“ပဉ္စမ မြန်မာနိုင်ငံတော် နိဒါန်း”

Htin Lin Oo WisdomVilla

A4. ၄ မျက်နှာနဲ့ ဝင်အောင် မနည်းချုံ့လိုက်ရတဲ့ ဆောင်းပါး –

“ပဉ္စမ မြန်မာနိုင်ငံတော် နိဒါန်း”
**********************************
“ မြန်မာအစ တကောင်းက” ဟု ဆိုရိုးစကားရှိခဲ့သည် ။ မြန်မာနိုင်ငံတွင် တကောင်းခေတ်မတိုင်မီကပင် ပျူ ၊ကမ်းယံ ၊ သက်-စသော ဌာနေလူမျိုးစုတို့ရှိနှင့်ခဲ့ပြီးဖြစ်သည် ။ မဇ္ဈိမဒေသမှ သာကီယမင်း အဘိရာဇာသည် စစ်ရှုံး၍ တိုင်းပြည်ကိုစွန့်ခွာထွက်ပြေးလာရသည် ။ မှူးကြီးမတ်ရာသေနာပတိများ ၊ တိုင်းသူပြည်သားများနှင့် အတူ ရေကြည်ရာ မြက်နုရာ ရှာဖွေရင်းမှ မြန်မာနိုင်ငံအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသည် ။ ချင်းတွင်းမြစ်အထက်ပိုင်း ဧရာဝတီမြစ်ဝှမ်း လွင်ပြင်ဒေသတွင် အခြေချကာ မြို့တည်သည် ။ မြို့ကို သင်္ကဿရဌ တကောင်း ဟု အမည်သမုတ်ခဲ့ရာမှ “ မြန်မာအစ တကောင်းက” ဟုဖြစ်လာခဲ့ရသည် ။ ယင်းသည် ပထမတကောင်းခေတ် ဖြစ်၏ ။ တရုတ်တရက်တို့ လာရောက် တိုက်ခိုက်သဖြင့် ထိုပထမ တကောင်း ခေတ်ပျက်ခဲ့ရသည် ။ နောင်သော် ထိုမဇ္ဈိမဒေသ၌ သာကီဝင်မင်းတို့အား ၀ိဋူဋူဘ ဘေးဆိုက်ရောက်သဖြင့် ဓဇရာဇာ သာကီယမင်းနှင့် နောက်လိုက်နောက်ပါ ခြွေရံသင်းပင်းများ ၊ တိုင်းသူပြည်သားများ မြန်မာပြည်အတွင်းသို့ တိမ်းရှောင်လာကြပြန်သည် ။ ပထမတကောင်းမြို့ဟောင်းရာတွင် မြို့သစ်ကိုတဖန်တည်ပြန်သည် ။ ထိုတကောင်းခေတ်သည် ဒုတိယ တကောင်းခေတ်ဖြစ်ခဲ့သည် ။

Image may contain: 1 person, standing

ယင်းဒုတိယတကောင်းခေတ်တွင်မင်းပြုသော သတိုးမဟာရာဇာမင်း၏ သားနှစ်ပါးဖြစ်ကြသည့် မဟာသမ္ဘ၀နှင့် စူဠသမ္ဘ၀ တို့ညီနောင်မှဇာတ်လမ်းဆက်ကာ သရေခေတ္တရာတိုင်းပြည်ပေါ်ပေါက်လာသည် ။ သရေခေတ္တရာ တိုင်းပြည်သ စ်ကို မဟာသမ္ဘ၀ က မင်းပြုစိုးစံသည် ၊ မိဖုရားခေါင်ကြီးမှာ ဗေဒါရီဖြစ်သည် ။ နောင်တော်လွန်သော် ညီတော်စူဠသမ္ဘ၀က မရီးတော် ဗေဒါရီကိုပင် မိဖုရားခေါင်ကြီးမြှောက်၍ မင်းပြုစိုးစံသည် ။ ထိုမင်းလွန်သော် မဟာသမ္ဘ၀နှင့် ဗေဒါရီ တို့၏ သားတော် ဒွတ္တဘောင်မင်းက ထီးနန်းဆက်ခံသည် ။ ဘုန်းသမ္ဘာအလွန်ကြီးသော ဟူ၏ ။ အာခံတွင်းမှ စက်အ အရာင်ထွက်သည် ၊ သိကြားမင်းက စည်တော် ၊ မောင်းတော် ၊ လှံလျှင်တို့ကို ဆက်သရသောဟူ၏ ။ ထိုမင်းလက်ထက်တွင် အလွန်စည်ပင်ဝပြောခဲ့သည့် သရေခေတ္တရာပြည်ကြီးကား နောင်မင်းတို့ လက်ထက်တွင် ပြည်တွင်းရေး အစိတ်စိတ်ကွဲကာ အင်အားချိနဲ့လာခဲ့ရပြီး အဆုံးတွင် “ငါ့စကော” ကောလာဟလကို အကြောင်းပြု၍ ပျက်စီးခဲ့ရသည် ။

ထိုသရေခေတ္တရာပြည်ကြီး ပျက်စီးပြီးနောက်တွင်ကား ယုန်လွှတ်ကျွန်းအရပ်တွင် ရွာ(၁၈)ရွာဂါမ အကြီးအမှုးတို့ စုစည်းညီညွတ်ကြလျှက် အရိမဒ္ဒနာပူရ ထီးနန်းဆက်ကို ထူထောင်ခဲ့ကြသည် ။ အကြီးအမှူးကား သမုဒ္ဒရာဇ်မင်းဖြစ်သည် ။ နောင်တွင် လောကနန္ဒာအရပ်ကို သီရိပစ္စယာဟု သမုတ်၍ နန်းမြို့ပြောင်းခဲ့သည် ။ ထိုမှတဖန် တမ္ပ၀တီသို့ ထီးနန်းပြောင်းပြန်သည် ။ သို့ဖြစ်၍ ပုဂံမင်းဆက်တို့သည် နန်းမြို့နေရာ သုံးခုပြောင်းခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဆိုပေသည် ။ ထိုတမ္ပ၀တီ ပုဂံခေတ်သည်ကား ပထမ မြန်မာနိုင်ငံတော်ကြီး တည်ထောင်ခဲ့သော ခေတ်ဖြစ်ပေသည် ။

ပထမ မြန်မာနိုင်ငံတော်
**************************
ဦးရီးတော် ကွမ်းဆော်ကျောင်းဖြူမင်းကို ထီးနန်းလုခဲ့သော စုက္ကတေးမင်းသည် ကွမ်းဆော်ကျောင်းဖြူမင်း၏ သားတော် အနုရုဒ္ဓာကို မင်းပရိသတ်ဗိုလ်ပုံအလည်တွင် “ညီသားနောင်မယ် ” ဟု ဆိုခဲ့သည် ။ မင်းပရိသတ်တို့ကလည်း ရယ်သွမ်းသွေးကြသည်ရှိသော် အနုရုဒ္ဓာသည် ခမည်းတော် ကွမ်းဆော်ကျောင်းဖြူရဟန်းကို သွားရောက်မေးမြန်း၏ ။ “သင့်အကိုဖြစ်သူ စုက္ကတေးသည် သင့်မိခင်ကို မိဖုရားပြုတော့မည် ” ဟု ခမည်းတော်က ဖြေကြားလေသော် အနုရုဒ္ဓာသည် စုက္ကတေးကို ခြားနားလေသည် ။ ညီနောင်နှစ်ပါးတို့ စီးချင်းထိုးကြရာ စုက္ကတေးသေလေ၏ ။ မြင်းခြေနင်းကွင်းတွင် တွဲလွဲပါ၍ ကမ္ဘားမှကျ၏ ။ ထိုနေရာသည် မြင်းကျကမ္ဘား ဟုတွင်၏ ။ နောင်သော် “မြင်းကပါ ”အရပ်တွင်ပေသည် ။ အနုရုဒ္ဓာသည် ဖခင်အားထီးနန်းအပ်နှင်းသော် မယူ၍ ကိုယ်တိုင်မင်းပြု၏ ။ တိုင်းနိုင်ငံကို စည်ပင်တိုးတက်အောင်ပြု၏ ။ ကျန်စစ်သား ၊ ငလုံးလက်ဖက် ၊ ညောင်ဦးဖီး ၊ ငထွေရူး ..လေးဦးသောလက်ရုံးများဖြင့် ပြည်တိုင်းကားကို တည်ဆောက်၏ ။ ပြည်သူ ပြည်သားတို့ အကျိုးများစိမ့်သောငှာ လယ်တွင်းဆယ့်တစ်ခရိုင်ကိုတည်၏ ၊ ဆည်မြောင်းကန်ချောင်းတို့ကို တူးဖော်၏ ၊ ဆည်၏ ။ ဖို့၏ ။ သို့ဖြင့် ပြည်တိုင်းကားသည် ကြီးပွားချမ်းသာလာ၏ ။ နိုင်ငံတော်နယ်နမိတ်သည်လည်း ကျယ်ပြောလာ၏ ။ အထူးသဖြင့်ကား ရှင်အရဟံနှင့် အနုရုဒ္ဓာ ဆရာတကာ ညီကြ၍ – တိုင်းပြည်တွင် ဆိုးယုတ်သည့်အကျင့်ကျင့်ကြသော အရည်းရဟန်းတို့အား သုတ်သင်သန့်စင်ကာ ဗုဒ္ဓသာသနာ ကို ရောင်ဝါထွန်းကားစေခဲ့ခြင်းပင်ဖြစ်သည် ။

ထိုခေတ်ကား တိုင်းကားပြည်ရွာသာယာစည်ပင်၏ ၊ ပြည်သူပြည်သားတို့ စီးပွားကုံလုံကြွယ်ဝ၏ ၊ နိုင်ငံတော်အား အင်အား တောင့်တင်း၏ ။ နိုင်ငံတော်နယ်နမိတ်လည်း ကျယ်ပြန့်လာခဲ့၏ ။ ဗုဒ္ဓသာသနာတော်လည်း ရောင်ဝါထွန်းခဲ့၏ ။ သို့ဖြစ်သောကြောင့် ထိုခေတ်ကို ပထမမြန်မာနိုင်ငံတော်ခေတ်ဟု သမိုင်းတွင် မော်ကွန်းတင်ခဲ့ကြ၏ ။ ထိုနိုင်ငံတော်ကြီးကို တည်ဆောက်ခဲ့သော အနုရုဒ္ဓာ (အနော်ရထာ) မင်းကြီးကိုလည်း ပထမမြန်မာနိုင်ငံတော် တည်ဆောက်သူ ဟု သမိုင်းမှတ်တမ်းတင်ခဲ့ကြပေသည် ။
အနော်ရထာမင်းကြီးတည်ထောင်ခဲ့သော ပထမမြန်မာနိုင်ငံတော်ကြီးသည် နရသီဟပတေ့မင်း လက်ထက်တွင် တရုတ်စစ်ရောက်လာ၍ ပျက်စီးခဲ့ရသည် ။ ထိုမင်းလည်း တရုတ်ပြေးမင်းဟု သမိုင်းတွင်ခဲ့ပေသည် ။

ဒုတိယမြန်မာနိုင်ငံတော်
**************************
ပုဂံပျက်ပြီးနောက် တိုင်းကားပြည်ရွာ အမွှာမွှာကွဲခဲ့သည် ။ တောင်ငူဘုရင် မင်းကြီးညို၏ သားတော် တပင်ရွှေထီး သည် အောက်ဖက်အောက်ရွာ မြို့ကျေးများကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သော်လည်း သုရာသမားအဖြစ် နွံနစ်ကာ သမိန်စော ထွတ်၏ လုပ် ကြံခြင်းကို ခံခဲ့ရသည် ။ ထို့နောက်တွင် တပင်ရွှေထီး၏ အမတော် သခင်ကြီးနှင့် လက်ဆက်ခဲ့သူ ဘုရင့်နောင် ကျော်ထင်နော်ရထာက တိုင်းပြည်ကို ပြန်လည်စည်းရုံးထူထောင်ခဲ့ရ၏ ။ ကမ္ဘောဇသာဒိ ထီးနန်းကိုထူထောင်ခဲ့၏ ။ ထို မင်းကြီးကား လက်ရုံးကောင်း ၊ နှလုံးကောင်း၏ ။ ထိုမင်းကြီးလက်ထက်တွင် အယုဒ္ဓယကိုပင် အောင်နိုင်ခဲ့၏ ။ တိုင်းကားပြည်ရွာ သာစည်ပင်၏ ။ နိုင်ငံတော်အင်အားတောင့်တင်းလာပြန်၏ ။ နိုင်ငံတော်နယ်နမိတ်ကား ဂျွမ်းပြည် ၊ ယွမ်းပြည်တို့ အထိပင် ကျယ်ပြောခဲ့၏ ။ ဘာသာရောင်ဝါလည်း ထွန်းကား၏ ။ သို့ဖြစ်ရကား ထိုခေတ်ကို ဒုတိယ မြန်မာနိုင်ငံ တော်ခေတ် ဟု သမိုင်းမော်ကွန်းထိုးခဲ့ကြ၏ ။ ဆင်ဖြူရှင်ဘွဲ့ခံ ဘုရင့်နောင်မင်းတရားကြီးကိုလည်း ဒုတိယ မြန်မာနိုင်ငံတော် တည်ထောင်သူ ဟု သမိုင်းမှတ်တမ်းတင်ခဲ့ကြ၏ ။
ဆင်ဖြူရှင်မင်းတရားကြီးတည်ထောင်ခဲ့သော ဒုတိယမြန်မာနိုင်ငံတော်ကြီးသည်ကား သားတော် ငါးဆူဒါယကာ မင်း လက်ထက်တွင် ပြည်ထဲရေးစီမံခန့်ခွဲမှု ညံ့ဖျင်းသဖြင့် အစိတ်စိတ်ကွဲခဲ့ရပြန်သည် ။ ငါးဆူဒါယကာမင်းသည်လည်း တူတော်ဖြစ်သူ နတ်သျှင်နောင်မင်း၏ လုပ်ကြံခံရသဖြင့် အသက်ဆုံးခဲ့ရပေသည် ။

တတိယမြန်မာနိုင်ငံတော်
****************************
တတိယ မြန်မာနိုင်ငံတော်ကြီးသည်ကား မုဆိုးဘိုရွာကလေးမှ စတင်ခဲ့ပေသည် ။ အစဉ်အဆက် သူကြီးမျိုးရိုးမှ ဆင်းသက်လာခဲ့သော ဦးအောင်ဇေယျသည် အောက်ပြေအောက်ရွာမှ မွန်တို့၏ ရန် ၊ အရှေ့ဘက်မှ ကွေ့ရှမ်းတို့၏ ရန်မှ ကာကွယ်ရန် ရွာကိုထန်းလုံးတပ်ကာရံခဲ့သည် ။ သူငယ်ချင်း လူကောင်းတို့ကိုရုံးစုကာ အင်အားချဲ့ထွင်၏ ။ ရွာနီးချုပ်စပ် တို့မှ အကြီးအမှူးများ ဗိုလ်ဝင်လာကြ၍ အင်အားတောင့်တင်းလာသော် အနီးအပါး အရှေ့အနောက်ဒေသများကို တစ်စ တစ်စ သိမ်းသွင်း၏ ။ ထိုသို့ သိမ်းသွင်းအောင်မြင်ပြီးသော် အောက်ပြေအောက်ရွာဒေသတို့ကို ဆက်လက်သိမ်းသွင်း၏ ။ ကူထွတ်ကို သိမ်းသွင်းပြီးသော် ရန်ဟူသမျှ အမြန်အောင်ရစေ ဟု ဆိုကာ” မြန်အောင်” ဟု သမုတ်၏ ။ ထိုမှဆက်၍ ဆက်ကာ သိမ်းသွင်းလာပြီးသော် တိဂုံ ဆံတော်ရှင်တည်ရာ ဒဂုံမြို့ကို အောင်မြင်၏ ။ ထိုသို့အောင်မြင်တပြီးကား ဤတွင် ရန်ကုန်လေပြီ ဟု အတိတ်ကောင်းကိုဆောင်၍ “ရန်ကုန်” ဟု သမုတ်၏ ။

ဦးအောင်ဇေယျသည် အလောင်းမင်းတရား ဘွဲ့ကိုခံမုဆိုးဘိုကို ရတနာသိင်္ခ ဟု အမည်တွင်စေ၍ ကုန်းဘောင်မင်းဆက်ကို ထူထောင်ခဲ့၏ ။ အယုဒ္ဓယကို တဖန်သိမ်းသွင်းရန်ကြိုးပမ်းရာမှ နာမကျန်းသဖြင့် ဆုတ်ပြန်ခဲ့ရာ လမ်းတွင်ပင် အနိစ္စရောက်ခဲ့၏ ။ ထိုမင်းလက်ထက်တွင် အစိတ်စိတ်အမွှာမွှာပြိုကွဲနေသော တိုင်းနိုင်ငံကို ပြန်လည်သိမ်းသွင်း စုစည်းတည်ထောင်နိုင်ခဲ့သဖြင့် တတိယမြန်မာနိုင်ငံတော်ခေတ်ဟု သမိုင်းတင်ခဲ့ကြသည် ။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကိုလည်း တတိယမြန်မာနိုင်ငံတော် တည်ထောင်သူဟု သမိုင်းမှတ်တမ်းများတင်ခဲ့ ကြပေသည် ။

အလောင်းမင်းတရားကြီးတည်ထောင်ခဲ့ပြန်သော ကုန်းဘောင်မင်းဆက် ၁၁ ဆက်မြောက် သီပေါမင်း လက်ထ က်တွင်ကား တတိယမြန်မာနိုင်ငံတော်ကြီးသည် “ထီးသုဉ်း ၊ နန်းသုန်း ၊ မြို့သုဉ်း သုည .. သုဉ်းသုံးဝ ” ခေတ်သို့ ဆိုက်ခဲ့ရ သည် ။ တိုင်းပြည်ကလေးငယ်ငယ်နှစ်ခြမ်းကွဲ၍ နန်းထဲသို့ ရန်သူ အလွယ်တကူဝင်ရောက်ကာ သီပေါမင်းနှင့် မိဖုရားကို ဖမ်းဆီး၍ ရတနာဂီရိသို့ပို့ခဲ့ကြသည် ။ မြန်မာနိုင်ငံတော်အား ဗြိတိသျှအင်ပါယာအောက်သို့ သွတ်သွင်းခြင်းကိုခံခဲ့ရသည် ။ မြန်မာနိုင်ငံသားအပေါင်းတို့မှာလည်း ကျွန်အောက် သဘောက်အဖြစ် နွံနစ်ခဲ့ကြရပေတော့သည် ။

ဤသုံးခေတ်ကား မြန်မာရာဇ၀င် သမိုင်းအစောင်စောင်တွင် သမိုင်းတင်ပြီးသမိုင်းဝင်ပြီး မြန်မာနိုင်ငံတော် ခေတ်များဖြစ်ပေသည် ။

စတုတ္ထမြန်မာနိုင်ငံတော်ခေတ်
*********************************
အလောင်းမင်းတရားကြီးဦးအောင်ဇေယျနှင့် အလားတူစွာပင် ပြည့်အင်ပြည့်အား ရဲဘော်များ (ရဲဘော်သုံးကျိပ်)ကို အခြေပြုကာ မြန်မာ့လွတ်လပ်ရေးတပ်မတော်ကို တည်ထောင်ခဲ့သည့် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန် ၏ အကူအညီကိုယူကာ အင်္ဂလိပ်နယ်ချဲ့ကိုတော်လှန်ခဲ့သည် ။ တဖန် မဟာမိတ်တို့၏ အကူအညီကိုယူ၍ ဖက်ဆစ်ဂျပန်ကို မြန်မာ့မြေပေါ်မှ မောင်းထုတ်ပြန်သည် ။ သို့နှင့်ကား လွတ်လပ်ရေးမရနိုင်သေး ၊ ဂျပန်ပြေးပြန်တော့ အင်္ဂလိပ်က ပြန်လာ၍ ကျွန်ပြုပြန်သည် ။ နယ်ချဲ့တော်လှန်ရေးစစ် နှင့် ဖက်ဆစ်တော်လှန်ရေးစစ်တို့တွင် တိုင်းပြည်သည် စစ်တလင်းဖြစ်ခဲ့ရသည် ။ နိုင်ငံသားတို့ စစ်ဘေးသင့်ခဲ့ရသည် ။ ဒုက္ခများခဲ့ရသည် ။ လွတ်လပ်ရေးအစစ်အမှန်တဖန်ရဖို့ရာ ထပ်မံစစ်တိုက်၍တော့ မဖြစ်နိုင်ပြီ ဆိုသည်ကို ကောင်းစွာသိနားလည်သော ဗိုလ်ချုပ်အောင်ဆန်းသည် စေ့စပ်ညှိနှိုင်းဆွေးနွေးသည့် နည်းလမ်းဖြင့် လွတ်လပ်ရေး ကိုအရယူရန် ကြိုးပမ်းခဲ့သည် ။

အင်္ဂလန်သို့သွားကာ လွတ်လပ်ရေးပေးဖို့စကားဆို၏ ။ အောင်ဆန်း-အက်တလီစာချုပ်အရ တပေါင်းတည်း တစုတည်း ဥမကွဲသိုက်မပျက် လွတ်လပ်ရေးယူလိုကြသည့် ပြည်နယ်များ သွေးချင်းများနှင့် သွေးစည်းညီညွတ်မှုကို ပြရန် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည် ။ တနှစ်အတွင်း လုံးဝလွတ်လပ်ရေး ပေးပါမည် ဟုသော ကတိက၀တ်ကို အရယူပေးခဲ့သည် ။ သူကြိုးပမ်းချက်၏ အသီးအပွင့်အဖြစ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ကာ ကိုယ့်အချုပ်အခြာအာဏာ ကိုယ်သာပိုင်သည့် လုံးဝလွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည် ။ သို့သော် လွတ်လပ်ရေးပိသုကာကြီးကာ ယူနီယံဂျက်အလံကိုချ၍ ပြည်ထောင်စုမြန်မာ နိုင်ငံအလံတော်လွှင့်တင်သည်ကို မြင်ခွင့်မရခဲ့တော့ပါ ။ သူယုတ်တစု၏ လုပ်ကြံမှုတွင် လုပ်ဖော်ကိုင်ဖက်များနှင့် အတူကျဆုံးခဲ့ရပြီးလေပြီ ။

ထိုခေတ်သည်ကား ကျွန်အောက် သဘောက်အဖြစ်နွံနစ်နေခဲ့ရာမှ လွတ်လပ်သော နိုင်ငံနှင့် လွတ်လပ်သော နိုင်ငံ သားများ အဖြစ် တက်နေပမာ ကျက်သရေ တဖန်ဖြာခဲ့ရသောခေတ်ဖြစ်သည် ။ လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်တခု တွင် အရှေ့တောင်အာရှ နိုင်ငံများအနက် စီးပွားရေးအင်အားအကောင်းဆုံးနိုင်ငံ အဖွံ့ဖြိုးအတိုးတက်ဆုံးနိုင်ငံ အဆင့်တွင် ရပ်တည်နိုင်ခဲ့သောခေတ်ဖြစ်သည် ။ သို့ဖြစ်ရကား ထိုခေတ်ကို စတုတ္ထမြန်မာနိုင်ငံတော်ခေတ်ဟု သတ်မှတ်သင့်ကြောင်း နှင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား စတုတ္ထမြန်မာနိုင်ငံတော်တည်ဆောက်သူအဖြစ် သတ်မှတ်ကြရန် သမိုင်းပညာရှင်များက ဆုံးဖြတ်အတည်ပြုခဲ့ကြလေပြီ ။

ပဉ္စမမြန်မာနိုင်ငံတော်ခေတ်
*******************************
၁၉၆၂ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်းဦးဆောင်သော တပ်မတော်အကြီးအကဲများက တိုင်းပြည်၏ အချုပ်အခြာအာဏာ ကို သိမ်းယူခဲ့၏ ။ ဒီမိုကရေစီ နိုင်ငံတော်ကို တစ်ပါတီအာဏာရှင်စနစ်သို့ ပြောင်းလဲလိုက်၏ ။ နိုင်ငံရေးသမားတို့ ထောင်ထဲဝင်ရပြီ ။ လွတ်လပ်စွာဝေဖန်ပြောဆိုခွင့် ၊ ရေးသားခွင့် ဟောပြောခွင့်တို့ ဆုံးရှုံးခဲ့ရပြီ ။ မဆလပါတီ ဦးထုတ်ဆောင်း လာသူကို လက်ဆွဲအိပ်ဆွဲလာသူကို ကျားထက်ကြောက်ရသည့် ခေတ်သို့ရောက်ခဲ့ပြီ ။ တိုင်းသူပြည်သားတို့သည် တန်းစီတိုးစားရသည့်ဘ၀ကိုရောက်ခဲ့ကြရပြီ ။ လယ်သမားတို့ဖမ်းဆီးထောင်ချခြင်းခံခဲ့ရပြီ ။ နိုင်ငံသားတို့၏ ချွေးနည်းစာ ငွေစက္ကူတို့ကို အမိန့်တခုထုတ်ပြန်၍ တရားမ၀င်ငွေကြေညာသိမ်းယူခဲ့ကြပြီ ။

ယင်းတို့ကို အကြောင်းပြုကာ ၈၈ အရေးတော်ပုံကြီးပေါ်ပေါက်လာ၏ ။ တနိုင်ငံလုံးကြုံးထရုန်းကြွ တော်လှန်ခဲ့ကြ ၍ မဆလပါတီအာဏာရှင်စနစ်ကား ပြိုလဲသွားပါ၏ ။ ပြည်သူ့အာဏာသည် ပြည်သူတို့ထံသို့ကား ပြန်လည်ရောက်မလာ ၊ နိုင်ငံတော်ငြိမ်-၀ပ်-ပိ-ပြား- ရေး ဟုဆိုကာ တပ်မတော်အကြီးအကဲတို့က အာဏာသိမ်းပိုက်လိုက်ပြန်လေပြီ ။ ဒယ်အိုးထဲ မှ ပူလွန်းလှ၍ ခုန်ချမိသော ပြည်သူတို့မှာ မီးပုံထဲသို့ ကျရသည့်နှယ်ပင် ။

စစ်အာဏာရှင်တို့ကား မဆလအာဏာရှင်ထက်ပင် ရက်စက်လွန်းခဲ့၏ ။ ဖိနှိပ်လွန်းခဲ့၏ ၊ ချုပ်ချယ်လွန်းခဲ့၏ ။ ပြည်သူတို့၏ ဘ၀များ သန်းခေါင်ထက်ညဥ့်နက်ခဲ့ရသည် ။ ပြည်သူတို့၏ လယ်ယာများ ဆုံးရှုံးခဲ့ရပြီ ။ အလုပ်အကိုင်အ ခွင့်အလမ်းဟူသည် မရှိသလောက်ဖြစ်ခဲ့ရပြီ ။ တနေ့လုပ်မှ တနေ့စား ဟူသောဘ၀မှ တနေ့လုပ်မှ တနပ်စားရသော ဘ၀ဆိုးသို့ ဆင်းသက်ခဲ့ရပြီ ။ တိုင်းပြည်၏ အဖိုးတန်သယံဇာတများ ပြုတ်ပြုတ်ပြုန်းခဲ့ရပြီ ။ တချိန်က အရှေ့တောင်အာ ရှနိုင်ငံများ က အားကျ အထင်ကြီးလေးစားခဲ့ရသော နိုင်ငံတခုသည် လင်သေမုဆိုးမမျက်နှာမွဲပမာ သူတပါးနိုင်ငံများကို မျက်နှာအောက်ကျ ဆက်ဆံရသည့် အဆင့်အတန်းသို့လျောကျခဲ့ရပြီ ။

ယနေ့သည်ကား ထိုအဖြစ်ဆိုးများမှ စတင်ရုန်းထွက်နိုင်ခဲ့ပါပြီ ။
စစ်အာဏာရှင်အငွေ့အသက်တို့ မကုန်မစင်သေး သော်ငြား စစ်ဖိနပ်အောက်မှ မူ တွန်းထိုးရုန်းထွက်နိုင်ခဲ့ကြပါပြီ ။

ထိုသို့ ရုန်းထွက်လာနိုင်ရေးအတွက် နိုင်ငံသား ပြည်သူ ရှင်လူကျောင်းသားအပေါင်းကို ဦးဆောင်မှုပေးကာ အာဏာရှင်စနစ်ဆိုးကို တွန်းဖြိုခဲ့သူကား မည်သူမည်ဝါဖြစ်သည်ကိုကား ရွှေဖလားကို ငွေနားကွပ်၍ ထုတ်ဖော်ရေးသားမပြလိုတော့ပါ ။ ပြည်သူအများက နှလုံးသားတွင်မှတ်တမ်းတင်ကြပြီးဖြစ်ပါလိမ့်မည် ။

ဤသည်မှာ ပဉ္စမ မြန်မာနိုင်ငံတော်၏ နိဒါန်းဖြစ်ပါသည် ။ မင်းနှင့်ပြည်သူ ကြည်ဖြူလက်တွဲ၍ ပထမ ၊ ဒုတိယ ၊ တတိယ မြန်မာနိုင်ငံတော်ကြီးများကိုတည်ထောင်နိုင်ခဲ့ကြပါသည် ။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားပြည်သူတို့ ကြည်ဖြူလက်တွဲကြ၍ လွတ်လပ်သော စတုတ္ထမြန်မာနိုင်ငံတော်ကြီးကို ပြန်လည်ထူထောင်နိုင်ခဲ့ကြပါသည် ။ သို့သော် …

ယခုသည်ကား ပဉ္စမမြန်မာနိုင်ငံတော်ကြီး တည်ထောင်ခြင်း နိဒါန်းကိုစတင်နေချိန်ဖြစ်ပါသည် ၊

နိုင်ငံတခု တည်ဆောက်သည် ဆိုသည်မှာ ခေါင်းဆောင်တို့၏ အရေးအရာချည်းမဟုတ်ပါ ။ နိုင်ငံသားအားလုံး ပါဝင်တည် ဆောက်ကြ ရသည့် အရေးဖြစ်ပါသည် ။ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး အင်အားကြီးမားခိုင်မာရေး အတွက် အစိုးရနှင့် ပြည်သူ ကြည်ဖြူလက်တွဲကာ တစိတ်ဝမ်းတလက်ညီ ပူးပေါင်းတည်ဆောက်ကြရပေလိမ့်မည်။ သို့ပင်သာမက ထိုနိုင်ငံတော် သစ်ကြီး ဒီမိုကရေစီစနစ်မှ မယွင်းမချွတ်ရလေအောင် ၊ ခွင့်တူညီမျှသော ၊ တန်းတူညီမျှသော ၊ တရားမျှတသော ဖက်ဒရယ်ပြည်ထောင်စု ကြီးအဖြစ် အဓွန်ရှည်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းအားထုတ်ကြရန်မှာ နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြပေသည် ။

စစ်အာဏာရှင်စနစ် တဖန်ပြန်၍ ခေါင်းထောင်မလာနိုင်အောင် ခဲမှန်ဘူးသည့်စာသူငယ်ကဲ့သို့ သတိမြဲမြံကြရပေမည် ။

ပဉ္စမ မြန်မာနိုင်ငံတော်ကြီး တက်နေပမာ အရှိန်အ၀ါဖြင့် ထွန်းသစ်နိုင်ပါစေသတည်း
ကမ္ဘာတည်သရွေ့ အာဏာရှင်စနစ်ဆိုးတို့မှ ကင်းဝေးသော
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ် အဓွန်ရှည်တည်တံ့ပါစေသတည်း ။ ။

ထင်လင်းဦး (Wisdom Villa)
4.1.2017

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s