စစ်သူကြီး မဟာဗန္ဓုလ မိဖုရားရှိရာ ပြန်မလာနိုင်တော့ဘူး အသတ်ခံခဲ့ရတယ်။ မလ္လိကာ မိဖုရား ငိုကျွေးဖို့ မတွေးခဲ့ဘူး အကြောင်းကြားလာ ပေစာကို ရင်မှာဝှက်လို့ ဆွမ်းချက်တာတောင် မပျက်ခဲ့ဘူးလေ

သက္က မိုးညို

ပါရမီမင်္ဂလာ

Image may contain: 2 people
ကျန်ခဲ့သူမှန်သမျှ
မျက်ရည်လည်ရွဲ
ဝမ်းနည်းနေကြတာ မဟုတ်ဘူး။

ပြန်မလာတော့တဲ့ ခင်ပွန်းတွေ
ပြန်မလာတော့တဲ့
ဖခင်တွေ
ဒီလောကကြီးမှာ
မရေမတွက်နိုင် ရှိခဲ့ပါပြီ။တွယ်နှောင်သော သံယောဇဉ်ကို
ဖြတ်ချင်လို့တော့ မဟုတ်ဘူးပေါ့
ကံကြမ္မာက
ရှင်ခွဲမခွဲ
သေခွဲ ခွဲခဲ့တဲ့အခါ
အိမ် …မပြန်သာတော့ဘူး။

မျှော်နေသူတွေ ရှိရာ
ပြန်မလာနိုင်ခဲ့သူတွေ ရှိတယ်
စစ်သူကြီး မဟာဗန္ဓုလ
မိဖုရားရှိရာ
ပြန်မလာနိုင်တော့ဘူး
အသတ်ခံခဲ့ရတယ်။

မလ္လိကာ မိဖုရား
ငိုကျွေးဖို့ မတွေးခဲ့ဘူး
အကြောင်းကြားလာ
ပေစာကို ရင်မှာဝှက်လို့
ဆွမ်းချက်တာတောင် မပျက်ခဲ့ဘူးလေ။

မချစ်လို့တော့ မဟုတ်လေဘူး
ခင်ပွန်းနဲ့သားများ
ရင်မှ ဖြစ်သော အနှစ်များ
မေတ္တာတရားကို သံသယ ဖြစ်ဖွယ် မရှိပါ။

ဆုံးရှုံးခြင်း ကြုံသောအခါ
ငုပ်ကိန်းနေသော အရာ
ရင်တွင်းက ရတနာ
ပါရမီမင်္ဂလာက
သူ့သတ္တိသူပြတယ်။

လွယ်တော့ မလွယ်ပါဘူး
မှားသော တရားများကို
မှန်ကန်ခြင်းနဲ့ ယှဉ်ပြိုင်ဖို့
ခါးသော ဓားများကို
မေတ္တာနဲ့ ရင်ဆိုင်ဖို့
လွယ်လို့တော့ဖြင့် မဟုတ်ခဲ့ပါ။

အရှင်သာရိပုတ္တရာမှ
ကွဲလေသော အိုးအင်ကိုပြ
သောက မရောက်ဖို့ တရားပြသော်
ခင်ပွန်းနှင့်သားများ
ဆုံးပါးကြောင်း စာကို ပြန်ပြ
ကျွန်မ သောက မပွားခဲ့ပါ….တဲ့။

ထီးထီးကျန်သော နှလုံးသားတိုင်း
အားနည်းသော နှလုံးသား မဟုတ်ခဲ့
တရားဖြင့် ထုံမွမ်းသော နှလုံးသား
ပါရမီမင်္ဂလာကိုပြသော နှလုံးသားများ
ထို မိန်းမသားတို့ နှလုံးသား
လေးစားစွာ အားကျခဲ့မိရဲ့။

ကျန်ခဲ့သူမှန်သမျှ
မျက်ရည်လည်ရွဲ
ဝမ်းနည်းမပြကြပါ
ခိုင်မာသော တရား
အမှားမရှိသော မေတ္တာဓာတ်
ကိန်းဝပ်ရာ နှလုံးသားများ
နားလည်ဖို့ မခက်လှပါ။

လေးစားမိရဲ့
အားကျမိရဲ့
ကြံ့ခိုင်သူများ
ထိုနှလုံးသား ပိုင်ရှင်များ
ဤကမ္ဘာမှာ များပါစေ။

—–သက္ကမိုးညို————-

ဒီနေ့ ဦးကိုနီနဲ့ ကိုနေ၀င်းအတွက် မမေ့လေသူ လူတစ်စုကနေ ရန်ကုန်ဆေးရုံကြီး ကင်ဆာ ကုသဆောင်မှာ လှူဒါန်းမှု ပြကြပါတယ်။ ဆရာ့ဇနီးကိုယ်တိုင် လာပြီး လှူဒါန်းပေးတာကို မြင်ရတဲ့အခါ ၀မ်းနည်းမျက်ရည် ၀ဲရပြန်ပါတယ်။ သာသနာ့ အရေခွံ ခြုံထားသူက လူသတ်သမားကို ကျေးဇူးတင်နေချိန်မှာ အပြစ်မဲ့စွာ ခံရလေသူ မိသားစုတွေက တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရင်ဆိုင်နိုင်တာကို မြင်ရတိုင်း ရင်မှာ မချိလှပါ။

ဆရာ့မိသားစုကို မြင်ရတာ အရမ်းအေးချမ်းလှပါတယ်။ ပြည်ထဲရေး သတင်းစာရှင်းလင်းပွဲကို သူများတွေ ဒေါပွနေချိန်မှာတောင် ပညာတတ်ပီပီ ဖြေကြားနိုင်ခဲ့တာ၊ သိမ်သိမ်မွေ့မွေ့ ဖြေရှင်းနိုင်ခဲ့တာတွေဟာ ဆရာ့ကို ပိုပြီး လေးစားကြည်ညိုမိပြန်ရပါတယ်။

ဒါနဲ့ပဲ ကဗျာတစ်ပုဒ် ရေးဖွဲ့ခဲ့မိရပြန်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s