ဦးကိုနီ​ကို သတ်​တာ နိုင်​ငံ​ရေးအရ သူတို့ ရှုံးတယ်

Swe Mon

သူတို့ ရှုံးတယ်

ဦးကိုနီကို သတ်တာ နိုင်ငံရေးအရ တော်တော်ကြီး အမြော်အမြင်နည်းရာကျလွန်းတယ်။ ရွေးကောက်ပွဲနီးလွန်းတဲ့ အချိန်တစ်ပိုင်းမှာ ဆရာဦးကိုနီကို သတ်ဖြတ်အကြမ်းဖက်တာဟာ သတ်ဖြတ်သူတွေဖက်က နိုင်ငံရေးအရ ဆုံးရှုံးရုံသာမက ကာလံ ဒေသံမခွဲတတ်လောက်အောင် မိုက်မဲလွန်းလှပါတယ်လို့ပဲ ထောက်ပြချင်တယ်။Image may contain: shoes

ဦးကိုနီသတ်ဖြတ်ခံရမှုကတဆင့် ဘယ်သူတွေ အမြတ်ထွက်ပြီး ဘယ်သူတွေ ဆုံးရှုံးခဲ့ပါသလဲ။ သက်ဆိုင်ရာ မိသားစုနှစ်စုအတွက်ကတော့ ပြောစရာမဲ့ ဆုံးရှုံးမှုပါ။ တန်ဖိုးသိတဲ့ ပြည်သူတွေအတွက် ဆုံးရှုံးမှုကြီးပါ။ NLD အတွက် အစားထိုးမရတဲ့ ပညာရှင်တစ်ဦး ဆုံးရှုံးခဲ့ပေမယ့် မမြင်နိုင်တဲ့ နိုင်ငံရေးအရ အမြတ်တွေ အများကြီးထွက်ခဲ့ပါတယ်။
.
အထင်ရှားဆုံးအမြတ်က ခု ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆွယ်စရာ မလိုလောက်အောင် ပြည်သူ့မေတ္တာကို ပြန်ရခဲ့ပါပြီ။ NLD ရဲ့ တစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထောက်ပြစရာ ထင်သာမြင်သာ အားနည်းချက်တွေ၊ စီမံခန့် ခွဲမှု အမှားတွေ၊ အစိုးရမဖြစ်ခင်က ပြည်သူကို ပေးခဲ့တဲ့ ကတိက၀တ်စကားလွဲချော်မှုတွေ အားလုံးဟာ ဒီအချိန်မှာ ဦးကိုနီ ဆုံးရှုံးမှုတစ်ခုတည်းနဲ့ ဖုံးလွှမ်းပစ်ခဲ့ပါပြီ။ ဦးကိုနီသာ ဒီအချိန်မှာ သတ်ဖြတ်မခံခဲ့ရဘူးဆိုရင် NLD အုပ်ချုပ်မှုအတွင်း အဖြေမထွက်နိုင်တဲ့ အချို့မေးခွန်းတွေ အထူးသဖြင့် ငြိမ်းချမ်းရေးကိစ္စတွေဟာ NLD အတွက် အဖြေမထွက်နိုင်သေးတဲ့ ဖြေရခက်လွန်းမယ့် ထောက်ပြထိုးနှက်စရာ ပုစ္ဆာတွေဖြစ်နေမှာပါ။ ဒီမေးခွန်းတွေဟာ ဒီအချိန်မှာ ပြည်သူတွေရဲ့ အတွေးထဲမှာ မရှိတော့ပါဘူး။
.
ပြည်သူ့ကရုဏာကို ပြန်ရခဲ့တဲ့ NLD အတွက် ကြားဖြတ်မှာ အနိုင် သေချာပါတယ်။ NLD ပါပဲ။ ဦးကိုနီဟာ ကွယ်လွန်ခဲ့ချိန်မှာတောင် NLD အတွက် မဲဆွယ်ပေးဆဲ၊ အလုပ်အကျွေးပြုနေဆဲ ဆိုတာ သေချာပါတယ်။
.
တဖက် အဖွဲ့ အစည်းအတွက်ကတော့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲဟာ လာမယ့် ရွေးကောက်ပွဲအတွက် ကိုယ့်ဟာကို သတ်သေသလိုဖြစ်စေတဲ့ အပြီးသတ်အဖြေဖြစ်ခဲ့ပါတယ်။ ပြည်သူအားလုံးက ဦးကိုနီကို ဘယ်သူသတ်သလဲ၊ ဘာကြောင့်သတ်သလဲဆိုတဲ့ အဖြေကို ကြိုတင် ခန့်မှန်း သိနေကြပြီးသားပါ။ ဘာအဖြေမှ ဖြောင့်ဖြောင့်တန်းတန်းထွက်မလာလောက်ဘူး၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် လုပ်နေကျအတိုင်း ဆင်သေကို ဆိတ်ရေနဲ့ မရ ရအောင် ဖုံးဖိမယ်ဆိုတာကိုလည်း မျှော်လင့်နေကြပြီးသားပါ။
.
ပြည်သူတွေဖက်က အမှန်တရားပေါ်လာနိုးနိုး မျှော်ကိုးခဲ့ကြသေးပေမယ့် စိတ်ထဲမှာ ဒီအမှုကို ဘယ်လို အဆုံးသတ်မလဲ၊ ဘယ်သူ့ကို ထိုးကျွေးမလဲဆိုတာကိုပဲ စောင့်ကြည့်ကြတဲ့အဆင့်ပါ။ ညင်ညင်သာသာ ညက်ညက်ညောညောကလေး အဆုံးသတ်တတ်တဲ့ ပညာကို လုံးဝနားမလည်တဲ့သူတွေပီပီ မင်းသားက ကပြပြီး ပြည်သူ့မေတ္တာကို ချူထုတ်ရမယ့်အချိန်မှာ ဘီလူးဆိုင်းနဲ့ ဘီလူးအကကို မြိုင်မြိုင်ကြီး မျက်ဝါးထင်ထင် ပြသတာကို မြင်ရတဲ့အပြင် လူသတ်သမားတွေကို ကာကွယ်ပေးနေသယောင်၊ ဒီသတ်ဖြတ်မှုဟာ တရားသယောင် အသံတွေကိုပဲ ထုတ်ပေးပါတော့တယ်။
.
ဒီလူတွေ လုံးဝ နားမလည်သေးတာက ပြည်သူဟာ ဘာသာရေးနဲ့ ထိုးဆွတိုင်း မကြွတော့ဘူး၊ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ စကားလုံးနဲ့ “လုပ်စား” တာကို လက်မခံတဲ့ ပြည်သူတွေ တစ်နေ့တစ်ခြား ပိုများလာနေပြီ ဆိုတာကိုပါပဲ။ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ ဆောင်ပုဒ်ကို ပြည်သူတိုင်း လက်တွေ့ကျကျ အတွင်းသိအစင်းသိ နားလည်နေကြပါပြီ။
.
အနီးစပ်ဆုံးပြောရရင် ကြည်လင်းလို ဘုရားသူခိုးဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့လူက ဘာရန်ငြိုးရန်စမှ မရှိတဲ့ ဦးကိုနီလိုလူကို ငွေလက်ငင်း မရသေးဘဲ အကြွေးသတ်ပေးတဲ့ ကြေးစားလူသတ်ပေးတဲ့ကိစ္စဟာ ပြည်သူတိုင်း သိနေရဲ့နဲ့တောင် မျိုးချစ်စိတ်အရင်းခံတဲ့ အစွန်းရောက်စိတ်ကြောင့် လူငယ်သဘာဝကြောင့် သတ်ဖြတ်တယ်လို့ ပြောဆိုတဲ့ စကားတစ်ခွန်းတည်းက သူတို့အတွက် လမ်းဆုံးကို တွန်းပို့ သလိုသာ ဖြစ်သွားစေပါတယ်။
.
လူတစ်ဦးရဲ့ နှုတ်က ထွက်ကျလာတဲ့ သဘောထားဟာ သူတို့အဖွဲ့အစည်းတစ်ခုလုံးရဲ့ သဘောထားပါပဲ။
.
ကိုယ်ပိုင်အတွေးအမြင်ကို လုံးဝလက်မခံ၊ အထက်အမိန့်တစ်ခုတည်းကိုပဲ တစ်သွေး တစ်သံ တစ်မိန့်ကိုပဲ လက်ခံတတ်တဲ့ အဖွဲ့ အစည်းတစ်ခုက ဆင်းသက်သူတွေမှာ “အထက်အမိန့်မရဘဲ” ဒီလို ကိုယ့်သဘောနဲ့ကိုယ် သတ်တယ်ဆိုတဲ့ကိစ္စမျိုး ရှိလာစရာ မရှိပါဘူး။ ကိုယ့်သဘောနဲ့ကိုယ် မျိုးချစ်စိတ်ရှိလို့ မရသလို ကီုယ့်သဘောနဲ့ကိုယ် အစွန်းရောက်လူငယ်ဖြစ်ခွင့်မရပါဘူး။ အမိန့် ဟာ အသက်ပါပဲ။
.
“ပစ်” အမိန့်သံ မကြားမချင်း ကျည်ဆံဟာ ပြောင်းဝက ထွက်ခွင့်မရတဲ့ အဖွဲ့ အစည်းတစ်ခုမှာ “လူငယ်သဘာဝ” ဆိုတာ ရှိကို ရှိလို့ မရနိုင်ပါဘူး။ မရှိလည်း မရှိခဲ့ပါဘူး။
.
ပြောချင်တာက NLD ဖက်က ဆရာဦးကိုနီလို တန်ဖိုးဖြတ်မရတဲ့ ပညာတတ်တစ်ဦးကိုသာ ရင်းလိုက်ရပါတယ်။ ကိုနေ၀င်းလို အဖိုးတန်လွန်းတဲ့ အုတ်နီခဲ တစ်ပိုင်းကိုသာ ရင်းလိုက်ရပါတယ်။
.
တကယ်တမ်း ပြည်သူတိုင်းရဲ့ ရင်ဘတ်ထဲမှာ ဦးနှောက်ထဲမှာ ရွံရှာမှုအပြည့်နဲ့ ဆုံးရှုံးသွားသူတွေက ဘယ်သူတွေလဲဆိုတာကတော့ မေးစရာမလိုလောက်အောင် ရှင်းလင်းနေတဲ့ မေးခွန်းတစ်ခုပါပဲ။

#ဆရာဦးကိုနီနိုင်ပါတယ်။

မျက်တောင်မွှေးတစ်ဆုံးသာ မြင်တတ်သူဟာ မျက်စိတစ်ဆုံးကြည့်တတ်လောက်အောင် အမြော်အမြင်မရှိတာ မဆန်းပါဘူး။
.
SM

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s