မ.ဘ.သ

သက္က မိုးညို

မ.ဘ.သ

၁- မဘသဟာ သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းမှာ မပါဘူး။ ဒါပေမယ့် အမျိုး၊ ဘာသာ၊ သာသနာ ဆိုပြီး လုံးသုတ် (ရောချ) ထားတော့ အမျိုးသားရေး ဆိုတဲ့အပိုင်းနဲ့ ဘာသာ၊ သာသနာဆိုတဲ့အပိုင်း ရောနေတာကို အကြောင်းပြု၊ လူဝတ်ကြောင်တွေနဲ့ ရဟန်းတွေ ရောနေတဲ့ အသင်းဖြစ်နေတယ်။ ဆိုလိုတာက ရဟန်းဂိုဏ်း မဟုတ်ဘူးဆိုပြီး ရှင်းမယ်လုပ်ရင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းနဲ့ ရောချပြီး အသင်းလားဆိုတော့ ရဟန်းတွေရဲ့ လူ့ရပ်ရွာမှာ နေရာရမှုကို ယူပြီး ဖွဲ့ထားတဲ့အဖွဲ့ပါပဲ။ လင်းနို့ကို မြေပြင်အကောင်ဆိုပြီး အခွန်ကောက်တော့ အတောင်ပံဖြန့်ပြ၊ ဝေဟင်အကောင်ဆိုပြီး အခွန်ကောက်မယ်ကြံတော့ အတောင်ပံ ၀ှက်ပြသလိုမျိုး လုပ်ထားတာပါပဲ။

၂- သူ့ဘာသာ ဘာအသင်းဖွဲ့ဖွဲ့ ပြောစရာ မရှိရင် မရှိပါဘူး။ သို့သော် လုပ်ရပ်အရတော့ ပြောစရာရှိတယ်။ ဒီလိုပြောရင် အမျိုးဘာသာ၊ သာသနာကို ကာကွယ်တာ မကောင်းဘူးလား မေးကြမယ်။ တရားနဲ့ အညီဆို ကောင်းတယ် ဖြေရမှာပါပဲ။ ဒါပေမယ့် တရားနဲ့ မညီ ကာကွယ်ဖို့၊ သတ်ဖို့ ဖြတ်ဖို့ လှုံ့ဆော်နေသူတွေက ဒီအဖွဲ့ထဲ ပါနေမှာ စိုးရတယ်။

၃- သိုးရေခြုံထားတဲ့ ၀ံပုလွေ သိုးအုပ်ထဲ ၀င်နေတဲ့ သဘောမျိုးပါပဲ။ သိုးရေခြုံထားတဲ့ ၀ံပုလွေမှန်းသိလို့ မြားနဲ့ပစ်ရင် သိုးတွေကို မြားနဲ့ပစ်တယ်လို့ မြင်အောင် လုပ်ထားတယ်။ သူကိုယ်တိုင်က တတိတိနဲ့ သိုးတွေကို စားနေတယ်။ သိုးရကို ကွာအောင် မလုပ်ပဲနဲ့ ၀ံပုလွေတွေကို မြားနဲ့ ပစ်ရင် အန္တရာယ် ရှိတယ်။ သာသနာကို စောင့်ရှောက်လိုသော ရဟန်းတော် စစ်စစ်တွေ သိုးဖြစ်နေတာ သိဖို့ လိုပါတယ်.

၎- ဒီနေရာမှာ မဘသ အမည်ခံပြီး လူမျိုးမုန်းတီးရေးတရားဟောနေတာ၊ လူသတ်တာ မှန်သလိုလို ရေးနေတာတွေကို ရဟန်းတော်တွေ ဘာလို့ မကန့်ကွက်ကြသလဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒေ၀ဒတ်ရဲ့ အပြုအမူဟာ သံဃာလို့ သတ်မှတ်စေခြင်း မရှိစေရလို့ မြတ်စွာ ဘုရားရှင် ကြေညာချက် ထုတ်ပြန်တဲ့ သဘောကို နားလည်သင့်ပါတယ်။ ဒေ၀ဒတ်ဟာ မြတ်စွာဘုရားရှင်ရဲ့ ရဟန်းတစ်ပါး ဖြစ်ခဲ့တယ်။ သူမကောင်းတာလုပ်ရင် ရဟန်းတွေ မကောင်းတာ လုပ်တယ်လို့ လူတွေမြင်မယ်။ အကြည်ညိုမဲ့မယ်။ ဒီလို မဖြစ်အောင် ဒေ၀ဒတ်လုပ်တာသည် သံဃာ လုပ်တာ မဟုတ်ဘူးဆိုတာ ကြေညာရတာ။ မကြေညာခဲ့ရင် သဘောတူလို့ဆိုတာ ဖြစ်သွားမယ်။ ဒီတော့ မြတ်စွာဘုရားရှင်ရဲ့ သားတော် ရဟန်းတွေ အနေနဲ့ လူသတ်တာကို မှန်သလိုလို ရေးထားတဲ့ လုပ်ရပ်ကို မကန့်ကွက်ရင် သဘောတူရာ ရောက်သွားပါလိမ့်မယ်။

၅- ဦးကိုနီ ကိစ္စမှာ သတ်သူတွေကို ကျေးဇူးတင်တယ်လို့ ရေးတာသည် တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်လိုက်တာပါ။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မယ် ဖြတ်မယ် ဖေ့စ်ဘုတ်ပေါ် တင်ရေးတဲ့သူတွေကို ခွင့်လွှတ်လိုက်တာကစပြီး ဦးကိုနီသေတဲ့အထိ ဖြစ်လာခဲ့တယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည် အရိပ်အချေကို ကြည့်နေရတာနဲ့ အမတ်မင်းတွေခမျာ ဦးကိုနီအတွက် ၀မ်းနည်းကြောင်း၊ မတရားမှုကို ဆန့်ကျင်ကြောင်းတောင် မပြောဖြစ်ခဲ့ကြဘူး။ ပြည်သူက ရွေးထားတာသည် ပြည်သူ့အသံကို ထုတ်ပြန်ဖို့ပါ။ ဒီလို ကိစ္စမျိုးသည် ဒေါ်အောင်ဆန်းစုကြည် အရိပ်အကဲကို ကြည့်နေရမယ့် အချိန်မဟုတ်ဘူးလို့ပဲ တွေးတယ်။

၆- ကိုယ်လုပ်စရာ ရှိတာ သတ္တိရှိရှိ မလုပ်ပဲ ဒေါ်အောင်ဆန်းစုကြည်လုပ်လိမ့်မယ်ဆိုပြီး လွှဲချနေတာတွေ ရပ်သင့်ပြီပဲ မြင်တယ်။ အထူးသဖြင့် အမုန်းတရားကို ဖေ့စ်ဘုတ်ကနေ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဖြူးနေသူတွေနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်လွန်းသူတွေကို အားမရဘူး။ အခု ဖြစ်ရပ်မှာ ၁ကို ဖယ်မရတောင် ၂ကိုတော့ ရအောင်ဖယ်ဖို့ အားထုတ်သင့်တယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s