ပယောဂတွေ ဝင်ပူးနေတဲ့ ရခိုင်အရေး

This is not my view, contained some lies  but at least it is quite fair to come out from the non-Rohingya, non-Muslim.

Ye K Htwe shared ထွန်းအောင်ကျော် (၇၄ မျိုးဆက်) The Ladies News

ပယောဂတွေ ဝင်ပူးနေတဲ့ ရခိုင်အရေး

|| ထွန်းအောင်ကျော် (၇၄ မျိုးဆက်) || The Ladies News

၁။ ကုလသမဂ္ဂက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်ဆလင်တွေ တစ်ထောင်ကျော်လောက်ကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်လို့ ဆိုလာတယ်။
၂။ ပုတ်ရဟန်းမင်းကြီးက ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ အပြစ်မဲ့ သူတွေဖြစ်ပြီး သူတို့ ဘာသာရေးကြောင့် သတ်ဖြတ် ဖိနှိပ်မှုခံနေရ တယ်လို့ ပြောလာတယ်။


၃။ မလေးရှားဝန်ကြီးချုပ် နာဂျစ်အစီအစဉ်နဲ့ မလေးရှားကနေ ရိုဟင်ဂျာ မွတ်ဆလင်တွေအတွက် ကူညီထောက်ပံ့ရေး သင်္ဘောကလည်း ရန်ကုန်ကို အချိန်ကိုက် ဒီအချိန်မှာ ဆိုက်ရောက်လာတယ်။
၎။ မျိုးချစ်သံဃာတော် အမည်ခံထားတဲ့ ရဟန်းတွေနဲ့ လူတွေက သင်္ဘောကို သွားပြီး ဆန့်ကျင်ကြတယ်။
၅။ တစ်ချိန်တည်းမှာပဲ မင်းကင်းရွေးကောက်ခံ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က အစ်နေ့မှာ နွားတွေကို ပိုမိုသတ်လာတဲ့ ကိစ္စကို လွှတ်တော်မှာ တင်လာပြီး မြန်မာနိုင်ငံလို စိုက်ပျိုးမွေးမြူရေး လုပ်နေ တဲ့နိုင်ငံမှာ နွားတွေကို လိုအပ်နေတာကြောင့် နွားတွေကို မွတ်ဆလင်တွေ က အလွန်အကျွံသတ်နေ ပါတယ်ဆိုပြီး မေးခွန်းထုတ်လာလို့ ဘာသာရေး နဲ့ နွှယ်ပြီး မေးလာတာကြောင့် မေးခွန်းကို အပိတ်ခံလိုက်ရတယ်။

ဒါတွေကို ကြည့်လိုက်ရင် ရိုဟင်ဂျာအရေးကို နိုင်ငံတကာ မှာ လော်ဘီလုပ်နေတဲ့ အင်အားစုဟာ ကုလသမဂ္ဂနဲ့ ရိုမန်ကက်သလစ် ဂိုဏ်းချုပ်ကြီးအထိ လမ်းပေါက်နေတာကို တွေ့ရမှာဖြစ်ပြီး မွတ်ဆလင်တွေကို သူတို့က စာနာပါတယ် ဆိုတာကို ပြသပြီး မြန်မာနိုင်ငံကို ဖိအားပေးနေတာ ဖြစ်တယ်။ ခရစ်ယန်တွေနဲ့ မွတ်ဆလင်တွေကြား ဘာသာရေး စစ်ပွဲတွေဖြစ်ခဲ့ဖူးပြီး ယနေ့ အခြေအနေမှာလည်း ဘာသာရေး တင်းမာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒီတင်းမာနေမှုတွေ ကို ဖြေလျှော့ဖို့ သူတို့နဲ့ မဆိုင်တဲ့ မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေ ဖိနှိပ်ခံနေရတာကိုပြောပြီး အမြတ်ထုတ်လိုက်တာ ဖြစ်နိုင်သလို တကယ် စာနာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို ကမ္ဘာ့ခေါင်းဆောင်တွေ အထိ ပေါက်ရောက် လာအောင် ဘယ်သူတွေက လုပ်ပေးနေသလဲ မေးရင် အမျိုးသားရေး အစွန်းရောက်တွေနဲ့ စစ်အာဏာရှင်တွေ လက်သပ်မွေး ထားတဲ့ သူတွေရဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးနေမှုနဲ့ ရခိုင်ပြည်နယ် မှာ မွတ်ဆလင်တွေကို ဘယ်မှမသွားရ မလာရအောင် ချောင်ပိတ် ထားတာ တွေကြောင့်ပါပဲ။

ရခိုင်မှာရှိတဲ့ ရိုဟင်ဂျာ အမည်ခံသူတွေပဲပြောပြော၊ ဘင်္ဂါလီတွေပဲ ဆိုဆို သူတို့ကို တားဆီးကန့်ကွက်နေတာတွေ၊ ချုပ်ချယ်ထားမှုတွေကို ဘယ်လိုနည်းနဲ့မှ ရေရှည်လုပ်လို့ မရနိုင်ပါဘူး။ နည်းလမ်း ရှာရပါလိမ့်မယ်။ ရခိုင်နဲ့ ဘင်္ဂါလီပဲပြောပြော (ရိုဟင်ဂျာပဲ ပြောပြော) သူတို့ဟာ ဟိုးရခိုင်ဘုရင် လက်ထက်ကတည်းက အတူနေလာကြတဲ့ သူတွေဖြစ်တယ်။ မွတ်ဆလင်တွေဟာ အခုမှဘွားခနဲ ပေါ်လာတာ မဟုတ်ဘူး။ ရခိုင်ဘုရင် စစ်ရှုံးရင် ကုလားတောကို ပြေးတာ သမိုင်းရှိတယ်။ မွတ်ဆလင် ဘုရင်တွေ စစ်ကူတိုက်ပေးတာတွေ မွတ်ဆလင်တပ်တွေ ရခိုင်ဘုရင့် လက်အောက်မှာ အမှုထမ်းခဲ့တာတွေကို ဖျောက်ဖျက်လို့ မရတဲ့သမိုင်းတွေ ရှိခဲ့တယ်။ ပဲခူးဟာ အတိတ်က မွန်မင်း နေပြည်တော်ကြီး ဖြစ်တယ်၊ အခု မွန်စကားပြောသူ ပဲခူးမှာ မရှိသလောက်ပဲ။ ဒီလိုပဲ ဘူးသီးတောင် မောင်းတောမှာ ရခိုင်တွေ မရှိသလောက် ဖြစ်လာတာ ရခိုင်တွေနဲ့ အုပ်စိုးခဲ့တဲ့ စစ်အာဏာရှင်တွေမှာ တာဝန်ရှိတယ်။ စစ်အာဏာရှင် အဆက်ဆက် ခိုးဝင်လာသူတွေကို မတားဆီးနိုင်ခဲ့ဘူး၊ ဒါကြောင့်လည်း ဒီနေ့လူဦးရေ ဖောင်းပွလာ သလို မွေးနှုန်းကို မထိန်းချုပ်နိုင်တဲ့ အတွက်လည်း ပိုပွားလာတာဖြစ်တယ်။ ဒီလူတွေဟာ လူတွေဖြစ်တယ်၊ တိရစ္ဆာန်တွေ မဟုတ်ဘူး၊ သူတို့ကို တိရစ္ဆာန်တွေလို လှောင်ပိတ်ထားတာဟာ ရေရှည်မှာ တိုင်းပြည် အတွက် ပြည်ပအန္တရာယ်ကို ဖိတ်ခေါ်ရာ ကျတယ်ဆိုတာ အားလုံး သဘောပေါက်ဖို့ လိုပါတယ်။ ဒါကြောင့် လူသားချင်း စာနာစိတ်နဲ့ ကြိုးစားဖြေရှင်းဖို့ လိုတယ်။ မျက်စိပိတ် ငြင်းဆို ဆန့်ကျင်နေမယ်ဆိုရင် လူမျိုးရေးဘာသာရေး စစ်ပွဲတွေကို တိုင်းပြည်တွင်းကို ဖိတ်ခေါ်လာနိုင်တယ်။ လူမျိုးရေး အစွန်းရောက် အမျိုးသားရေး ဝါဒဟာ အာဏာရှင် ပေါ်ပေါက် လာရေးကို ဦးတည်သွားမယ့် လမ်းကြောင်းသာ ဖြစ်တယ်။ ဒါကြောင့် ရေရှည် အမြော်အမြင်နဲ့ ကြည့်ပြီး အလုပ်လုပ် ကြဖို့ လိုတယ်။

တစ်ဖက်ကလည်း ပြည်တွင်းမှာ မွတ်ဆလင်တွေကြောင့် ငါတို့အမျိုးဘာသာ သာသနာ ပျောက်ကွယ်နိုင်တယ်၊ ဒီကောင်တွေကို မောင်းထုတ်ရ မယ်၊ နိုင်ငံသား မပေးရဘူးဆိုပြီး အမျိုးသားရေးကို လှုံ့ဆော်နေတဲ့ အုပ်စုလည်း ရှိလာတယ်။ ဒီအုပ်စုနဲ့ ပါတီတစ်ခုရဲ့ ပါတီဝင်တွေနဲ့ အပြန်အလှန် ဆက်နွှယ်မှုတွေ ရှိနေတယ်။ အဲဒီပါတီကလည်း လူမျိုးရေး ဘာသာရေးကို အကွက်ရရင် ရသလို လှုံ့ဆော်နိုင်ဖို့ သွေးတိုးစမ်းတယ်။ ဒီလိုအောက်လမ်းနည်းတွေ သုံးပြီး သူတို့က ရိုးသားတဲ့ ဗုဒ္ဓဘာသာ လူထုကြီးကို လူမျိုးရေး ဘာသာရေးနဲ့ မှိုင်းတိုက်ပြီး သူတို့ဘက်ပါအောင် စည်းရုံးမယ်။ ဒီနည်းတစ်နည်းနဲ့ပဲ သူတို့ရွေးကောက်ပွဲမှာ နိုင်နိုင်မယ်လို့ သူတို့က မြင်နေတယ်။ ဒီနည်းကလွဲလို့ သူတို့မှာ အခြားကောင်းမွန်တဲ့ နည်းလမ်း မရှိတော့ဘူး။

ဒါပေမဲ့ သူတို့မပြောဘဲ ထိန်ချန်ထားတဲ့ အချက်က ဒီပြသ၁နာကြီး ဟာ ဒေါ်စုအစိုးရ မတိုင်ခင် ဟိုး…. ဗိုလ်နေဝင်း လက်ထက်ကစပြီး အမြစ်တွယ်လာခဲ့တာ စစ်အာဏာရှင် အဆက်ဆက် လျစ်လျူ ရှုခဲ့လို့ ဖြစ်လာတဲ့ ပြသ၁နာ ဆိုတာပါပဲ။ ပြည်ခိုင်ဖြိုးပါတီကို တည်ထောင်ခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ လက်ထက်မှာလည်း ဆက်လက်ပြီး အလေးမထား လျစ်လျူရှုခဲ့တာကြောင့် ဆိုတာ လူတိုင်းသိသင့်တဲ့ ကိစ္စ ဖြစ်တယ်။

အထူးသဖြင့် ရိုဟင်ဂျာ အရေးကိစ္စဟာ ရခိုင်လူမျိုးတွေနဲ့ ပတ်သက်နေတယ်။ ရခိုင်တွေကအဓိက ရင်ဆိုင်နေရတဲ့ လူမျိုးရေး ဘာသာရေး ကိစ္စဖြစ် တာကြောင့် ရေရှည်အမြင်နဲ့ ချဉ်းကပ် ဖြေရှင်းသင့်တယ်။ ရခိုင်တိုင်းနီးပါး မွတ်ဆလင်တွေကို ဆန့်ကျင်လာအောင် ဘယ်သူတွေက နှိုးဆော်နေ သလဲ လေးလေးနက်နက် ကြည့်တတ်ရမယ်။ ရခိုင်ပြည်ဟာ ဗုဒ္ဓဘာသာရဲ့ ရှေ့တန်းခံတပ်ကြီး ဖြစ်တယ်၊ ဒီခံတပ်ကြီး မပြိုသွားအောင် လူမျိုးမပျောက်သွားအောင် မွတ်ဆလင်တွေကို တိုက်ခိုက်ရမယ်၊ အခွင့်အရေးတွေ ပိတ်ပင်ရမယ်ဆိုပြီး လုပ်လို့မရဘူး။ အဓိပ္ပယ်ရှိရှိ ဘယ်လို လုပ်သင့်သလဲ စဉ်းစား သင့်တယ်။ မိမိလူမျိုးတွေကို မိမိတို့က ထိန်းသိမ်းဖို့လိုတယ် မွတ်ဆလင်တွေ တိုးဝင်လာတာကို အရင်ကမပြောဘဲ ဘာကြောင့် နေခဲ့ကြလဲ၊ မပြောနိုင်အောင် ဘယ်သူတွေက တားဆီးထားခဲ့သလဲ၊ ဘယ်သူတွေကြောင့် များပြားလာသလဲ ဇာစ်မြစ်ကို လိုက်ကြည့် ရမယ်။

ရခိုင် နိုင်ငံရေးပါတီတွေကလည်း ကုလားဆန့်ကျင်မှ ငါတို့မဲရမယ်၊ လူကြိုက်မယ်ဆိုပြီး မဲရရေးကို ပေါ်ပင် လိုက်လုပ်ပြီး အနိုင်ရချင်နေတာထက် ဒီရခိုင်ပြည်မှာ ရှေးဦးကတည်းက နေထိုင်ခဲ့ကြတဲ့ လူမျိုး နှစ်မျိုးကို ဘယ်လို သင့်တင့်မျှတအောင် ငါတို့ ဘယ်လို သဘောတူညီမှု ရယူကြမလဲ၊ ဘယ်လို အတူယှဉ်တွဲ နေထိုင်ရေးမှုကို ကျင့်သုံးကြမယ် ဆိုတာကို စဉ်းစားသင့်တယ်။ ကုလား ဆန့်ကျင်ရေးလုပ်တာနဲ့ ရခိုင်ပြသ၁နာ မပြေလည်နိုင်ဘဲ ပိုမိုရှုပ်ထွေး လာနိုင်တယ်ဆိုတာ သတိပြုမိဖို့ လိုတယ်။ ရခိုင်ပြည်က ပြည်သူတွေကို ဘာသာမတူ၊ လူမျိုးမတူသူတွေ အချင်းချင်း သင့်တင့်မျှတအောင် ဘယ်လိုနေထိုင်ရမယ် ဆိုတာကို ပညာပေး စည်းရုံးပြီး လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်အောင် အဓိကထား စဉ်းစားသင့်တယ်။ ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးကို လူမျိုးရေး မှိုင်းတိုက်မှုနဲ့ တည်ဆောက်လို့ မရနိုင်ဘူးဆိုတာ ထင်ထင်ရှားရှား မြင်နိုင်အောင် ပညာပေးမှုတွေ အထူးလိုအပ်နေပါတယ်။

တစ်ဖက်ကလည်း ရိုဟင်ဂျာပဲ ခေါ်ခေါ်၊ ဘင်္ဂါလီပဲ ခေါ်ခေါ် ရခိုင်ပြည်မှာ လာရောက် ပေါက်ဖွားလာတဲ့ မွတ်ဆလင်တွေကလည်း သူတို့ဟာ တိုင်းရင်းသားပါလို့ ကြွေးကြော်နေတာတွေကို ရပ်ဆိုင်းပြီး သူတို့ဟာ မြန်မာပြည်မှာ မွေးဖွားလာတဲ့ (နေထိုင်နေတဲ့) သူတွေဖြစ်ကြောင်း ပြောရင် လုံလောက်ပါတယ်။ မြန်မာပြည်မှာ သားစဉ်မြေးဆက် နေထိုင်လာသူတွေကို နိုင်ငံသားပေးကို ပေးရမှာ ဖြစ်တယ်။ သားစဉ်မြေးဆက် နေထိုင်ခဲ့ကြောင်း အထောက်အထား မပြနိုင်တဲ့သူတွေ၊ ဒါပေမဲ့ ဒီနိုင်ငံမှာ မွေးတဲ့သူတွေကို ဧည့်နိုင်ငံသား ပေးပြီး အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ အမေရိကန်နိုင်ငံမှာ မွေးတဲ့ ကလေးမှန်သမျှ အမေရိကန် နိုင်ငံသားတွေ အဖြစ် သူတို့အခြေခံဥပဒေက သတ်မှတ်ပေးထားပါတယ်။

ဒါကြောင့် ရခိုင်ပြည်မှာမွေးခဲ့ရင် မိဘက နိုင်ငံသား အထောက်အထားမရှိရင် ဒီကလေးတွေကို ဧည့်နိုင်ငံသား အဆင့်တော့ ပေးရမှာဖြစ်ပါတယ်။ မွတ်ဆလင်တွေ ဖြစ်ပေမယ့် လူသားတွေ ဖြစ်တယ်၊ သူတို့အနေနဲ့ လူသားအခွင့်အရေး ရသင့်တယ် ဆိုတာမျိုးကို နှစ်ဖက် လက်ခံနိုင်အောင် ပြောဖို့လိုတယ်။ သူတို့ဟာ တိုင်းရင်းသားတွေ ဖြစ်ပါ တယ်ဆိုတာနဲ့ ရခိုင်တွင်မက ဗမာကော ကရင်ကော ရှမ်းကော ဘယ်သူကမှ သူတို့ကို လက်မခံဘဲ ဆန့်ကျင်မှုကိုသာ ရနိုင်မှာမို့ တိုင်းရင်းသား လို့ ကြွေးကြော်နေတာ ရခိုင်ပြည်မှာ ရှိတဲ့ ရိုဟင်ဂျာအမည်ခံ မွတ်ဆလင်တွေအတွက် အကျိုးအမြတ် မထွက်နိုင်ပါဘူး။ အခြေအနေကို မီးလောင်ရာ လေပင့်တဲ့ သဘောမျိုးပဲ ဆိုက်ရောက်နိုင်ပါတယ်။ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးပြီး အာဏာယူချင်တဲ့ အုပ်စုတွေအတွက် ဒီတောင်းဆိုမှုဟာ အသုံးချလို့ အကောင်းဆုံး အချက်တစ်ခုဖြစ်တယ် ဆိုတာကို မွတ်ဆလင် အသိုင်းအဝိုင်းက သတိပြုသင့်ပါတယ်။

အခု ရိုဟင်ဂျာအရေးကို အော်နေတဲ့ နိုင်ငံတွေကို မင်းတို့ဒီလူတွေကို လက်ခံမလား၊ လက်ခံရင် မင်းတို့ နိုင်ငံကို လာရောက် အခြေချဖို့ ငါတို့နိုင်ငံက တရားဝင် ထွက်ခွင့်ပေးမယ်၊ ဒုက္ခသည်အဖြစ် UNHCR က လာပြီး စစ်ဆေး သတ်မှတ်ပြီး လက်မှတ် ထုတ်ပေး၊ မြန်မာနိုင်ငံက ခရီသွားလက်မှတ် ထုတ်ပေးပြီး ရန်ကုန်လေဆိပ်ကနေ ထွက်သွားခွင့်ပေးမယ် ဆိုရင် ဘယ်နိုင်ငံတွေက လက်ခံမယ် ဆိုတာကို ကြည့်ပေါ့။

ထိုင်းမှာ တော်လှန်ရေးကို စွန့်လွှတ်ပြီး ဘန်ကောက် UNHCR ရုံးမှာ မြန်မာကျောင်းသားတွေ ဒုက္ခသည် လျှောက်ကြတယ်။ နောက် UNHCR က ထောက်ပံ့ကြေး ရတော့ စားနေကြပြီး တတိယနိုင်ငံတွေကို ဒုက္ခသည်အဖြစ် ထွက်ကြတယ်။ ရခိုင်က မွတ်ဆလင်တွေလည်း ဖိနှိပ်ခံနေရတယ် ဆိုတဲ့ မြန်မာနိုင်ငံထက် မလေးရှားတို့၊ ဆော်ဒီတို့၊ အမေရိကန်တို့၊ အင်္ဂလန်၊ ဂျာမနီ၊ နယ်သာလန်၊ အခု ကိုယ်ချင်းစာပါတယ် ဆိုတဲ့ ပုတ်ရဟန်း မင်းကြီးနေတဲ့ အီတလီ စတဲ့နိုင်ငံတွေ သွားရမယ်ဆိုရင် ဘယ်ငြင်းလိမ့်မလဲ။

အကောင်းဆုံး ဖြေရှင်းနိုင်တာကတော့ သတင်းသမားတွေကို ဘူသီးတောင် မောင်းတောဘက်ကို လွတ်လပ်စွာ သွားလာခွင့်၊ သတင်းယူခွင့်ကို ပေးလိုက်ဖို့ပါ။ မသွားရဘူးလို့ ကန့်သတ် ထားလိုက်တာက ဘယ်လို အကျိုးဆက်တွေ ရလာနိုင်သလဲဆိုရင် မတရားလုပ်နေ လို့ နှိပ်စက်ညှဉ်းပန်း နေတာတွေ ပေါ်မှာစိုးလို့ ဆိုတဲ့ သံသယတွေကို ပိုမိုတိုးပွား လာစေနိုင်ပါတယ်။ ဒါကြောင့် မိမိအစိုးရက မှန်မှန်ကန်ကန် လုပ်နေတယ်ဆိုရင် ဒီလုပ်ရပ်ကို သံသယရှင်းအောင် ခွင့်ပြုသင့်ပါတယ်။ အမှန်တကယ် ဖိနှိပ် အကြမ်းဖက်မှုတွေ ရှိနေရင်လည်း ဒီလိုလုပ်နေသူတွေကို ထိရောက်စွာ အပြစ်ပေးပြီး ဒီလိုလုပ်ရပ်တွေကို ရပ်တန့်ရပါ့မယ်။ ပွင့်လင်းမြင်သာမှု ရှိမှသာ အမှန်တရားဆိုတာ ပေါ် လာမှာဖြစ်ပြီး အဆိုးထက် အကျိုးကိုသာ ပိုရရှိနိုင်မှာ ဖြစ်တယ်။

ရခိုင်ပြသ၁နာကို ရေရှည်ဖြေရှင်းဖို့ ဆိုတာ ငွေကြေးမပြည့်စုံဘဲ လုပ်လို့မရနိုင်ပါဘူး။ ၁၆၈.၄ မိုင်သာရှိတဲ့ မြန်မာ-ဘင်္ဂလား နယ်စပ်ကို တံတိုင်း အခိုင်အခံ့ကာဖို့ပါ။ ဒီကိစ္စကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံ အကူအညီ တောင်းခံနိုင်ပါတယ်။ လူဦးရေ ပေါက်ကွဲနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တံတိုင်းမရှိရင် ခိုးဝင် နေကြဦးမှာပါပဲ။ မက်ဆီကန်တွေ အမေရိကန်နိုင်ငံထဲ ခိုးဝင်တာကို ထရန့်က တံတိုင်းကာနေသလိုမျိုး တံတိုင်းကာဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားနိုင်ငံ နယ်ခြားကနေ အိန္ဒိယနိုင်ငံထဲကို လွန်ခဲ့တဲ့ လေးနှစ်က ခိုးဝင်လာတဲ့ ဘင်္ဂါလီ လေးသန်း ရှိတယ်လို့ အိန္ဒိယနိုင်ငံက ကြေညာဖူးပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကိုလည်း ခိုးဝင်မှာ အသေအချာပါ။ ဒုတိယအနေနဲ့ ရခိုင်ပြည်မှာ သာမက တရုတ်နဲ့ နယ်ခြားဒေသတွေနဲ့ ဆက်စပ်မှု ရှိနေတဲ့ နိုင်ငံသားကတ် မရှိသူတွေ အားလုံးကို ကွန်ပျူတာထဲမှာ ဒေတာထည့်ပြီး ဓာတ်ပုံအထောက်အထားနဲ့ အမြန်ဆုံး စာရင်းလုပ်ရပါ့မယ်။ ဒါမှ လူသစ်တွေ ဝင်လာရင် တိတိကျကျ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ရှိနေပြီးသား လူတွေကို အလုပ်လုပ်ကိုင်ခွင့်၊ ခရီးသွားလာခွင့်တွေကိုလည်း ပေးရပါ့မယ်။

ကြိုက်သော်ရှိ မကြိုက်သော်ရှိ ဒီလိုလုပ်ဆောင်မှုက အနာဂတ် အကြမ်းဖက် မှုတွေ တိုင်းပြည်အချုပ်အခြာ အာဏာကို ခြိမ်းခြောက်မှုတွေ၊ နိုင်ငံခြား တိုင်းပြည်တွေက ကယ်တင်ရှင်ယောင် စာနာသူယောင် လုပ်ရပ်တွေ ဝင်ရောက် စွက်ဖက်မှုတွေကို ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
The Ladies News

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s