တို့ နှစ်ယောက် နဲ့ ငြိမ်းချမ်းရေး

Kay Thwel

တို့ နှစ်ယောက် နဲ့ ငြိမ်းချမ်းရေး

တခြားသော ဇနီးမောင်နှံ တို့ နည်းတူ ၊ ကျမ တို့ နှစ်ယောက်သည် လည်း ၊ မကြာခဏ ဆိုသလို ငြင်းခုံ တတ် ကြသည် ။ ငြင်း ခုံ ဆို . . . ကျမတို့ နှစ်ယောက်မှာ မတူ တာတွေက မနည်းလှဘူးလေ ။ မတူ ဆုံးက . . သူက ကရင်စစ်စစ် ၊ ကျမ က ဗမာ စစ်စစ် ။

ခုပဲ ကြည့် သူ Netflex ကြည့်နေကျ အချိန်မှာ ကျမက ဒီဗွီဘီ ကနေ ၊ ပြည်ထောင်စုနေ့ အခမ်းအနား ကို ပြန်ဖွင့် ကြည့်နေတော့ ၊ စိတ်မပါ လက်မပါ နဲ့ ၊ ဖုံး ပွတ်လိုက် ၊ လှမ်း နားထောင်လိုက် လုပ်နေတယ်။

တီဗွီ မှန်သားပြင် ထက်က ကြီးမားလှတဲ့ ညောင်ပင်ကြီး အောက်မှာ တော့ ၊ သူ့ ပင်ကိုယ် သဘာဝ မှာ ကို ၊ ယုံကြည်မူ တွေ ပြည့်နေပြီးသား ဖြစ်သလို သူ့ ကို သူ ယုံကြည်မူ ရှိဖို့ အကြောင်းပြချက်တွေက လည်း အင်မတန် မှကို လုံလောက် နေတဲ့ နိုင်ငံ့ ခေါင်းဆောင် ဟာ အားလုံး ကိုယ့်ကို ကိုယ် ယုံကြည်မူ ရှိဖို့ သာ လို ကြောင်း ထပ်ကာ ထပ်ကာ ပြောနေတယ်။ အခုလို အခါမျိုးမှာ အခြေအနေ အရပ်ရပ် အတွက် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆီမှာ ဘယ်လို သဘောထား ရှိမလဲ ဆိုတာ သိပ်စိတ်ဝင်စား စရာ ကောင်းနေတဲ့ အချိန် ဆိုတော့ ၊ သူပြောတဲ့ စကားလုံးတွေ တင်မက ၊ သူ့ အမူအယာ မျက်နှာ အပြောင်းအလဲ က အစ ၊ အားလုံးဟာ တိုင်းပြည် ရှေ့ ရေး တွေ ပဲ ဆိုပြီး ဂရုစိုက် ပြီး နားထောင်ရ တယ် ။ ကုန်ကုန် ပြောရရင် သူ့ ၀တ်တဲ့ အ၀တ်အစား၊ သူ ရွေးချယ်တဲ့ အရောင်တွေ က အစ အဓိပ္ဗယ် တခုခု များ ရှိနေမလား လို့ သေချာ ကြည့် ကြ ရတယ် ။ စကားဝိုင်း တခု လုံးမှာ အကြားရဆုံးကတော့ မတူကွဲပြားမူ ဆိုတဲ့ စကားလုံးပဲ ။

ဒါနဲ့ နေပါအုံး ကိုယ်အခြင်းခြင်းမို့ မေးကြည့်အုံးမယ် ၊ ယူ တို့ ဆို ကွာ မြို့ ပေါ်မှာ နေတဲ့ ကရင် ပဲ ဒီလိုပဲ တခြားလူ မျိုးတွေ ဗမာတွေ နဲ့ ရောပြီး ကျောင်းတက် ကြီးပြင်းခဲ့တာပဲ ကရင် မို့ လို့ ခွဲခြားဆက်ဆံ ခံ ရတယ် ဆိုတာ ရှိလို့လား . . ဆိုတော့ ၊ ရှိတာပေါ့ … တဲ့ ။ ရှိရင် ဥပမာ တခု ပြောပြ.. ဆိုတော့လည်း ဘာ မှ မပြောဘူး ။

“ ကချင်မလေး တော်တော် ကောင်းတယ်နော်… အချက်လည်း ပိုင် အပြောလည်း အကျအန ၊ ဒေါ်စုက သူ့ကို မေးခွန်း ပြင်ပေးတာကိုတောင် ၊ ပြီးပြီးရော ငြိမ်မနေဘူး ၊ သူ ပြောချင်တဲ့ စကားကို မရ ရအောင် ထပ်ပြန် ပြောတယ်။ မိန့် ခွန်း လာနားထောင်သာ သပ်သပ် မှ မဟုတ်တာ … ဆွေးနွေးတယ် ဆိုတာ ဒါမျိုး ဖြစ်ရမှာ….”

နိုဘယ် က နိုဘယ် တွေပဲ ပြောတာပေါ့ ကွာ လို့ သူက ကျောဆန့် ရင်း ဆိုတယ်။

“ မဟုတ်ဘူးကွ..ငါက သူ့စကားတွေ ထဲ မှာ ဘာ အနက်တွေ ထဲ့ ပြီး ပြောတယ် ဘယ်သူ့ တွေ ကို ဘယ်လို မက်ဆေ့ခ်ျ ပေးချင်တယ် ဆိုတာ သိချင်တာ ….”

“ ဘာလဲ . . . အနီးကပ်ဆုံး ရန်သူကို တိုက်ကြ… ဆိုတာမျိုးလား . . . ပြောသွားတယ်လေ . .သမိုင်းစာမျက်နှာ အသစ်တင် မဟုတ်ဘူး သမိုင်းစာအုပ် အသစ်ပါ ရေး ရမယ် .. တဲ့ ။ ခက်တာက ခုပုံ အတိုင်းဆို အထဲကို ၀င် ပြီး ပြင်မယ် ဆိုတဲ့ . . . စစ်သားကောင်း တယောက်ပဲ လိုတယ် ဆိုတဲ့ ၂၀၀၈ ပြင်ဆင်ရေး မှာ စစ်သားကောင်း တယောက် ပေါ်မပေါ် တော့ မသိဘူး ကိုယ့်ဖက်က ဆိုတဲ့ ၇၅ ရာခိုင် နှုံး တောင် မသေချာလောက်တော့ ဘူး .. တိုင်းရင်းသား လူငယ် တွေနဲ့ အခုလို ဆွေးနွေး လက်ချာ ပေး သလို မျိုး ၊ လာမယ့် မတ်လ ၂၇ ရက်နေ့ ကျရင်လည်း ၊ တပ်မတော် သား လူငယ် တွေကို ၊ ခေါ်ပြီး ဆွေးနွေးပွဲ လုပ် နိုင် ရင် ပို မျှတ မှာ . .

ပြီးတော့ . . . လူမျိုးစု တိုင်းရင်းသား တွေ ဆိုတာ ဗမာ စကား ရဲ့ ရှုပ်ထွေး မူ တွေကို ကုန်စင်အောင် အမီ လိုက် နိုင်တာ မဟုတ်ဘူး . . ( ကြွယ်ဝ မူပါကွ ) နင် တို့ ပြောသလို အနက် တွေ အကွက်တွေ ကို အဓိပ္ဗါယ်ဖော် ဖို့ အယူလိုက် ကောက် နေဖို့ ထက် ၊ ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့ သလို အချက် နဲ့ အလက် နဲ့ ဒဲ့ဒိုး ပြောတာပဲ ကြိုက်တယ်။ ခုန ပဲ ကြည့်လေ . . . ရှမ်း ကိုယ်စားလှယ် လေး ပြောသွားတာ . . . ကျနော် ဗမာလို အများကြီး မပြောတတ်ဘူး ဗျ.. တဲ့ .. ဟုတ်တာပေါ့ . . . ငါ တောင် တခါတလေ နင် နဲ့ ပြိုင် မငြင်းချင်ဘူး . . . မြန်မာပြည် နိုင်ငံရေး ဟာ ၊ စကားလုံး တွေ နဲ့ ပဲ အမြဲ ပြသာနာ ဖြစ်နေတာပဲ ကြည့် . . . ရှမ်း ပြောသွားတာ ရှင်းတယ် . . . သူတို့ ဘိုးဘွား ရှမ်းတွေ ယုံကြည်ခဲ့ လို့ ပဲ ပင်လုံ စာချုပ် ဖြစ်ခဲ့တာ . . ဒီ ပင်လုံ ကတိ က၀တ် တွေကို အကောင်အထည်ဖော် နိုင်ဖို့ သူတို့ ဆက်ပြီး ကြိုးစားသွားမယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါ သူတို့ ၀ိုင်းဝန်းကူညီမယ် တဲ့ .. ။ ဒေါ် စု က တော့ ပင်လုံ ကတိ က၀တ် ဆိုတဲ့ စကားကို မသုံးသွားဘူး . . ပင်လုံ စိတ်ဓါတ် ဆိုတာ ပူးပေါင်းပြီး ပန်းတိုင်ကို သွားဖို့ . . ပင်လုံ စာချုပ် ဆိုတာလည်း ဆွေးနွေး တိုင်ပင် ပြီး အဖြေရှာဖို့ လို့ ပဲ… လို့ ပြောသွားတယ် ။ ပင်လုံ စာချုပ်ကို ပြန်လေ့လာပါ လို့ တောင် ဆိုလိုက်သေး . . ငါ့စိတ် ထဲ တော့ အဲဒီ နေရာမှာ တခုခု လွဲ နေသလိုပဲ.. ပင်လုံ ကတိ က၀တ် ဆိုတာကို ဖျောက် လိုက် သလိုပဲ . .ပင်လုံ ကတိ က၀တ် လို့ တောက်လျှောက် ပြောလာခဲ့ ကြတာ အခုမှ ဘာကတိ မှ မရှိဘူး ဆိုတာ မျိုး ကြီး မဖြစ်နိုင်ဘူး .. မမှားဘူး ဆိုရင် ကတိ တခု တော့ ရှိတယ် ကွာ…”

စိတ်မ၀င်စားသလို မပြောချင် သလို နဲ့ ပြောမယ့် ပြောတော့ လည်း ၊ သူက ကိုယ့်ထက်တောင် ပို သိ နေ ပြန်ပြီ ။ ကိုယ်က ဒေါ်စု ပြောတာဆို အချက်အလက် အားဖြင့်တော့ မမှားဘူး လို့ ကြိုတင်ယုံကြည် ပြီးသားမို့ ၊ ငြင်း ဖို့ ဟန် ပြင်တယ်။

“ ငြင်း မနေနဲ့ . . . ဒေါ်စုက ပြန်လေ့လာ ခိုင်းနေတာ . . ပြောနေ ကြာသေး ဒီခေတ်ကြီးထဲ.. ခု ခေါက် ခု ထွက်လာတာ . . . ဟောဒီမှာ အချက်က ၉ ချက်ထဲ၊ ဘာမှ လွဲမှားစရာ မရှိဘူး . ..
. . . .
နံပတ် ( ၈) အချက်ကို ကြည့် –
ဤစာချုပ်တွင်သဘော တူကြသည့် အစီအစဉ်မှာ ပဒေသ ရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာ ရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင် အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေ ရန် တဲ့ ။

ဒါ ကတိ ပဲ လေ ။ ကချင် နဲ့ ချင်း ကတော့ မှန်တယ် နောင်မှ ဆွေးနွေး အဖြေရှာ ကြ မယ် လို့ နံပတ် ( ၉ ) မှာ ဆိုထားတယ်… ရှမ်းက မတူဘူး သီးသန့် ”

ဆိုတော့ . . . ကိုယ်လည်း အသည်းအသန် ipad ကို လက်နဲ့ ဖြဲ ပြီး တလုံးခြင်း တပိုဒ် ခြင်း ပြန်ဖတ် ၊ ဗမာလို ဖတ်လိုက် . . . အင်္ဂလိပ် လို ဖတ်လိုက် . . . နှစ် မျိုး ပြန် တိုက်ကြည့်လိုက် နဲ့ ရှုတ်ရှက် ခတ် သွားတယ်။

အင်း . . . (၁) ကနေ (၄) အထိ က ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် နဲ့ စပ်ဆိုင် တဲ့ ရာထူး ခန့် ထားရေး တွေ တာဝန် ခွဲဝေ ရေး တွေ ။ တကယ့် ဟာ တွေ က နံပတ် (၅) က စတာ.. အဲဒီ ဒေသ တွေရဲ့ နယ်တွင်း ကိုယ်ပိုင် အုပ်ချုပ်ရေး ကို လုံးဝ မထိရဘူး / မထိဘူး လို့ ကတိ ထား တာပဲ . . . ဟုတ်တာပဲ . . . နံပတ် (၆) က တော့ ကချင် ဒေသ ရဲ့ နယ်မြေ သတ်မှတ်ရေး ကိစ္စ ၊ ကြည့်ရတာ အဲ့ဒီ တုန်းကတော့ ကချင် ဒေသ မှာ တူးလို့ မကုန် ယူလို့ မ၀ တဲ့ ဖားကန့် ကျောက်စိမ်း တောင် ကြီး တွေ ရှိမှန်း သေချာ မသိ ခဲ့ ကြသေးဘူး နဲ့ တူပါတယ် . . ဘာလို့ ဆို . . .နောက်ဆုံး အချက် ဖြစ်တဲ့ နံပတ် (၉ ) မှာ ချင်း နဲ့ ကချင် က ဗဟိုအစိုးရ ရဲ့ အခွန်ငွေ ခွဲဝေရေး အောက်မှာ နေ ဦးမယ် . . နောက်မှ ဆက်ဆွေးနွေးမယ် ဆိုပြီး ၊ မလို့ လဲ . . လို့ လဲ သဘောတူ ထားတယ် ။ ခုန ယူ ပြောတဲ့ နံပတ် ( ၈) အချက်ကတော့ ရှမ်းတွေက ပြတ်ပြတ်သားသား ကို တင်းခံ ထားတာ . . ဘဏ္ဍာငွေ နဲ့ ပတ်သတ်လို့ တော့ လုံးဝ လုံးဝ ပဲ ။ အေးပေါ့ ရှမ်းပြည်ဟာ အဲ့ဒီ အချိန်တုန်းက ဗမာပြည်မှာ သတ္တု သိုက်တွေ အပေါများ ဆုံး နဲ့ ၀င်ငွေ အများဆုံး ရှာပေး နေတဲ့ ဒေသ ကြီးကိုး ။ နံပတ် (၇) အချက်က နယ်သူ နယ်သားတွေ အခြေခံ လူ့ အခွင့်အရေး ဘာ ညာ ဆိုတာ တွေ ပါ . . ”

“ အခွန်ဝင်ငွေ ကိစ္စ ၊ ခုခေတ် ဆိုရင်တော့ သယံဇာတ ခွဲဝေ ရေး ကတော့ အတော် ကျယ်ကျယ်ပြန့် ပြန့် ညှိနှိုင်း ရ မှာ. . ဒီ မှာ ဆိုရင်တော့ ရွိုင်ရယ်လတီ သတ္တု ခွန်ကို ပြည်နယ် က အကုန်ယူပြီး ကော်ပိုရိတ် တက်ဇ် ကိုသာ ဖယ်ဒရယ် အစိုးရ က ကောက်တာ …”

အရေးထဲ ၊ မိုင်းဆရာ က မုန့်ဆီကြော်ဖြင့် ဘယ်နေမှန်း မသိ သေး ။

“ ဒါပေမယ့် နော် . . တို့ စဉ်းစားကြည့်တာ . . . ဒီ စာချုပ်ဟာ တကယ်ဆို စာချုပ် သက်တမ်း ကာလ တို့ အခြေအနေ သတ်မှတ်ချက် တို့ ဘာတို့ မပါပဲ ပြည့်စုံမူ အားနည်း နေသလား လို့ . . အခြေအနေ အရပ်ရပ် အရ မြန်မြန်ဆန်ဆန် လုပ်ခဲ့ ရ လို့ လား . . ဘာလို့ ဆို ဒီ အတိုင်ပင်ခံ တွေ အမူဆောင် ကောင်စီ တွေ မရှိတော့ တဲ့ အခါ ၊ကျန်တဲ့ အချက် တွေက အသက်ဝင်ပါ အုံးမလား . . .”

“ ပင်လုံ စိတ်ဓါတ် ဆိုတာ အဲ့ဒါပဲ လေ . . ဗမာ ခေါင်းဆောင်တွေကို ယုံယုံ ကြည်ကြည် နဲ့ ချက်ခြင်း လက်ငင်း စာချုပ်ကို ရေးထိုး သဘောတူ ခဲ့ တဲ့ ၊ ပူးပေါင်းမူ ဟာ ပင်လုံ စိတ်ဓါတ် ဆိုတာပေါ့ ဟာ . . နင်ပြောတဲ့ အခြေအနေ သတ်မှတ်ချက် တို့ ဘာတို့ ကို ဒီအတိုင်း နှုတ် နဲ့ ပြောခဲ့ ဆိုခဲ့ ကြတာ . . ပြီးတော့ ဗမာ ဖက်က ထိုးတဲ့သူက ဗိုလ်ချုပ်အောင်ဆန်း တယောက်တည်း . . . သူသေ မှတော့ ဒါတွေ အသက်ဝင်ပါတော့မလား . . .

ပြောရင်း ဆိုရင်း ငြင်းခုံ ရင်း ၊ တိုင်းရင်းသား ရေး ဖယ်ဒရယ်မူ နဲ့ ပတ်သတ်မယ့် စာအုပ် တချို့ ကို စာအုပ်စင်ဆီ သွား ဆွဲ ထုပ် လာ လိုက်တယ်။ စာအုပ် မဖတ် တဲ့ သူ့ ကို ကိုယ် ဖတ်ထား သိထား ဖူး တဲ့ အကြောင်း တွေ နဲ့ သေချာ ရှာ ပြ ချင်သည်။

“ ရှမ်းက မတူဘူး ဆိုတာ လက်ခံ တယ် ။ ပင်လုံစာချုပ် ဟာ ရှမ်းပြည်မှာ စ ခဲ့ သလို ၊ ရှမ်း တွေ ကြောင့် ဖြစ် လာ ခဲ့တာ . . အခုန ရှမ်းလေး ပြောသွားတာ ရှမ်းတွေ ရဲ့ အသက်သွေးကြော ဆိုတာ သိပ်မှန် တယ်။ ရှမ်းဒေသ ဟာ အင်္ဂလိပ် မ၀င်ခင် နဂိုတည်းက သူ့ အုပ်ချုပ်ရေး သူ့ ယဉ်ကျေးမူ နဲ့ သူ ရှိနေခဲ့တာ . . ပထ၀ီ အနေအထားက အစ သီးသန့် . . သယံဇာတ လည်း အလုံအလောက် . . အင်္ဂလိပ် လက်ထပ် မှာ တောင် အင်္ဂလိပ် ကော်မရှင်နာ တွေ နယ်ပိုင် ၀န်ထောက် တွေ က စွတ်ဖက် ကြီးကြပ်ပေမယ့် သူ့ အခွန် စနစ် သူ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကို တော့ အတိုင်းအတာ တခု ထိ ပေး ထား ခဲ့တာ. . . ဒါကလည်း အင်္ဂလိပ်က လည် တာ လို့ ပြောရမယ် . . ပဒေသရာဇ် စော်ဘွားတွေ အတွက် ဘာမှ အခြေမပျက် စေ တော့ အသံ မထွက်တော့ဘူးလေ . . စ၀်ရွှေသိုက် ရဲ့ သမီး စ၀်စန္ဒာ ရေးတဲ့ စာအုပ် ထဲ မှာဆို ၊ နယ်ချဲ့ စနစ်ဟာ ဗမာတွေ အတွက် နာသာခံ ခက် လှ ပေမယ့် သူတို့ ရှမ်းတွေ အတွက်တော့ သက်သောင့် သက်သာ ပိုရှိ တယ် လို့ ရေးထားတယ်. . ဒါပေမယ့် အချိန်အခါ တွေက တိုက်ဆိုင်လာတော့ အသံမထွက် တဲ့ သာမန် ရှမ်းနယ်သား တွေ အတွက် ၊ အသံ ထွက်ပေးမယ့် တိုးတက်တဲ့ ရှမ်းလူငယ် တွေ ထွက်ပေါ် လာတာပဲ . . . ဟောဒီ စာအုပ်ကို ရေးတဲ့ ဦးထွန်းမြင့် ဟာ အဲ့ဒီ ရှမ်းလူငယ် တွေ ထဲက တယောက်ပေါ့ . . . အင်္ဂလိပ် ခေတ်က ဆို . . . ပြည်မ က လူတွေဟာ ရှမ်းပြည်ကို အလွယ်တကူ သွားလို့ မရ ဘူး . . . ပြည်မ က နိုင်ငံရေး သမား တွေ ရဲ့ သွေးထိုး တာတွေ ဖြစ်လာမှာ စိုးလို့ ဆိုပဲ . . . ဒါပေမယ့် ရန်ကုန်တက္ကသိုလ် ကို ရှမ်းလူငယ် တချို့ ရောက်လာ ပြီး နောက်ပိုင်း နယ်ချဲ့ ဆန့်ကျင်ရေး နဲ့ တိုးတက်တဲ့ နိုင်ငံရေး အမြင် တွေဟာ ၊ ဘာ စည်း နဲ့ မှ ကာ ထား လို့ မရ တော့ဘူး . .”

စာအုပ် ဖွင့်မကြည့် ကြေး လို့ သူက နောက်သည်။ အို . . ကိုယ်တို့က စာအုပ် ဖွင့်စရာမလိုဘူး . . ယူ့ကို သေချာ ဖတ်ကြည့်စေချင်လို့ . . ဆိုတော့ ၊ ငါ က လည်း စာအုပ် ဖတ်စရာ ကို မလိုဘူး . . အမြင်အကြား နဲ့ သိပြီးသား တဲ့ ။ အဲ့ဒီ ပွာကညော ဟာ လေ ၊ တကယ် လက်ပေါက်ကပ်တယ် . . ပွာကညော ပီပီ ခေါင်းကလည်း မာချင်သေး ။

“ တကယ်က ဗိုလ်ချုပ်အောင်ဆန်း တို့ လန်ဒန် မှာ လွတ်လပ်ရေး အတွက် အရေးဆို ဖို့ ရောက် နေတဲ့ အချိန်မှာ ၊ ရှမ်းစော်ဘွား တွေက ဒီကနေ ပြီး သူတို့ ရှမ်းတွေကို ကိုယ်စား မပြု ကြောင်း သံ ကြိုး လှမ်း ရိုက်လို့ ဒရာမာ တွေ ဖြစ်လာတာ . . အခုန ပြောတဲ့ ရ.ပ.လ လို့ ခေါ်တဲ့ ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ က လူငယ် တွေ ကပဲ ကောက်ကာ ငင်ကာ လူစု ၊ ရှမ်းလူထု က အပြည့်အ၀ ထောက်ခံပါတယ် ဆိုပြီး ဆန္ဒပြ တဲ့ သတင်း တွေကို တန်ပြန် သံ ကြိုး ရိုက် ပို့ လိုက် ရတာ ၊ ပြောရရင် ရ.ပ.လ လမ်းပေါ် ထွက် ခဲ့ လို့ ဖ.ဆ.ပ.လ အသက်ရှု ချောင် သွား ခဲ့တာလေ .. ဒီလို ဖြစ်အောင်လည်း ဖ.ဆ.ပ.လ က ၊ ရှမ်းလူငယ် တွေကို ကြိုးကိုင် အသုံးချ ခဲ့တယ် လို့ ပြောရင်လည်း မှန်နေတာပဲ . . ရင်နာစရာ ကောင်း တာက ၊ တောင်တန်း ပြည်မ ပူးပေါင်း နိုင်အောင် ၊ ပင်လုံ စာချုပ် ကြီး ချုပ်ဆို နိုင်အောင်. . လွတ်လပ်ရေး ရအောင် ၊ လုပ်ခဲ့ ကြတဲ့ အဲဒီ လူငယ် တွေကို ပဲ ၊ နောင် တချိန် မှာ အာဏာရ လာတဲ့ ဖ.ဆ.ပ.လ အစိုးရ က ၊ ခွဲထွက်ရေး သမား ဆိုပြီး နှိပ်ကွပ် ဖမ်းဆီး တာတွေ လုပ်ခဲ့ ကြ တာ . . တကယ်က ပင်လုံစာချုပ် ရဲ့ ကတိ က၀တ် တွေ ကို ၁၉ ၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်မှာ မလိမ့်တပတ် ဖြစ်သွားပြီ လို့ သူတို့မှာ အစောထဲက စိတ်ထင့် နေခဲ့တာ. . . တဖက် မှာ လည်း ရှမ်းပြည်သူ တွေက ရှမ်းပြည်ကို ရောင်းစား သွားခဲ့သူတွေ လို့ စွပ်စွဲ တာ ခံ နေရ ပြီ လေ . . စိုင်းညွန့်လွင် ရဲ့ စာအုပ် ထဲ မှာ ရေးထားတာ . . . အဲဒီ ရှမ်းလူငယ် တွေ ရဲ့ နေရာကို ၀င်ကြည့်လိုက်ရင် သူတို့ ရင်ထဲ ဘယ်လောက် ခံစားနေရ မလဲ ဆိုတာ သိပ်စိတ်ဝင်စား ဖို့ ကောင်းတယ် တဲ့ . . အဟုတ်ပဲ ။

နေပါအုံး . . ရှမ်းတွေ ရှုပ်ရှက်ခက် နေတဲ့ အချိန် ကရင် တွေ က ဘာလုပ်နေလဲ . . .ပင်လုံ မှာလည်း လေ့လာသူ အနေနဲ့ ပဲ တွေ့တယ် ရော ”

“ ဗိုလ်ချုပ်တို့ လန်ဒန် ရောက်နေတဲ့ အချိန်မှာ စောဘဦးကြီး နဲ့ ကရင်ခေါင်းဆောင် တချို့ လည်း ကရင် လွတ်လပ်ရေး အတွက် အရေးဆို ဖို့ လန်ဒန် မှာ ရောက်နေကြတာ လို့ ပြောတာ ကြားဖူးတယ် . . . ဒါပေမယ့် နာမယ်ကြီးနေတဲ့ အောင်ဆန်း ကိုပဲ အင်္ဂလိပ်က စိတ်ဝင်စား နေ ခဲ့ တာ နေမယ် . . ”

“ ဟုတ်တယ် . . အင်္ဂလိပ်က သူ့ကို သစ္စာခံ ပြီး တောက်လျှောက် ကူညီ မဟာမိတ် ပြု ခဲ့တဲ့ ကရင် တွေကို ၊ နောက်ဆုံးမှာ ပစ်ပယ် ခဲ့ တာ. . . စာအုပ် တအုပ်မှာ ဖတ် ဘူး တယ် .. စစ်ပြီးစ က အင်္ဂလန် မှာ နေတဲ့ ကရင် နိုင်ငံရေး သမား တယောက် ဆိုရင် ၊ မနက် အိပ်ယာ ထ တိုင်း ၊ နံရံမှာ ချိတ်ထားတဲ့ ဂျော့ ဘုရင် ကို ဆဲဆို ကျိန်းမောင်း သတဲ့ . . ရီစရာ လည်း ဖြစ် မယ် ထင်တယ် . . . ဘာပဲဖြစ်ဖြစ်လေ အနှစ် ၇၀ ကြာလာ ခဲ့ပြီ . . အဖြေ တခု တော့ ရှိသင့်ပြီ ။ ဗိုလ်ချုပ် အောင်ဆန်း စခဲ့ တဲ့ ကိစ္စ တွေကို ၊ သူ ထောင်ခဲ့ တဲ့ တပ်မတော် နဲ့ အကြေအလည် ညှို နှိုင်း ဖို့ ရာ သူ့သမီးပဲ လုပ် နိုင် လိမ့် မယ် ”

“ အင်း . . ခုတော့ . . . သူ့သမီးက ကို ခက်နေလေသလား. . အကြပ်အတည်းပဲ ဆိုက်နေ သလား ပဲ .. ”

ဒီတခါ တော့ သူ့ ရဲ့ သံသယ ကို ကိုယ်လည်း မချေ နိုင် ။

“ ဒေါ်စု ဟာ ဘာလို့ တိုင်းရင်းသား တွေ လက်မခံ ချင် တဲ့ NCA ကို ဆက်သုံး သလဲ ဆိုတာ စဉ်းစားရ တော်တော် ကြပ်သား . . ၅ နှစ်လောက် အလှူရှင်တွေ ကုန်ခဲ့တဲ့ ပိုက်ဆံ တွေ ကို ထဲ့ တွက် ဖို့ လိုသလို ၊ အရင် အစိုးရ ကိုလည်း မျက်နှာ မဖျက် ချင်တာ နေမယ် . . ဘာမှ ထောက်ထား စရာ မရှိဘူး ဆိုရင်တော့ အခြေခံ ဥပဒေ လည်း ပြန်သစ်. . ငြိမ်းချမ်းရေး လည်း ပြန်သစ် ရ မှာ . . နေပါအုံး… တိုင်းရင်းသား တွေကရော NCA ကို ဘာဖြစ်လို့ မထိုးချင် ကြ တာ တဲ့ လဲ. . ”

“ ငါ သိသလောက် တော့ ဝေ ၀ါးတယ် . . ရှည်လျားတယ် . . ထုံးစံ အတိုင်း သွေးခွဲ တယ်။ ၂၀၀၈ အခြေခံ ဥပဒေ ကို ပြင်ဖို့ ၂၀၀၈ အခြေခံ ဥပဒေကို ကာကွယ်ပါမယ် လို့ ကျမ်းကျိန်ရ သလိုမျိုး ၊ အပစ်ရပ် စာချုပ် ကို သဘောတူ လက်မှတ်ထိုးပြီး မှ ဘယ်သူ အရင် အပစ်ရပ် မလဲ လို့ ညှိနှိုင်းကြရမယ် ဆိုတာ မျိုးလေ . . .လူမျိုး လည်း မစုံ ဘူး.. အခု ထိုးထားတဲ့ ရှစ် ဖွဲ့ ဆိုတာလည်း ကရင် က တင် လေးဖွဲ့ ဖြစ်နေပြီ ”

“ အင်း.. ဒါတော့ ငါ သေချာ မဖတ်ဘူး လို့ မပြော တတ်ဘူး ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ ဖက် ကလည်း နှစ်တွေ ကြာ လာတော့ ၊ အမျိုးသားရေး ခံယူချက် နဲ့ ရပ်တည် တာ ထက် ၊ အကျိုးစီးပွားကိစ္စ တွေက ပို ရှုပ်ထွေး လာနေတာပဲ မဟုတ်လား . . . ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ ဟာ ၊ ဒီ တိုင်းရင်းသား အားလုံးကို ကိုယ်စား ပြု နေတာ မှ မဟုတ်တာ ”

ပြု – မပြု ဆိုတာ နင်နားလည်အောင် ရှင်းပြ လို့ မရဘူး .. တဲ့ ။ ညစ်ကပ်ကပ် နဲ့ သူ ကလေ . . ။

“ အေးပါ ပြု ချင် ပြု မပြု ချင်လည်း နေ. . ဒေါ်စု မှာလည်း သနား ဖို့ ကောင်းနေပြီ . . ၉ ၀ အလွန် နိုင်ငံရေး အကြပ်အတည်း ကို ၊ လွှတ်တော်ထဲ ၀င်ပြီး ဖြေရှင်းဖို့ ကြိုးစားပေမယ့် ၊ ခြေချုပ် ကို ဖြေပေးပြီး ကြိုးကွင်း ပြောင်းစွပ် ခံလိုက် ရ သလိုပဲ ဖြစ်နေပြီလား မသိပါဘူး ။ မိုးရွာတုန်း ရေခံ ဖို့ တိုက်တွန်း ခဲ့ တဲ့ ဟီလာရီ လည်း ၊ သူကိုယ်တိုင် တောင် အကြောင်းမလှ လေတော့၊ အံကြိတ်ပြီး ဆက်သာ သွား လို့ လည်း မ ပြော နိုင်တော့ဘူး ။ ရင်ကြား စေ့ ဖို့ ကြိုးစားရင်း ၊ နောက်ကျောမလုံ တော့ တာ ကို ရော ဘယ်လို လုပ်မလဲ ။ ၂၀၀၈ မပြင်ရဲ အောင် ဦးကိုနီ ကို သတ်လိုက် ပေမယ့် ၊ အဲ့ဒါကြောင့် ကို ၂၀၀၈ ကို ပြင်ဖို့ ဘယ်လောက်တောင် လိုအပ်နေတယ် ဆိုတာ ပို ပေါ်လွင် လာ တာပဲ ။ ရခိုင် အရေး ကိုလည်း မီးမွှေး ထား သေးတယ်။ အခု ငြိမ်းချမ်းရေး က တမျိုး . . ”

ငြိမ်းချမ်းရေး က တမျိုး မက ဘူး . . လို့ ၊ သူ က ပျက်ခြော်ခြော် လုပ်ပြီး တီဗွီ ရှေ့က ထ ဖို့ ဟန် ပြင်တယ်။ ကိုယ်က စိတ်ပါဝင်စား နားထောင် အားတက်သရော ပြော နေတော့ အချိန်တွေ မင့် လို့ ၊ ဒီည သူ မှ ရုပ်ရှင် မကြည့် ရ တော့တာ ။ ဘယ်ရ မလဲ ။ နည်းနည်းတော့ ထပ် ကြပ် လိုက် အုံးမယ် ။

“ တမျိုး မက ဘူးလေ. . ကရင် က တင် လေး မျိုး ငါး ဖွဲ့ မဟုတ်လား ”
“ ဗမာတွေ လူလည်ကျ ပြီး သွေးခွဲ ထားတာလေ. . ”
“ အမယ် . . . ဗမာ စစ်တပ် နဲ့ ဗမာ လူမျိုး ခွဲ ခြား ပြောပါကွ. . ”

အဲဒါကြောင့် .. အခု .. ‘ငါ’ ကေအန်ယူ ကွန်ဂရက် သွားပြီး မဲ ပေး မှာ . . လို့ သူက အတည်ပေါက်ကြီး နဲ့ ပြောတော့ ၊ သူ့ကိုယ်သူ ကေအန်ယူ ဟု ပြောပါသည် ဟုတ် မ ဟုတ် တော့ မသိပါ လို့ လှောင် လေ့ ရှိတဲ့ ကျမက ၊ မပြုံးပဲ ၀ါးလုံးကွဲ ရယ် မိတော့တယ် ။ သူ က လည်း သူ့ဖာသူ တဟားဟား အော်ရယ် ရင်း ၊ ဘာလဲ.. နင်ကရော ဖေ့ဘွတ် မီဒီယာ မှာ နိုင်ငံရေး လေ့လာသုံးသပ် သူ ဆိုပြီး စာရေး မ လို့ မဟုတ်လား . . . ဟား ဟား . .

လေးနက် တဲ့ အကြောင်းအရာ တွေ ကြားထဲ ၊ကျမ တို့ ပေါ့ပါး ပြစ်လိုက် ကြသည်။

Advertisements

One thought on “တို့ နှစ်ယောက် နဲ့ ငြိမ်းချမ်းရေး

  1. Paul Kyaw Hi KT
    Thanks for your comprehensive analysis and beautiful presentation that I love. Panlong Agreement PA was signed between Burma Proper BP and Burma Frontiers BF. Aung San led BP but without the mandate of the Arakanese, the Mon and the Karen. The British knowingly let that happened or simply allured Aungsan . They never left one single ex-colony to enjoy independence but ignited the fuse of geo cum racio-political turmoil.
    Three Karen leaders ( without mandate) were allowed to attend as observers.( I know one personally) Arakanese and Mon were not ( very) politically active and unfortunately the active Karen were divided by KYO during that short-lived and critical period that dictated the future of Burma since then.
    Limited information exchange and poor communication system also decided the fate of Burma.
    I believe you know the reason of delay in NCA as some so-called arm struggle groups are freshly-formed with handful of followers to get into new democracy train of Burma like Shan Youth.
    Love

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s