင်အောင် ရှိနေကြောင်း ရေးသားဖော်ပြပါရှိခဲ့သည်။
    ဒါပေမယ့် ၁၃၀၃ ခုနှစ်၊ တပေါင်းလဆန်း ၅ရက် (၁၈-၂-၁၉၄၂) ဗုဒ်္ဓဟူးနေ့ကတည်းက ဂျပန်လေယာဉ်ပျံတစ်စင်းသည် သတင်းအရ မန်္တလေး သို့ ၀င်လာပြီး နန်းတော်အတွင်းက အထက်ဗမာ(မြန်မာ)ပြည် အသင်းတိုက်ကို ဗုံးကြဲဖျက်ဆီးသွားပြီးဖြစ်သည်။ အိနိ္ဒယမှ ပြန်လာသော ချန်ကေရှိတ် မန်္တလေးသို့ ခေတ်္တ၀င်လာသည်ဟူသော သတင်းကြောင့် ဤသို့ ဗုံးကြဲခြင်းဟု ဆိုကြ၏။ သို့သော် မန်္တလေးသားများက အိမ်ထဲမှထွက်ကာ လမ်းပေါ် စုပြုံရပ်ကြည့်ပြီး စစ်ဘက်အဆောက်အဦများရှိရာ နန်းတွင်းသို့ ဗုံးကြဲသည့် လေယာဉ်အား သြဘာလက်ခုပ်များ ပေးခဲ့ကြသည်။
    စစ်ပြေးများဖြင့် ပြည့်နေသော မန်္တလေးတွင် ရုံးများသာမက ဘဏ်များ၊ ကုန်တိုက်ကြီးများ၊ တိုက်ဆိုင်ကြီးများပါ ပြောင်းရွှေ့လာသဖြင့် ရသမျှ သယ်လာသော ပစ်္စည်းများကို ငွေဖြစ်အောင် အလျင်အမြန်ရောင်းချကြသဖြင့် တရုတ်တန်းနှင့် ဈေးချိုမှာ မကြုံစဖူး စည်ကားနေမှုအပေါ် ကျေနပ် ပျော်ရွှင်နေသဖြင့် အတွေ့အကြုံရှိသော အောက်သူအောက်သားများက ““ဒီလို စည်ကားနေတာ မကောင်းဘူး။ တစ်နေ့နေ့ ဘေးတွေ့လိမ့်မယ်။ ရန်ကုန်မှာလည်း ဒီလိုစည်ကားပြီး ဘာမှမကြာလိုက်ဘူး ဗုံးကြဲခံလိုက်ရတာပဲ”” ဟု သတိပေးကြသည်။ သို့သော် မန်္တလေးသားများကား ကြောက် ဟန်ပင် မပြကြသေး။ ရောင်းကောင်းဝယ်ကောင်းကြဆဲပင်ဖြစ်သည်။
    မကြာလိုက်၊ ဧပြီ (၃)ရက် သောကြာနေ့ မနက် ၁၁ နာရီခန့်တွင် အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တို့မှ ဂျပန်လေယာဉ်ပျံကြီး ပျားအုပ်ကြီးများ ပျံလာသကဲ့သို့ ၀င်ရောက်လာကြသည်။ မန်္တလေးသားများက ဗုံးကြဲရန် လာသည်ဟု သိသော်ငြား။ မပုန်းအောင်ကြ၊ မရှောင်တိမ်းကြ။ ဂျပန်လေယာဉ်အုပ်ကြီးက မြို့လယ်လူနေရပ်ကွက်များကို မီးလောင်ဗုံးများနဲ့ ပေါက်ကွဲသေကြေ ပျက်စီးစေသော ဗုံးများ ကြဲချသည်။ နိမ့်နိမ့်ပျံဆင်း ပြီး မြင်မြင်သမျှ အရပ်သားများကို စက်သေနတ်နှင့် ပစ်ခတ်သည်။ ဂျပန်လေယာဉ်(၈၀)လောက်က မြို့ကို ပိုက်စိပ်တိုက် ဗုံးကြဲပစ်ခတ်၍ တစ်မြို့ လုံးနီးပါး မီးလောင်ပျက်စီးကုန်၏။ မြို့သူမြို့သား ၂၀၀၀ ကျော် ၃၀၀၀ အတွင်းသေကျေပြီး ၃၀၀၀ ထက်မနည်း ဒဏ်ရာရရှိကြသည်။ မန်္တလေးရေစက်ရုံနှင့် ရန်ကုန်မြူနီစပယ်က မီးသတ်စက်ကြီးများလည်း မီးလောင် ပျက်စီးသွားလေပြီ။
    ထိုအခါမှ မန်္တလေးသားများလည်း ထိတ်လန့်တကြားနှင့် တစ်ဦးနှင့်တစ်ဦး မကယ်မနိုင်ကြတော့ဘဲ ကိုယ့်အသက်ကိုယ်လုကာ ပြေးလွှားကြရတော့ သည်။ ပြန်လည်ဆုတ်ခွာသည့် အင်္ဂလိပ်ကလည်း မြို့၏ လူနေရပ်ကွက်အချို့ကို မီးရှို့ဖျက်ဆီးသွားသဖြင့် တစ်မြို့လုံး မီးလောင်တိုက်သွင်းကာ သတ်ကွင်းကြီးတစ်ခုအသွင် ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ ဤသို့ဖြင့် မေ(၁)ရက်နေ့တွင် မန်္တလေးကို ဂျပန်က လုံးလုံးလျားလျားသိမ်းပိုက် နိုင်လိုက်တော့သည်။
    မန်္တလေးအား ဂျပန်က သိမ်းပိုက်အပြီး မေလ ၁၂ ရက်နေ့တွင် စစ်အတွင်းကနဦး အစောဆုံးသတင်းစာအဖြစ် “တိုင်းချစ်သတင်းစာ” ထွက်လာ သည်။ “ဗမာ့လွတ်လပ်ရေး တပ်မတော်၏ ခွင့်ပြုချက်အရ မန်္တလေးမြို့ လက်ဆည်ကန်ရပ် တိုင်းချစ်ပုံနှိပ်တိုက်မှာ ပုံနှိပ်ထုတ်ဝေတယ်” လို့ သတင်း စာရဲ့ ကျောဘက် အောက်ပိုင်းမှာ ရေးသားထားပြီး “အယ်ဒီတာ ဦးမောင်မောင်ခင်” ကခေါင်းကြီးပိုင်းမှာ “အရေးတော်ပုံ အောင်ပြီ” ဆိုတဲ့ ခေါင်းစဉ် နှင့် ရေးသားခဲ့သည်။ ကနဦးထုတ် တိုင်းချစ်သတင်းစာပါ သတင်းများအရ မန်္တလေးမြို့သည် စစ်ဘေးဒဏ်ကြောင့် အိမ်ခြေ ၄သောင်း ရှိသည့်အနက် မလောင်ဘဲ ကျန်ရစ်သော အိမ်များမှာလည်း တောကြောင်လူဆိုးများလက်ချက်ဖြင့် ဘာမျှ ရစရာမရှိအောင် ပျက်စီးဆုံးရှုံးသွားကြောင်း သိရှိကြရ သည်။
    မန်္တလေးမြို့တွင် ယာယီဈေးများအနေနှင့် ရှင်အရဟံ သိမ်ဘုရားအနီး တစ်ဈေး၊ ဘုရားကြီးအနောက်ဘက် ငတက်ပြားဈေး ရတနာမဉ်္စူ ဘုရားအရှေ့ဘက်တစ်ဈေး၊ စိန်ပန်းရပ်၌ တစ်ဈေး ဖွင့်လှစ်ရောင်းချနေကြောင်း တိုင်းချစ်သတင်းစာက ရေးသားခဲ့သည်။ မန်္တလေးမြို့တွင်း၌လည်း နန်းတွင်းရှိ ဘုရင်ခံအိမ်တော်၊ လမ်း ၃၀ရှိ ရုံးကြီးနှင့် ဈေးချိုတို့တွင် မြန်မာ့လွတ်လပ်ရေးတစ်မတော်၏ သုံးရောင်ခြယ်ဒါင်းအလံများ လွှင့်ထူထား သည်ဟု ဆို၏။
    ဗြိတိသျှနှင့် တရုတ်စစ်သားများ ဆုတ်ခွာသောအခါ ၁၉၄၂ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့တွင် အင်းဝတံတားကြီး၏ စစ်ကိုင်းဘက်ဂုံးနှစ်ဂုံးကို ဖောက်ခွဲဖျက်ဆီးခဲ့လေပြီ သို့သော် မန်္တလေးသိမ်းအပြီးအထိ မြို့ပတ်ဝန်းကျင်၌ ဗုံးသံအမြောက်သံများ ကြားနေရကြရဆဲဖြစ်၏။ အိနိ္ဒယသို့ အလျင်အမြန် ဆုတ်ခွာနေသော ဗြိတိသျှနောက်အား ဂျပန်တပ်က ထပ်ကြပ်မကွာလိုက်ကာ တိုက်ခိုက်နေဆဲဖြစ်သည်။
    အင်္ဂလိပ်အစိုးရက မိုးကုတ်ထောင်ထဲ ဖမ်းဆီးအကျဉ်းချထားခဲ့သော ဒေါက်တာဘမော်ကိုလည်း ထောင်ပြင်သို့ ရောက်အောင် တိတ်တဆိတ် ထုတ်ယူခဲ့ကာ မန်္တလေးမြို့သို့ သားမယားများနှင့်တကွ ကျန်းမာစွာ ရောက်ရှိနေပြီဆို၏။ မန်္တလေးသို့ ဂျပန်တပ်မ၀င်မီကပင် ဒေါက်တာဘမော်အား လိုလားသူမျိုးချစ်ပုဂိ္ဂုလ်တစ်စု၏ ကြံစည်မှုဖြင့် ထောင်မှ လျှို့ဝှက်စွာ ထုတ်ယူနိုင်ခဲ့ကြခြင်းဖြစ်သည်။
    မန်္တလေးခရိုင် ဗမာ့လွတ်လပ်ရေးတပ်မတော်ဌာနချုပ်မှ ဗိုလ်ကျော်ခေါင်က သုံးရောင်ခြယ် ဒေါင်းတံဆိပ်လက်စည်းများမှာ ဗမာ့လွတ်လပ်ရေးတပ် သားများအတွက်သာဖြစ်ပြီး ရိုးရိုးအရပ်သားများ တပ်ဆင်ရန် မလိုတော့ကြောင်း၊ အရပ်သားများအနေနှင့် ထိုလက်စည်းလက်ပတ်များ လက်ဝယ်ရှိ နေပါက မိမိတို့ စီရင်စုဆိုင်ရာ ဗမာ့လွတ်လပ်ရေး တပ်ရုံးများသို့ အမြန်ဆုံးပြန်လည်ပေးအပ်ကြရမည်။ ထိုလက်စည်းလက်ပတ်များ တံဆိပ်များကို အရပ်သားများက တပ်ဆင်အသုံးပြုပါက စစ်ဥပဒေအရ ပြင်းထန်စွာ အရေးယူလိမ့်မည်ဟု ကြေညာချက် ထုတ်ထား၏။
    မန်္တလေးမြို့၊ စိန်ပန်းရပ် ကလပ်လမ်းနှင့် ဘီအိုင်အေဈေးအနီးတွင် ၁၉၄၂ ခု၊ မေလ ၁၈ ရက်နေ့ညနှင့် ၁၉ ရက်နေ့ညတို့၌ လေဘာတီ အငြိမ့် ဖြင့် အောင်ပွဲခံကပြခဲ့သေးသည်။ မန်္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်နှင့် ၈၇ လမ်းတို့တွင် ရုံးစိက်တပ်စွဲခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ဗဟိုစစ်ရုံးကိုလည်း မန်္တလေးတစ်မြို့လုံး ပြာကျကာ အစားအစာ၊ သောက်ရေ၊ သုံးရေစသည်ဖြင့် ခက်ခဲရှားပါးနေပြီး နားနေရန် အဆောက်အဦအစ လေ့ကျင့်ရန် ကွင်းအထိ မရှိခြင်းကြောင့် အမရပူရသို့ ပြောင်းရွှေ့ခဲ့ပြန်သည်။ မန်္တလေးမြို့ ပြုပြင်ရေးအတွက် အဖွဲ့လူကြီးများလည်း ခန့်အပ်ခဲ့၏။
    ၎င်းင်းတို့မှာ (၁)ဦးငြိမ်း(ဥက်္ကဋ္ဌ-မေယာ)၊ (၂)ဦးအောင်ပွင့်(ကော်မတီ)၊ ဦးကျော်(လမ်းနှင့် အဆောက်အဦ ဆိုင်ရာချယ်ရာမင်)၊ ဦးကျော်ရန် (ကျန်းမာရေးချယ်ရာမင်)၊ ဦးတော်(ဈေးဌာနချယ်ရာမင်)၊ ဦးဘစီ(တရားဌာနချယ်ရာမင်)၊ ဦးစံရီ(လမ်းခရီးဆိုင်ရာ ချယ်ရာမင်)၊ ဦးဘသင်(အခွန်ဝန်)၊ ဦးစံလှဘော်(ဘဏ္ဍာရေးချယ်ရာမင်)၊ ဦးညွန့်(အိုးအိမ်ရာစီမံရေးချယ်ရာမင်)၊ ဦးကျော်(မီးနှင့် ရေဘက်ချယ်ရာမင်)၊ အေရာဇတ်(သန့်ရှင်းစင်ကြယ် ရေးချယ်ရာမင်)တို့ဖြစ်ကြသည်။ ယာယီဖွင့်လှစ်ထားသော ဈေးများကိုလည်း ဖျက်သိမ်းပြီး ဈေးချို၊ ရဟိုင်းဈေး၊ ဘုရားကြီးဈေး၊ မင်္ဂလာဈေး၊ ညောင် ပင်ဈေး၊ ပုဏ်္ဏားဈေး၊ ဂွမ်းရုံဈေးနှင့် နန်းရှေ့ဈေးများ၌သာ တရားဝင်ရောင်းဝယ်ဖောက်ကားကြရန် ညွှန်ကြားခဲ့သည်။
    x x x
    မန်္တလေးကို ဂျပန်က ဗုံးစတင်ကြဲသောအခါ တရုတ်တန်းရပ်ကွက်သည် အထိအနာဆုံးဖြစ်သဖြင့် ဆရာမြို့မငြိမ်းတို့ မိသားစုသည်လည်း အမရပူရှိ တောင်မြို့ ကိုလေးအိမ်သို့ ၂လ၊ ၃လမျှ သွားရောက် ခိုလှုံကြရသည်။ ထို့နောက် မန်္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက်ရှိ ဘကြီးဦးနနိ္ဒယ၏ တရုတ်တန်းကျောင်းသို့ ပြောင်းရွှေ့ကြပြန်၏။ မြို့လုံးကျွတ်နီးပါး မီးလောင်ပြကျပြန်သောအခါ ဧရာဝတီတစ်ဖက်ကမ်း မင်းကွန်းသဲဖြူချောင်းရွာသို့ ပြေးကြရပြန်သည်။
    ဂျပန်သိမ်းပြီးစ ကျောက်မဲက အတော်အတန် တည်ငြိမ်နေပြီဖြစ်၏။ သို့သော် စိတ်မချရသေးသဖြင့် ဆရာငြိမ်းက သူ့မိသားစုကို မြို့ပြင် နန့်ဟူးတောင်းရွာ၌ပင် နေစေသည်။ သူကမူ တပည့်များဖြစ်သော မြစ်သားကိုတင်မောင်၊ ကိုဘသင်၊ ကိုအေးမောင်တို့ စုစည်းဖွင့်လှစ်သည့် ဟို တယ်အတွက် လေထီးစကြီးများဖြင့် လိုက်ကာများ၊ ချုပ်ပေးခြင်း၊ နံရံချိတ်ပန်းချီကားများ ရေးဆွဲခြင်းများ ပြုလုပ်ခဲ့၏။ ဟိုတယ်တွင် ဂျပန်အရာရှိ များ အများဆုံး လာတတ်သောကြောင့် ဂျပန်ကြိုက် အလှမွေးငါးပုံ၊ ချယ်ရီပန်းပုံ၊ ရှုခင်းများ ရေးဆွဲခဲ့ပြီး ပန်းချီကားဘောင်များကိုလည်း ဒေသထွက် ၀ါးစိမ်း၊ ၀ါးညိုများဖြင့် ဆန်းဆန်းပြားပြား တီထွင်ပေးခဲ့သည်။
    ကျောက်မဲ၌ တစ်နှစ်ခန့် ခိုလှုံပြီး မန်္တလေး ပြန်ဆင်းလာသောအခါ မန်္တလေးသည် ဂျပန်၏ လက်အောက်၌ ထင်သလို မဟုတ်ဘဲ ပြားပြား မှောက်နေဆဲဖြစ်၏။ အပေါင်းအသင်းတွေလည်း စစ်ကိုင်းတောင်ရိုးမှာ စစ်ခိုစစ်ပြေးနေကြဆဲဖြစ်သည်။ ကိုရင်လေးက နိဗိ္ဗန်္ဒချောင်မှာတဲ့ …။ နိဗိ္ဗန်္ဒချောင်မှာ မြို့မအသင်းသားအများစု ရောက်နေကြသည်။ ၀ါးချက်ရွာ ရွှေဇာလီချောင်မှာ စန်္ဒရားဆရာ ကိုဘဒင်မိသားစု ရှိနေသည်။ ဆရာငြိမ်း မိသားစုသည် မန်္တလေးရောက်ရောက်ချင်း စစ်ကိုင်းသို့ ကူးကြပြန်သည်။ ၀ါးချက်ရွာ ရွှေဇာလီချောင်အထက် ကိုက် ၃၀၀ အကွာ တောင်နံရံ၌ ကျောက်ဂူတစ်လုံးထွင်းပြီး စစ်ပြီးဆုံးသည်အထိ ဆရာငြိမ်းတို့ မိသားစု ခိုလှုံခဲ့ကြသည်။
    တကယ်တော့ စစ်ခိုလှုံသည်ဆိုသော်လည်း စစ်ကိုင်းတောင်ရိုးသည် မန်္တလေးတစ်မြို့လုံး၏ ပရိသတ်ဖြင့် အေးချမ်းစွာ စည်ကားနေသည်။ ၀ါးချက်ရွာလောက်၌သာ ကနဦးအစက ဂျပန်လေယာဉ်၊ ဂျပန်စစ်သားအရောက်အပေါက်ရှိပြီး နောက်ပိုင်း၌ စစ်ကိုင်းတောင်ရိုးတစ်ခုလုံး အေးချမ်း သလောက်ဖြစ်နေသည်။ ထို့ကြောင့် စစ်ကိုင်း၌ စစ်ခိုနေကြသော မြို့မအသင်းသားများလည်း ၀ါသနာအရင်းခံမို့ စုစည်းမိကြကာ အဆို၊ အတီး အလုပ်တွေ စတင်လာကြပြန်သည်။ နိဗိ္ဗန်္ဒချောင်ရှိ ကိုရင်လေး၏ လက်ဖက်ရည်ဆိုင်မှာ မနက်တိုင်း စုဝေးကြပြီး မန်္တလေးမှာကဲ့သို့ပင် ဂီတ အကြောင်း ပြောဆိုကြ၊ ဖန်တီးကြတော့သည်။
    စစ်ကိုင်း၌ ရှိနေစဉ်ကာလအတွင်း အလှူ၊ မင်္ဂလာ၊ ဘုရားပွဲ ကျောင်းပွဲများ၌ မြို့မအသင်းက ရရာ တူရိယာပစ်္စည်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြ သည်။ စစ်ကိုင်းတောင်ရိုးရှိ ချောင်များမှ တရုတ်စကားပင် အုတ်ပလ်္လင်ကြီးများတွင် အောက်လင်းဓာတ်မီး ထိန်ထိန်ညီးကာ မြို့မတီးဝိုင်းကို အစဉ် အလာမပျက် တီးကာ မှုတ်ကာ၊ သီကာဆိုကာ ကကာခုန်ကာ တွေ့နေရမြဲဖြစ်ပါသည်။ စစ်ကိုင်းတောင် သစ်္စာဝါဒီချောင်၌ စစ်ခိုလှုံနေကြရသော မန်္တလေးမြို့ တရုတ်တန်းဈေးပိုင်ရှင် အ၀ိန်ကိုး၏ သမီး မင်္ဂလာဆောင်၌ပင် မြို့မက မပျက်မကွက် ဧည့်ခံခဲ့ပါသေး၏။
    စစ်ကိုင်းတောင်၌ စစ်ခိုလှုံနေစဉ် ဆရာငြိမ်းသည် ကမ်းဆိပ်ရိပ်သာ သီတာရေယဉ် ဧရာခွေဝန်း၊ သောင်ထွန်းတဲ့ တစ်ဖက်ကျွန်းဆွယ်” အစချီ ရေချိုးဆိပ်သီချင်းနှင့် “ပြာပြာမှိုင်းမှိုင်း မြူခိုးလွင်ဆိုင်းရီ၊ တောင်တွေညိုညို့ ညို့ဝေရီ အစချီသီချင်း(၂)ပုဒ်ကို ရေးစပ်ခဲ့လေသည်။
    ရေချိုးဆိပ်သီချင်းတွင် ဂျပန်ခေတ်က ကုန်ကြမ်းပစ်္စည်းရှားပါးမှုကြောင့် ရရာအမဲဆီများဖြင့် ချက်လုပ်သော ဆပ်ပြာခဲများကိုသာ အသုံးပြုရ သဖြင့် အဆင်မပြေဖြစ်ရပုံကို “အနားက အလွားအို … အ၀တ်လျှောက်နေရင်း ဆပ်ပြာကို ဆဲတော့ဖောင်စွန်းတိုင်ပင် ရေတွေဝင်ပါတယ်” ဟု ရေးစပ်ခဲ့သည်။
    အလားတူ မန်္တလေးမြို့က သီချင်းရေးဆရာတစ်ဦးဖြစ်သည့် ဆရာညှာကလည်း မင်းကွန်းတောင်ရိုးရှိ မဟာဂီရိချောင် သဲဂူထဲ၌ စစ်ပြေးရှောင် တိမ်းရင်း ““စစ် အောင်နိုင်ရေး”၊ “သီရိဓမ်္မာသောက”နှင့် “ပြည်တော်ဝင်” သီချင်းများကို ရေးစပ်ခဲ့လေသည်။
    ဆရာမြို့မငြိမ်း၏ “ရေချိုးဆိပ်” သီချင်းသည် စစ်ကိုင်းသရက်ပင်ဆိပ်၏ ရှုခင်းအလှနှင့်အတူ မြန်မာအမျိုးသမီးငယ်လေးများ ရေဆိပ်၌ ရေချိုး ဆင်းကြပုံ၊ လူငယ်သဘာဝ ဖိုမပိုးပန်းကြပုံများကို ပန်းချီကား တစ်ချပ်သဖွယ် လှလှပပ ခြယ်မှုန်းပြပြီး မြစ်ဆိပ်၏ မြင်ကွင်းအား အနုစိတ်စရိုက်ပေါ် အောင် ပြသနိုင်ခဲ့သည်။
    “နေခြည်နှင့်အသား၊ ရွှေရည်နှင့် ပတ်္တမြား … ပနံစားတယ်၊ နုမျစ်ပျိုရွယ် … ဖူးသစ်လုံမပျိုရယ်…” ဟူသော အဖွဲ့အနွဲ့သည် မြန်မာအမျိုး သမီး အပျိုရွယ်လေး၏ အသားအရေနှင့် လှသွေးကြွယ်ပုံကို ဆည်းဆာနေခြည်ဝါ၌ ခံစားရမှုအား “ရွှေရည်နှင့် ပတ်္တမြား”ဟု ဖွဲ့နွဲ့လိုက်ပေ၏။
    ဆရာညှာ၏ “ပြည်တော်ဝင်”ကလည်း စစ်ကြောင့် ခိုလှုံနေကြသော စစ်ကိုင်းတောင်ရှိ မန်္တလေးသားများနှင့် ကျန်ရစ်ခဲ့ရှာသော မန်္တလေးသား များနှင့် ကျန်ရစ်ခဲ့ရှာသော မန်္တလေးသားများ မမေ့လျော့ မေတ်္တာမပျက် နှုတ်ခွန်းဆက်သကာ မြို့ပျက်ကြီးအား ပြန်လည်ထူထောင်ဖို့ အားမာန်များ တနင့်တပိုး ပေးစွမ်းနိုင်ခဲ့သည်။
    မြရောင်လွှမ်း၍ သင်းသင်းမွှေးသော တရုတ်စကားရိပ်တွင် (၃)နှစ်တာမျှ စစ်ခိုလှုံကြအပြီး ၁၉၄၅ ခု၊ မတ်လ ၂၁ ရက်နေ့တွင် မန်္တလေးမြို့၌ ရန်သူတစ်ဦးယောက်မျှ မကျန်ရစ်ခဲ့တော့ဟု ကြေညာကာ မဟာမိတ်က ပြန်လည်သိမ်းပိုက်အပြီး စစ်ကြီးပြီးဆုံးတော့သည်။ မတ်လ ၂၃ ရက်နေ့၌ စစ်ကိုင်းချောင်၊ မင်းကွန်းချောင်အသီးသီးတွင် ခိုလှုံနေကြသော မြို့မအသင်းသားတွေကလည်း မန်္တလေးသို့ တစ်စုတစ်ဝေး ပြန်ကြလေပြီ။ အမရပူရစံရွေး ကူးတို့ဆိပ်မှ စစ်လက်ကျန် ထရပ်ကားကြီးပေါ် စုပြုံတက်ကာ ရရာတူရိယာပစ်္စည်းများဖြင့် မန်္တလေးမြို့တွင်းအထိ သီဆိုတီးမှုတ်ခဲ့ကြ၏။ နားထောင် ကြည့်စမ်းပါဘိ။
    ““အခါတော် ရောက်ချိန် နီးလို့လာပြီလေ၊
    ဒေါ်ဒေါ်မမ … နှမတို့တစ်တွေ …
    အသည်းစွဲချစ်မိတ်ဆွေ၊ ခေတ်္တခွဲလို့နေ
    မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ
    အောင်စည်ရွမ်းသံ ကြားရပြီထင့်၊
    ပြည်တော်ဝင်မယ်လေ …””တဲ့။
    ဆူးငှက်

    Like

  2. ဆူးငှက် (Sue Hnget) added 3 new photos.
    September 16, 2015 ·
    ဒုတိယ ပြည်တော်ဝင်
    “ဂြီသက်္ကရာဇ် တစ်ထောင်သုံးရာကိုးခု
    ပြာသိုလဆုတ်ကိုးရက် တနင်္ဂနွေနေ့အား
    ဤငါတို့မြန်မာပြည်လုံးဝလွတ်လပ်သော
    အချုပ်အခြာအာဏာပိုင်
    ပြည်ထောင်စု သမ်္မတမြန်မာနိုင်ငံတော်ကြီး အဖြစ်
    ကောင်းစွာ ရောက်သတည်း”

    လွတ်လပ်ရေး မော်ကွန်းတင် ကျောက်စာတိုင်ကြီးတွင် ဤသို့ အခိုင်အမာ ကျောက်ထက်အက်္ခရာတင်ပြီးနောက် အချင်းချင်းသဘောကွဲ မညီ ညွတ်မှုကြောင့် ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ရသည်။ အမျိုးသားအချင်းချင်း လက်နက်စွဲကိုင် တော်လှန်ကြတော့၏။ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်များက မန်္တလေးကဲ့သို့ မြို့ကြီးများကိုပင် တက်ရောက်ခြယ်လှယ်လာပြီး မြို့တော်ရန်ကုန်သို့ပင် ထိပါးလာခဲ့ကြသည်။
    ၁၉၄၉ ခုနှစ် မတ်လ(၁၁)ရက်နေ့ ညနေ(၃)နာရီတွင် လက်နက်ကိုင် ကေအင်ဒီအိုများအောက်သို့ အခိုက်အတန့်အားဖြင့် မန်္တလေးလည်း ကျ ရောက်သွားခဲ့သည်။ မြို့သူမြို့သားများလည်း ရှေးနည်းတူ ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ခွာကာ ထွက်ပြေးကြ၏။ ဆရာမြို့မငြိမ်းတို့ မိသားစုလည်း ဘကြီးဘုန်း ကြီးရှိရာ မန်္တလေးအနောက်ပြင် စကုတိုက်သံတော်ဆင့် ဘုန်းကြီးကျောင်းဆီ တစ်ကျော့တစ်ပြန် ခုံလှုံကြရပြန်သည်။

    မန်္တလေးမြို့၏ အုပ်ချုပ်ရေးဆိုင်ရာ ရုံးများလည်း စစ်ကိုင်းမြို့သို့ ဆုတ်ခွာပြောင်းရွှေ့ရုံးထိုင်ကြရသည်။ ဗိုလ်မှူးကြင်ဦးစီးသော မန်္တလေး အခြေ စိုက်အစိုးရတပ်ပေါင်းစုက စစ်ကိုင်းတွင် အင်အားပြန်လည်စုစည်းပြီး ဧပြီ(၆)ရက်နေ့တွင် မန်္တလေးကို လူမျိုးစုများလက်မှ ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

    ဗိုလ်မှူးကြင်၊ ဗိုလ်မှူးအေးမောင်၊ ဗိုလ်မှူးထွန်းစိန် အစရှိသော ဗိုလ်မှူး၊ တပ်မှူးများရှေ့ဆောင်သည့် တပ်ပေါင်းစုများ မန်္တလေးသို့ ပြန်လည်ကာ အုပ်စီးနိုင်သည်နှင့် မန်္တလေးမြို့သည် ပုံမှန်အနေအထားသို့ ရောက်ရှိပြီး သတင်းစာများလည်း ပုံမှန်ထုတ်ဝေနိုင်ခဲ့ကြသည်။ ဧပြီလ(၉)ရက်နေ့တွင် ပင် ပထမဆုံးပြန်လည်ထုတ်ဝေနိုင်ခဲ့သော လူထုသတင်းစာ၏ မျက်နှာဖုံး၌ အစိုးရတပ်များ မန်္တလေးသို့ မည်သို့ပြန်သိမ်းပုံ၊ နန်းတွင်းရှိ လက်ကျန် လူမျိုးစုတပ်များကို မည်သို့တိုက်ထုတ်ပုံ၊ ပြင်ဦးလွင်သို့ ဆုတ်ပြေးသော လူမျိုးစုတပ်များအား နန်းရှေ့နှင့် အောင်ပင်လယ်မှဖြတ်၍ မည်သို့ချေမှုန်းပုံ များလည်း အကျယ်တ၀င့် ရေးသားထားသည်။
    မြို့သိမ်းတပ်များ၏ ရှေ့တန်းကွပ်ကဲရုံးကို (၈၄)လမ်း လက်ဆည်ကန်ရပ်ရှိ နဂါးဒေါ်ဦးတိုက်တွင် ဖွင့်လှစ်ထားသည်။ မန်္တလေးမြို့အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော ဧပြီ(၈)ရက်နေ့တွင်ပင် အောင်ပွဲခံတပ်များက မြို့တွင်းတစ်လျှောက်ချီတက်ပြီး မြို့တွင်းသို့ဝင်သော အခမ်းအနားကို ကျင်းပခဲ့သည်။ ထိုသတင်းကို (၉-၄-၄၉) ရက်နေ့ထုတ် လူထုသတင်းစာက “မန်္တလေးမြို့သိမ်းအောင်ပွဲ အခမ်း အနား” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြထားပုံမှာ –

    မန်္တလေးမြို့၌ ၈-၄-၄၉ ရက်နေ့ နံနက်တွင် ဗမာ့တပ်မတော်မှ ကမကထပြု၍ မြို့ပေါ်ရှိ အစိုးရတပ်များနှင့် ပြည်သူ့ရဲဘော်ဖြူများ မြို့သိမ်းအောင်ပွဲ အခမ်းအနားပြုလုပ်ရာ တပ်ပေါင်းစုံချီတက်သည်။ လမ်းမကြီးတစ်လျှောက်လုံးတွင် စောင့်မျှော်ကြည့်ရှုနေသော လူထုကြီးမှာ အထူးပင် စည်ကား များပြားလှကြောင်း၊

    နံနက် (၇)နာရီအချိန်တွင် မန်္တလေးစစ်ရဲဌာနချုပ်၌ တပ်ပေါင်းစုံစုရုံးပြီးလျှင် (၈)နာရီအချိန်တွင် အစီအစဉ်အရ မြို့မစည်တော်ကြီးက ရှေ့ဆောင် ၍ ချီတက်လာကြကြောင်း ၎င်းင်းစည်တော်ကြီးနောက်မှ မန်္တလေးမြို့အကျိုးဆောင်ရိက်္ခာတာဝန်ခံ ဦးဝါသ၀(ခင်မကန်တိုက်) သည် ကားဖြင့် လိုက်ပါ လာကြောင်း ၎င်းင်းနောက်မှ ဗိုလ်မှူးကြင် ဦးဆောင်ကာ တပ်မတော် စိန်ပြောင်းတပ်စု တပ်မတော်စက်မှုလက်မှုတပ်၊ ဗိုလ်သင်တန်းတပ်၊ လူရှိုင်းစစ် တပ်၊ တပ်မတော်လေ့ကျင့်ရေးတပ်၊ ဗိုလ်လောင်းတပ်စု၊ ပြည်ထောင်စု စစ်ရဲတပ်၊ ဗိုလ်စိန်မှန်တပ် မုံရွာ-မန်္တလေး စစ်ဝန်ထမ်းတပ်စု၊ ရဲဘော်ဖြူတပ်၊ ရဲဘော်ဟောင်းတပ်၊ စီဒီစီပြည်သူ့ပျောက်ကားတပ်များနှင့်အတူ မြို့မတူရိယာတပ်ပါ ချီတက်ကြကြောင်း (၈၄)လမ်း ဗိုလ်ချုပ်လမ်းနှင့်(၂၆)ဘီလမ်း တစ်လျှောက်လုံး မြို့သူမြို့သားများ တိုးဝှေ့ကြည့်ရှုကြသည်ကို တွေ့ရှိရကြောင်း၊ ပြည်ထောင်စုအလံများလည်း လွှင့်ထူကြကြောင်းဟူ၍ သတင်းပေး ရေးသားထားခဲ့သည်။

    ထိုစဉ်က မြို့သိမ်းတပ်ဖွဲ့များနှင့်အတူ မြို့မတူရိယာအသင်းပါ လိုက်ပါလှည့်လည်သောအခါ အေ၀မ်းဆရာညှာ၏ “ပြည်တော်ဝင်” သီချင်းကို ပင် မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ခဲ့သည်ဆို၏။ နန်းတွင်း၌ ပြည်ထောင်စုအလံတော်စိုက်ထူသည်အထိပင် လိုက်ပါလှည့်လည် တီးမှုတ်ခဲ့သည်။ ထိုနေ့ ကား ဧပြီလ(၈)ရက်နေ့မို့ “အခါတော်ရောက်ချိန် နီးလို့လာပြီလေ၊ ဒေါ်ဒေါ် မမ နှမတို့ရေ အသည်းစွဲ ချစ်မိတ်ဆွေ ခေတ်္တခွဲလို့နေ” ဟူသော သီချင်း စာသားနှင့် ဒုတိယအကြိမ်မြောက် လိုက်ဖက်ညီခဲ့ပြန်လေခြင်းဖြစ်သည်။ ကျောက်ဆည်မြို့ ရှေ့တန်းစခန်းသို့ပင် မြို့မက လိုက်ပါဖျော်ဖြေခဲ့ရသည်။
    (ပထမဆုံး ပြည်တော်ဝင်သည်က ၁၉၄၅ခုနှစ် မတ်လ ၂၀ရက်နေ့တွင် မန်္တလေး၌ရန်သူဖက်ဆစ်ဂျပန်များအားလုံး ချေမှုန်းရှင်းလင်းပြီးကြောင်း ကြေညာပြီးနောက် စစ်ကိုင်းတောင်ရိုးတွင် သုံးနှစ်သုံးမိုး စစ်ခိုနေကြသူများ “ပြည်တော်ဝင်”သီချင်းဖြင့် မန်္တလေးပြန်ဝင်ခဲ့ကြခြင်းဖြစ်သည်။)

    တကယ်တော့ ဧပြီလ(၆)ရက်နေ့ကတည်းက နန်းတွင်းကို မြန်မာတပ်မတော်က အပြီးအပိုင် သိမ်းပိုက်ပြီးဖြစ်သည်။ ဧပြီ(၇)ရက်နေ့တွင်မန်္တလေးတစ်မြို့လုံးစည်ကားလာ၏။ ဈေးချိုတော်ကြီး လည်း ပြန်လည်ဖွင့်လှစ်လိုက်ပြီ။ ကိုင်းတန်းဈေး၊ထီးတိုင်ဈေးစသော ပြန်ကျဈေးများလည်း ရောင်းဝယ်နေကြပြီ။ မနက်ဈေးဖြစ်သော ရဟိုင်းဈေးနှင့် ညနေဈေးဖြစ်သော သမီးတော်ဈေးများလည်း ပုံမှန်စည်ကားနေ၏။ မန်္တလေးလျှပ်စစ်ဌာန ကလည်း ဧပြီ(၈)ရက်နေ့ညမှာပင် မြို့ကို မီးပေးနိုင်ပြီ။ ဧပြီ(၉)ရက်နေ့ ရောက်တော့ မုံရွာ၊ ရွှေဘို၊ ရေဦးဘက်မှ အဝေးပြေးကားများပင် ယခင်ကလို ၀င်ရောက်လာကြ၏။
    ၁၉၄၉ ခု ဧပြီလ(၈)ရက်နေ့တွင် ကေအင်ဒီအိုများလက်မှ မန်္တလေးမြို့ လွတ်မြောက်၍ မြို့သိမ်းအခမ်းအနားကြီးအား မြို့လုံးကျွတ်မျှဝဲချီးကျင်းပ ပြီး မြို့မတူရိယာအသင်းကြီးကလည်း “ပြည်တော်ဝင်” သီချင်းဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ပါဝင်ခဲ့လင့်ကစား ထိုအချိန်တွင် မြို့မ၏ ညီနောင်အစ်ကို ဆရာသမား ရင်းချာကြီး တစ်ဦးဖြစ်သူ တေးပြုစာဆို “နန်းတော်ရှေ့ဆရာတင်” ကား ပြည်တွင်းစစ်အတွင်း၌ပင် ကွယ်လွန်နိအစ်္စရောက်ရရှာလေပြီ။

    နန်းတော်ရှေ့ဆရာတင်ကို နှစ်ဖက်ပစ်ခတ်နေကြဆဲကာလ၌ပင် နန်းရှေ့အုတ်စက်သုဿာန်၌သင်္ဂြိုဟ်လိုက်ရသည်။
    ဆူးငှက်
    ဆူးငှက် (Sue Hnget)’s photo.

    Like

  3. ဆူးငှက် (Sue Hnget)
    March 13, 2014 ·
    မန္တလေးကို ကယ်တင်ဖို့
    ဘာပဲပြောပြော လက်ရှိအနေနဲ့ မန္တလေးဟာ မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်။ စီးပွားရေးအရရော၊ ယဉ်ကျေးမှုအရရော အချက်အချာကျတယ်ဆိုတာလည်း မငြင်းနိုင်ပါဘူး။ ဒါပေမယ့် အဲဒီ အချက်အချာကျတဲ့ စီးပွားရေးနှင့် ယဉ်ကျေးမှုမှာ မကြာခင် ကုန်းကောက်စရာမရှိတော့အောင် ချွတ်ခြုံကျတော့မယ် ဆိုတာလည်း အသေအချာပါပဲ။ ဒီအန္တရာယ်နဲ့ ဒီခံစားချက်ကို သိနားလည်တဲ့သူတွေဆိုတာ ပီဘိ ကျန်ကောင်းကျန်ရာအနေနဲ့ တည်းတည်းသာရှိတော့တဲ့ မန္တလေးသားစစ်စစ်အနည်းငယ်ပဲ ရှိပါတော့တယ်။ ဒီအနည်းငယ်ထဲမှာပဲ ရင်နင့်စွာ ပွင့်အန်ခဲ့ကြတာက မန္တလေးသားအနုပညာရှင်တွေပါ။ စာပေ၊ သဘင်၊ ဂီတ၊ ပန်းချီ… စတဲ့ အနုပညာရှင်တွေပေါ့။ ဒီဖွင့်အန်မှုတွေဟာ ၁၉၈၄ နောက်ပိုင်း စတင်လာကြတယ်။ ၁၉၈၄ ဦးကျားကြီးဝင်း မီးဘေးပြီးနောက် မန္တလေးမှာရှိတဲ့ အမျိုးသားစီးပွားရေးတွေ စတင်ပွန်းပဲ့လာမှုအပေါ် စာပေအနုပညာအသိုင်းဝန်းက စတင် ခံစားနာကျင်လာကြတယ်။
    ၁၉၈၈ အရေးတော်ပုံပြီးတဲ့နောက်တက်လာတဲ့အစိုးရလက်ထက်မှာတော့ ၁၉၈၄ သဘာဝမီးဘေးထက် အဆပေါင်းများစွာကြီးမားတဲ့ “မင်းဘေး”ကြောင့် အမျိုးသားစီးပွားရေးတွေ တ၀ုန်းဝုန်းပြိုဆင်းသွားတော့တာပါပဲ။ မြို့ရဲ့အသည်းနှလုံးဖြစ်တဲ့အပြင် အမျိုးသားစီးပွားရေးအမှတ်လက္ခဏာဖြစ်တဲ့ ဈေးချိုတော်ကြီးကို “မင်းမိန့်၊ မင်းအာဏာ”နဲ့ အမြစ်ကဖြိုလှဲလိုက်တယ်။ မြို့ပေါ်မှာရှိတဲ့ စီးပွားအရင်းအမြစ်တွေဖျက်ဆီးရုံမက၊ လာဘ်လာဘနဲ့ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်ပြီး နယ်ချဲ့လာတဲ့လူမျိုးခြားကို တရားဝင် ဒလဟောသွင်းလာပြန်တယ်။ မန္တလေးရဲ့အမျိုးသားစီးပွားရေးတွေပျက်ကုန်ပြီ။ စီးပွားရေးပျက်မှတော့ လူမှုရေးပျက်ပြီပေါ့။ ယဉ်ကျေးမှုပျက်ပြီပေါ့။ ဒီအပျက်တွေကြားမှာ “နိုင်ငံရေး”မပျက်ရလေအောင် မန္တလေးမှာ ရင်စီးခံထားရတယ်။ ဘ၀အပျက်ခံပြီး ထိန်းထားကြရတယ်။ အိမ်ခြေစွန့်၊ မြို့စွန်တဲထိုးပြီးမှ ခုခံထားကြရတယ်။ ဒီလူနည်းစုထဲမှာ အနုပညာရှင်တွေပါတယ်။
    မန္တလေးရဲ့စီးပွားရေးမှန်သမျှ အမျိုးသားပိုင်စီးပွားရေးဟာ နောက်တန်းမှာပဲရှိနေတယ်။ မန္တလေး ရွာနေပြည်ထိုင် မိရိုးဖလာစီးပွားရေးဆိုတာ စုန်းစုန်းမြုပ်လုမတတ်ပဲ။ ယဉ်ကျေးမှုဆိုတာကတော့ မျက်စိအောက်မှာတင် တ၀ုန်းဝုန်းပြိုကျသွားသလိုပါ။ တန်ဖိုးထားသူ မန္တလေးသားလူနည်စုကသာ အသံပြာမတတ် ပြောကြ၊ ဆိုကြ…။ လက်က မီးခိုးထွက်လုမတတ် ရေးကြသားကြရပေမယ့် အာဏာပိုင်အဆက်ဆက်က မသိကျိုးကျွံ(သို့မဟုတ်) သိသိနှင့်ပင် ရေနစ်ရာဝါကူထိုးကြပါတယ်။ ရိုးရာပွဲလမ်းများနှင့် ပတ်သက်ရင် ပွဲမိန့်ရဖို့ခက်ခဲ၊ လုံခြုံရေးပေးဖို့ ငြင်းဆန်ပေမယ့် နိုင်ကလပ်တွေ၊ ကာရာအိုကေတွေ၊ ပါတီပွဲတွေကိုတော့ သူတို့ရဲ့ တူသားနောင်မယ်များကိုယ်တိုင် ဖွင့်လှစ်ထားကြတယ်။ အထူးသဖြင့် မြန်မာရိုးရာယဉ်ကျေးမှုရဲ့ပြယုဂ်ဖြစ်တဲ့ မန္တလေးအတာသင်္ကြန်ပွဲတော်ကို အာဏာပိုင်များကပဲ စံနစ်တကျဖျက်ဆီးပစ်ခဲ့ကြတာပါ။
    ကိုယ်ကျိုးအတ္တစီးပွားကိုပဲ အရာရာရှေ့တန်းတင်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလကြီးမှာ ငွေကြေးနဲ့ပဲဖိပြီး မူလတွေကိုဖျောက်ဖျက်၊ အစွယ်အပွားတွေကိုပဲ မြှင့်တင်ယူခဲ့ကြတာပါပဲ။ သမိုင်းဝင်ဈေးချိုကြီးကိုဖျက်တယ်၊ ဘူသီးငါးပေါင်းကြော်ဆိုင်းဘုတ်ကြီးတွေနဲ့ စူပါမားကတ်ကြီးတွေပေါ်လာတယ်။ သမိုင်းဝင် ဆီးပန်နီဆရာတော် ဗိမာန်ကိုဖျက်တယ်၊ အမိုးကော့ဘုံကျောင်းကြီးတွေ မြင့်မားလာတယ်။ သမိုင်းဝင် ကနောင်မင်းသားကြီးဂူကို ထိုးကော်ပစ်တယ်၊ ဘီယာဆိုင်တွေ မှိုလိုပေါက်စေတယ်။ သမိုင်းဝင် သခင်ဗဟိန်းဂူကို တရုတ်ကျောက်စိမ်းဈေးကွက်နဲ့ အစားထိုးအမှုန့်ချေပစ်လိုက်တယ်။ ဒီကြားထဲ သမိုင်းဝင်ကျုံးမြို့ရိုးပြအိုး ၄၈ ရပ်ကိုလည်း အင်္ဂလိပ်နယ်ချဲ့စစ်တပ်အမွေကိုဆက်ခံကာ ဒီကနေ့အမျိုးသားအစိုးရခေတ်အထိ စစ်တပ်ကအပိုင်စီးထားသေးတယ်။ ဒီကြားထဲ ရတနာပုံခေတ်ရဲ့လက်ရာတစ်ခုအနေနဲ့ ကျန်ကောင်းကျန်ရာကျန်နေတဲ့ သမိုင်းဝင် စက်ရှင်တံတားကြီးကိုလည်း ဗေဒင်လိုလို ယတြာလိုလိုနဲ့ အုပ်တစ်ချပ်သဲတစ်ပွင့်မျှမကျန်အောင် အစဖျောက်ပစ်လိုက်ပြန်တယ်။
    ကိုင်း… ဒီလို ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ ထင်တိုင်းကျဲခဲ့တဲ့ အာဏာရှင်အုပ်စိုးမှု ချုပ်ငြိမ်းပြီး ပြည့်သူ့ကိုယ်စားလှယ်နဲ့ အစိုးရဖွဲ့တဲ့ ဒီမိုကရေစီခေတ်ကိုရောက်ပြီဆိုရင် ဒီလိုပျက်စီးမှုတွေ မရှိစေရတော့ဘူးလို့ သာမာန်ပြည်သူတိုင်း သိရှိနားလည်ခဲ့ကြပါတယ်။ ဒါကြောင့် “မည်သို့ပင် ဆိုစေကာမူ…”ဆိုတဲ့ ချွင်းချက်နဲ့ပဲ ၂၀၁၀ ခုနှစ်ကာကက မျက်စိမှိတ်လိုက်ပြီး ပြည့်သူ့ကိုယ်စားလှယ်များအဖြစ် သတ်မှတ်ရွေးချယ်မှုကို လက်ခံခဲ့ကြတာပဲ မဟုတ်ပါလား…။ ဒီလိုနဲ့ပဲ ရသလောက်ပြင်မယ်ဆိုတဲ့ စွန့်လွှတ်မှု၊ စွန့်စားမှုစိတ်ဓာတ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ထဲ ပြည်သူ့အားစစ်စစ်နှင့်ရောက်သွားကြတာပဲ မဟုတ်လား…။ ဘာပဲပြောပြော… ၂၀၁၄ ဆိုတာ အစိုးရသက်တမ်း ၄ နှစ်ရှိပါပြီ။
    စောစောကအစီရင်ခံသလို… ရွှေကိုယူသည်၊ ငွေကိုယူသည်၊ ပြီးတော့ လူကိုပါယူသည် ဆိုသလို… ဖျက်ဆီးယူဆောင်သွားကြဖို့ အခွံကျွတ်ကျန်ရတဲ့ “မန္တလေး”ကို ပြည်သူ့ကိုယ်စားလှယ်ကြီးတွေကကော မကယ်တင်ကြတော့ဘူးလား…။ အစိုးရသစ် ၄ နှစ်သက်တမ်းမှာ ဒီကနေ့အထိဆိုရင် လွှတ်တော်အစည်းအဝေး ၉ ကြိမ် ၉ ခါ ကျင်းပပြီး ထင်ပါရဲ့။ ဒီကာလအတွင်း မန္တလေးပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများထံက မန္တလေးယဉ်ကျေးမှုနှင့်ပတ်သက်လို့၊ မန္တလေးအမွေအနှစ်နဲ့ပတ်သက်လို့၊ မန္တလေးစီးပွားရေးနဲ့ပတ်သက်လို့၊ မန္တလေးလူမှုဝန်းကျင်နဲ့ပတ်သက်လို့၊ မန္တလေးထိန်းသိမ်းကာကွယ်မှုနှင့် ပတ်သက်လို့၊ မန္တလေးခုခံကာကွယ်မှုနှင့်ပတ်သက်လို့၊ မန္တလေးရိုးရာဓလေ့နဲ့ပတ်သက်လို့ လွှတ်တော်ထဲမှာ တစ်ခွန်းတစ်ပါဒမျှ ရွှေနှုတ်တော်က မြွက်ဟပြောဆိုမေးမြန်းတင်ပြခြင်း အလျှဉ်းမရှိခဲ့ပါဘူး။ အစိုးရသစ် ၄ နှစ် သက်တမ်းအတွင်းမှာပဲ ဖျက်မြဲဖျက်၊ ပျက်မြဲပျက်၊ ဆုံးမြဲဆုံး၊ ရှုံးမြဲရှုံး၊ ဖိမြဲဖိနှင့် အာဏာရှင်အစိုးရခြေရာနှင့် ဖ၀ါးခြေထပ်ဆဲပါပဲ…။
    ဒီတော့… လာမယ့် ၂၀၁၅ ခုနှစ်မှာ လက်ရှိအစိုးရသက်တမ်းကုန်ပါပြီ။ ပြည်သူ့ကိုယ်စားလှယ်အသစ်တွေ ရွေးချယ်ကြရပါတော့မယ်။ ပြည်သူလူထုလက်ထဲမှာ ရွေးချယ်ပိုင်ခွင့်ရှိပါလျက်နှင့် ပထမ ၅ နှစ်သက်တမ်းကို နမူနာယူပြီး ပြည်သူလူထုအကျိုးကို တကယ်ဆောင်ရွက်မယ့် ပြည်သူ့ကိုယ်စားလှယ်စစ်စစ်များကိုသာ ရွေးချယ်ကြဖို့ လိုအပ်ပါပြီ။
    ဖြတ်သန်းခဲ့ရတဲ့ ၄ နှစ်သက်တမ်းအရ မန္တလေးအနေနှင့် ရွေးချယ်လိုက်တဲ့၊ ရွေးချယ်သည်ဟုဆိုတဲ့ ကိုယ်စားလှယ်များနှင့်ကတော့ ငါးပါးသာမက သံဃာစင်ပါမှောက်ခဲ့တာဖြင့် ပြောစရာမလို…၊ ကြုံခဲ့ရလေပြီပဲ။
    ဒါကြောင့်… တကယ် မန္တလေးကိုကာကွယ်မယ့်၊ မန္တလေးကိုခုခံမယ့်၊ မန္တလေးကိုကယ်တင်မယ့် ကိုယ်စားလှယ်တွေရွေးနိုင်ဖို့ အခုကတည်းက ကြိုတင်ညှိနှိုင်းဆွေးနွေး၊ သုံးသပ်၊ စဉ်းစား၊ ဆုံးဖြတ်ထားကြပါစို့…။
    ပြောချင်တာက မန္တလေးဆိုတာ နမူနာ…။
    တစ်တိုင်းတစ်ပြည်လုံးအတွက် သေချာစဉ်းစားကြရတော့မယ် အချိန်ပါ…။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s