ပြည်ထောင်စုသားမွတ်စလင်မ်များအပေါ် မောင်သွေးချွန်၏ တုံ့ပြန်ဝေဖန်ချက်အလွဲများ

Myanmar Muslim Media

ပြည်ထောင်စုသားမွတ်စလင်မ်များအပေါ်

မောင်သွေးချွန်၏ တုံ့ပြန်ဝေဖန်ချက်အလွဲများ
============================

( အပိုင်း ၁ )

ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)၏ “ပြည်ထောင်စုသားမွတ်စလင်မ်များ´´စာအုပ်ကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ပထမအကြိမ်ထုတ်ဝေခဲ့ရာ နိုင်ငံတော်အဆင့်ရှိ ၀ါရင့်သမိုင်းပါမောက္ခနှစ်ဦး၊ ၀ါရင့်ဥပဒေ ပညာရှင်တစ်ဦး၊ နိုင်ငံရေး/သာသနာရေး/စီးပွားရေးကဏ္ဍမှ ၀ါရင့်ခေါင်းဆောင် ၅ ဦး၊ တိုင်းရင်းသား ခေါင်းဆောင် ၅ ဦင်္း၊ စုစုပေါင်း ၁၃ ဦးတို့က အမှာစာများ ချီးမြှင့်ရေးသားပေးခဲ့ကြပါသည်။ ထိုစာအုပ်နှင့် စပ်လျဉ်း၍ မောင်သွေးချွန်က အောင်ဇေယျတုဂျာနယ်နှင့် သာကီသွေးဂျာနယ်တို့မှ တုံ့ပြန်ဝေဖန်ချက်များ ရေး သားကာ ယင်းတို့ကိုစုစည်းပြီး “ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်)´´ရဲ့ ပြည်ထောင်စုသားမွတ်စလင်မ်များ -သို့မဟုတ်-သမိုင်းတု သမိုင်းလိမ် သမိုင်းရေးလုပ်ကြံစော်ကားမှုများ´´စာအုပ်ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ် ထုတ်ဝေခဲ့ပါသည်။ ယခုအခါ မောင်သွေးချွန်၏စာအုပ်မှာ ပဉ္စမအကြိမ်ထုတ်ဝေပြီးဖြစ်၍ စာဖတ်သူများသို့ အသိပေးသင့်သည်တို့နှင့်စပ်လျဉ်း၍ ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်)နှင့် အင်တာဗျူး မေးမြန်းချက်ကို ဖော်ပြအပ်ပါသည်။

Image may contain: 1 person, closeup

မေး ။ ။ ဆရာရဲ့ “ပြည်ထောင်စုသား မွတ်စလင်မ်များ´´စာအုပ်ရဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါလား။
ဖြေ ။ ။ မြန်မာ့သမိုင်းမှာ ရှေးမြန်မာဘုရင်များခေတ်ကစပြီး ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီး ခေတ်အဆက် ဆက်မှာ မြန်မာမွတ်စလင်မ်တွေရဲ့အခန်းကဏ္ဍ၊ တိုင်းပြည်အတွက် စွန့်လွှတ်အကျိုးပြုခဲ့ပုံ၊ ကြုံ တွေ့ရတဲ့စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းစတာတွေကို အပြုသဘောဆောင်တင်ပြထားပါတယ်။ မြန်မာမွတ်စလင်မ်တွေအပေါ် အထင်အမြင်လွဲမှားမှုတွေပပျောက်ပြီး ရှေးယခင်ကလိုပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရေး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်ငန်းမှတဆင့် ဘာသာတရားများအကြား သဟဇာတဖြစ်ရေး စတာတွေကို ရည်ရွယ်ပါတယ်။

မေး ။ ။ မောင်သွေးချွန်ရဲ့တုံ့ပြန်ဝေဖန်မှုအပေါ် ဘယ်လိုသဘောထားပါသလဲ။
ဖြေ။ ။ ။ ဒီမိုကရေစီကျင့်စဉ်အရ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ကို လက်ခံရမှာပါ။ ဒါပေမယ့် စာဖတ်သူ တွေအပေါ် စေတနာမှန်ဖို့လိုပါတယ်။ ၀တ္ထု၊ ဆောင်းပါးနဲ့ ဝေဖန်ချက်ရေးဟန်နဲ့ သုတေသနပြု နည်းမှာ ကွာခြားမှုအများကြီးရှိပါတယ်။ မောင်သွေးချွန်ရဲ့ ကျွန်တော့်စာအုပ်အပေါ် တုံ့ပြန်ဝေဖန် ချက်ကိုဖတ်ကြည့်ရင် မြန်မာမွတ်စလင်မ်တွေရဲ့ အရှိတရားကို အသိအမှတ်ပြုလိုစိတ်မရှိဘဲ ရန်လိုနေတဲ့ရေးဟန်နဲ့ ဗဟုသုတအားနည်းတဲ့အတွက် လွဲမှားတဲ့သုံးသပ်မှုများကို တွေ့ရမှာဖြစ်ပါ တယ်။
ကျွန်တော့်စာအုပ်ကို အချက်အလက်တွေခိုင်မာအောင် သုတေသနအသွင် ပြုစုထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ တိုင်းရင်းသားတွေရော၊ ပြည်သူတစ်ရပ်လုံးပါ ပေါင်းစည်းညီညွတ် ရေးကို ဦးတည်ထားပြီး အနုတ်သဘောဆောင်တာတွေကို ရှောင်ရှားထားတဲ့အတွက်ဝါရင့်ပညာရှင် များနဲ့ ခေါင်းဆောင်အသီးသီးက အမှာစာများ ချီးမြှင့်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့် စာအုပ်ကို မြန်မာ့သမိုင်းအဖွဲ့မှာဖြစ်စေ၊ စစ်မှန်တဲ့ပညာရှင်များပါဝင်တဲ့ အခြားဘယ်အဖွဲ့အစည်း မှာမဆို ဆန်းစစ်မှုခံနိုင်ပါတယ်။

မေး ။ ။ ဦးသန့်ဟာ ဗမာမွတ်စလင်မ်ကပြားဆိုတာနဲ့ပတ်သက်လို့ ရှင်းပြပါဦး။
ဖြေ ။ ။ ဦးသန့်အဘိုးနဲ့ ဖခင်ဦးဘိုးနှစ်တို့ဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်ခဲ့ကြလို့ ဗမာ မွတ်စလင်မ်တွေ ဖြစ်ခဲ့ကြပြီး မိခင်ဒေါ်နန်သောင်ဟာ ရှမ်းမွန်တိုင်းရင်းသူဖြစ်တဲ့အတွက် ဦးသန့်ဟာ ဘာသာရေးအရ ဗုဒ္ဓဘာသာကိုးကွယ်ပေမယ့် လူမျိုးရေးအရ ဗမာမွတ်စလင်မ်+ရှမ်းမွန်သွေးပါသူ (၀ါ) ဗမာမွတ်စလင်မ်ကပြားတစ်ဦးဖြစ်ကြောင်း ရိုးရှင်းစွာဖော်ပြထားပါတယ်။
ဒါကိုမောင်သွေးချွန်က အမေရိကန်စာရေးဆရာ June Binghan ရေးတဲ့ U Thant of Burma (အထောက်တော်လှအောင် မြန်မာဘာသာပြန် ဗမာ့ဦးသန့်) စာအုပ်ထဲမှာ ဦးသန့်မျိုးရိုးကို မွန်ဗမာ လို့ နှစ်ကြိမ်တိုင်တိုင် ဖော်ပြထားတာဖြစ်တဲ့အတွက် ကျွန်တော်ဟာ “ဗြောင်လိမ်ရုံ သာမက သမိုင်းတု သမိုင်းလိမ်ကို အရှက်မရှိ လုပ်ကြံဖန်တီးထားတယ်´´လို့ ကြမ်းတမ်းစွာ ရေးသားထားပြီး “ရာဇ၀င်ရိုင်းရုံမက ဗုဒ္ဓဘာသာတစ်မျိုးသားလုံးကို စော်ကားလိုက်တာဖြစ်ပါတယ်´´လို့လည်း လူမျိုးရေး၊ ဘာသာရေးအမုန်းတရားတွေကို လှုံ့ဆော် လိုက်တာတွေ့ ရပါတယ် ။ (သာကီသွေး ဂျာနယ် ၁၄.၁၀.၂၀၁၆ ၊ စာ ၄၇)
တကယ်တော့ ဒီလိုအရေးအသားမျိုးတွေဟာ သူ့ရဲ့ လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်မှု တွေအပေါ်အခြေခံပြီး ရန်လိုမှု၊ အရှိတရားကိုလက်မခံလိုမှု၊ ဗဟုသုတနည်းပါးမှုတွေကို သူကိုယ် တိုင် ဖော်ထုတ်လိုက်တာဖြစ်ပါတယ်။ ဦးသန့်ရဲ့မျိုးရိုးနဲ့ပတ်သက်လို့…
၁။ တစ်ချိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင်က “… ဦးသန့်ရဲ့ အဘိုးဟာ မြန်မာလူမျိုးမဟုတ်ဘူးဆိုတာ စုံစမ်းသိထားရတယ်။ သိမီလိုက်သူ အနည်းငယ် ရှိလို့ မနည်းစုံစမ်းယူရတယ်…´´လို့ ၄.၂.၁၉၉၁ နေ့ ညှိနှိုင်းဆွေးနွေးပွဲမှာ မိန့်ခွန်းပြော ကြားသွားခဲ့ပါတယ်။ (မြန်မာ့အလင်းသတင်းစာ ၅.၂.၁၉၉၁၊ စာ-၁၀)

၂။ ဦးသန့်ရဲ့မြေးဖြစ်တဲ့ သန့်မြင့်ဦးကိုယ်တိုင်ရေးသားပြီး ၂၀၀၆ ခုနှစ်က နယူးယောက် မြို့မှာထုတ်ဝေခဲ့တဲ့ The River of Lost Footsteps (ခြေရာပျောက်မြစ်)စာအုပ်၊ စာမျက်နှာ ၁၆၆-၁၆၇ မှာ ဦးသန့်ရဲ့ဖခင် ဦးဘိုးနှစ်ရဲ့မိသားစုဟာ မွတ်စလင်မ်နှင့် ဗုဒ္ဓ ဘာသာပေါင်းစပ် ထားတဲ့ ကပြားမိသားစုဖြစ်တယ်။ သူ့ရဲ့အဘိုးဟာ စစ်တွေကနေ ပန်းတနော်(ဧရာဝတီတိုင်း) ကိုရောက်လာခဲ့ပြီး ဦးသန့် ၁၄ နှစ်သားအရွယ်မှာ ဖခင် ကွယ်လွန် သွားတယ်လို့ အတိအလင်း ဖေါ်ပြထားပါတယ် ။ဒီ့အပြင် သန့်မြင့်ဦးရဲ့ ၂၀၁၁ ခုနှစ်က ရေးသားထုတ်ဝေခဲ့တဲ့ Where China Meets India and New Cross Road of Asia စာအုပ်၊ စာမျက်နှာ ၇၆ မှာလည်း အဲဒီအကြောင်းကို အသေးစိတ် ထပ်ဖေါ်ပြထား ပါသေးတယ်။ ဦးသန့်ရဲ့ဖခင် ဦးဘိုးနှစ်ဟာ မူလက အစ္စလာမ်ဘာသာကိုးကွယ်ခဲ့ပြီး အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ ဗုဒ္ဓဘာသာကို ကူးပြောင်းသွားတယ်လို့ သိရပါတယ်။ လူတွေဟာ ကိုးကွယ်ရာဘာသာတရားနဲ့ နိုင်ငံသား ပြောင်းလဲလို့ရပေမယ့် လူမျိုးကို ပြောင်းလို့မရပါဘူး။ ကျွ န်တော့်ရဲ့စာအုပ်ထဲမှာ ဦးသန့် ဟာ ဗုဒ္ဓဘာသာ ကိုးကွယ်တယ်လို့ အတိအလင်း ဖေါ်ပြထားပါတယ်။ (စာ-၂၃၀)။ ဦးသန့်ဟာ ဗုဒ္ဓဘာသာကိုးကွယ်ရုံနဲ့ လူမျိုးပြောင်းမသွားပါဘူး။ လူမျိုးရေးအရ ဖခင်ဘက်က ဗမာမွတ်စလင်မ်သွေးနဲ့မိခင်ဘက်က ရှမ်းမွန်သွေးပေါင်းစပ်ထားတဲ့ ဗမာမွတ်စလင်မ် + ရှမ်းမွန် (၀ါ) ဗမာမွတ်စလင်မ်ကပြား ဖြစ်တယ်ဆိုတာ အရှိတရားပါ။

၃။ ကျွန်တော်ကိုယ်တိုင်လည်း ဦးသန့်နဲ့ညီအစ်ကိုအရင်းတော်စပ်တဲ့ ဦးခန့်နဲ့ ၁၉၉၀ ခုနှစ်က ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းမှာရှိတဲ့သူ့အိမ်မှာ တွေ့ဆုံစကားပြောဘူးပါတယ်။
ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးနဲ့ ဦးသန့်ရဲ့မြေးကိုယ်တိုင် အတိအလင်း ရှင်းလင်းဖေါ်ပြထားပါလျက် မောင်သွေးချွန်ဟာ သူဖတ်ဘူးတဲ့စာအုပ်တစ်အုပ်နဲ့ မကိုက်ညီမှုကို အကြောင်းပြုပြီး ကျွန်တော့်ကို ရင့်သီးစွာစွပ်စွဲရေးသားမှုဟာ သူ့ရဲ့လူမျိုးရေးအစွန်းရောက်နေမှုကို သူကိုယ်တိုင်ဖေါ်ပြလိုက်တာပဲဖြစ်ပါတယ်။ စာဖတ်သူများအနေနဲ့ ဒီတစ်ချက်တည်းနဲ့ သူ့ရဲ့ စိတ်ဓါတ်နဲ့ စာပေအဆင့်အတန်းကို သုံးသပ်လို့ရနေပါပြီ။

မေး ။ ။ ကျန်စစ်သားဟာ ပုဂံကုလားကပြားဆိုတာကရော…
ဖြေ ။ ။ ကျွန်တော်က ပုဂံသူရဲကောင်းတွေဖြစ်ကြတဲ့ ကျန်စစ်သား၊ ဗျတ္တနဲ့ ရွှေဖျဉ်းညီနောင်၊ မြန်မာနိုင်ငံရေး နယ်ပယ်က ဆရာကြီးဦးရာဇတ်၊ ပင်လုံအတွင်းရေးမှူး ဦးဖေခင်၊ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်၊ ဘကြီးဘဖေ စသူတွေဟာ လူမျိုးအားဖြင့် ကပြားတွေဖြစ်ကြပေမယ့် တိုင်းပြည် အကျိုးရှေ့တန်းက စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြခြင်းဟာ “နိုင်ငံချစ်စိတ်´´ အဓိကဖြစ်ကြောင်း မီးမောင်းထိုးပြထားပါတယ်။ ဒါပေမဲ့ မောင်သွေးချွန်အနေနဲ့ လူမျိုးစွဲ၊ ဘာသာစွဲကို ရှေ့တန်းတင်ပြီး ကျွန်တော်ဟာ ကျန်စစ်သားကို ပုဂံကုလားကပြား၊ ဦးသန့်ကို ဗမာ မွတ်စလင်မ်ကပြားလို့ လုပ်ကြံ ရေးသားစော်ကားထားကြောင်း လွဲမှားစွာစွပ်စွဲထားတာ တွေ့ရပါတယ်။
ကျွန်တော့်စာအုပ်ရဲ့ စာမျက်နှာ ၂၄ မှာ ကုလ/ကုလာ/ကုလား ဆိုတဲ့ ပုဂံခေတ်ဝေါဟာရ နဲ့ပတ်သက်တဲ့အဆိုတွေ၊ မှတ်တမ်းတွေ စုစည်းတင်ပြထားပါတယ်။ အဆိုတစ်ရပ်အနေနဲ့ “ကုလာ(ကုလား)ဟူသည် “ကုလပုတ္တအမျိုးကောင်းသား (သို့မဟုတ်) ကုလ မြတ်သောအမျိုး´´ ဟူသော ပါဠိဝေါဟာရတို့မှ ဆင်းသက်လာသည်ဟု ယူဆရပါသည်´´ဟုသာ ယူဆချက်အဖြစ် ဖော်ပြထားပါတယ်။ ကုလဆိုတာ မြတ်သောအမျိုးလို့အဓိပ္ပါယ်မထွက်သည့်တိုင် ပုဂံခေတ်မှာ နှိမ်ချ ခေါ်ဝေါ်တဲ့အဓိပ္ပာယ် မသက်ရောက်ခဲ့ပါဘူး။
ဒါကြောင့် ကျွန်တော့်အနေနဲ့ ပုဂံခေတ်ကျောက်စာတွေမှာ “ကုလ၊ ကုလာ´´ဆိုတဲ့ ဝေါဟာရ တွေကို ပုဂံသားမဟုတ်တဲ့ နိုင်ငံခြားသားတွေအတွက်သုံးစွဲကြောင်း၊ နှိမ်ချခေါ်ဝေါ်ခြင်း မဟုတ် ကြောင်း၊ ပုဂံသူရဲကောင်း ကျန်စစ်သားကို အိန္ဒိယကုလားမင်းသမီး ပဉ္စကလျာဏီက ပုဂံမှာမွေးဖွား လို့ သူဟာ ဘာသာရေးအရ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပေမယ့် လူမျိုးရေးအရ ပုဂံကုလားကပြား တစ်ဦးဖြစ်ကြောင်း ရိုးရှင်းစွာ ဖော်ပြထားခြင်းသာဖြစ်ပါတယ်။ မည်သည့်စော်ကားမှုမှ မရှိပါဘူး။

မေး ။ ။ မြန်မာမွတ်စလင်မ်တွေဟာ ပြည်ထောင်စုသား ဟုတ်-မဟုတ် ဘယ်အပေါ်မှာ အခြေခံပါသလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ လူတစ်ဦးချင်းနိုင်ငံသားဖြစ်မှု၊ လူ့အစုအဝေးတစ်ရပ်ဟာ တိုင်းရင်းသားဖြစ်မှုဆိုတာ တွေကို ဥပဒေနဲ့ခိုင်မာတဲ့သမိုင်းကြောင်းနဲ့သာ တိုင်းတာဆုံးဖြတ်လို့ရပါတယ်။လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အမည်၊ ကိုးကွယ်တဲ့ဘာသာကို အခြေခံဆုံးဖြတ်လို့မရပါဘူး။ ဒါကို မောင်သွေးချွန်က လူမျိုး/ ဘာသာ အစွဲကြီးပြီး ဒီနေ့မြန်မာစာပေလောကမှာ လေးစားဂုဏ်ပြုထားတဲ့ ဂန္တ၀င်စာဆိုတော်ကြီး ဦးနု (ဘိုးတော်ဘုရားခေတ်)ကို “မုဟာမ္မဒ်ကာစင်ဆိုမှတော့ ဘယ်လိုလုပ်ပြီး မြန်မာ တိုင်းရင်းသား ဖြစ်နိုင်တော့မလဲ။ မြန်မာစာပေထူးချွန်တာနဲ့ မြန်မာတိုင်းရင်းသားစစ်စစ် ဖြစ်ကရော့တဲ့လား´´လို့ သူ့ရဲ့စာအုပ် (စာ-၉၀)မှာ အဆင်အခြင်ကင်းမဲ့စွာ ဝေဖန်ထားပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ငယ်စဉ် က ရှင်ပြုပြီး ကိုရင်ဝတ်ကြတဲ့အခါ/ပဉ္ဇင်းခံကြတဲ့အခါ အိန္ဒိယဘာသာစကားတစ်ခုဖြစ်တဲ့ ပါဠိ အမည်နဲ့ သာသနာ့ဘွဲ့ခံကြတာနဲ့ မြန်မာတိုင်းရင်းသားမဟုတ်တော့ဘူးလား၊ ကြည်ညို လေးစားအပ်တဲ့ မြန်မာသံဃာတော်တွေကကော ပါဠိဘွဲ့အမည်ခံထားလို့ မြန်မာတိုင်းရင်းသား မဟုတ်ကြတော့ဘူးလား။ တိုင်းရင်းသားခရစ်ယာန်တွေအနေနဲ့ကော သက်ဆိုင်ရာ တိုင်းရင်းသား အမည်အပြင် ခရစ်ယာန်အမည်ထားရုံနဲ့ တိုင်းရင်းသားလူမျိုး မဖြစ်ရတော့ဘူးလား။ မြန်မာ မွတ်စလင်မ်တွေအနေနဲ့ကော မြန်မာအမည်တွေရှိကြသလို ကုရ်အာန်ကျမ်းစာရဲ့ စာပေဖြစ်တဲ့ အရဗီဘာသာစကားနဲ့ သာသနာဘွဲ့ အမည်တွေ ရှိကြရုံနဲ့  နိုင်ငံသား၊ တို င်းရင်းသား မဖြစ်ကြ ရတော့ဘူးလား။ ဥပဒေအထက်မှာ အစွဲတွေ မရှိအပ်ပါဘူး။ ကျွန်တော်တို့ မြန်မာမွတ်စလင်မ်တွေ အနေနဲ့ ဥပဒေအရ ရထိုက်တဲ့အခွင့်အရေးကိုသာ ပြောဆိုနေကြခြင်းသာဖြစ်ပါတယ်။ ကျွန်တော့် စာအုပ်မှာ စာမျက်နှာ ၄၀၀ နီးပါး ခိုင်မာတဲ့သမိုင်းအထောက်အထားတွေ၊ မှတ်တမ်းတွေ၊ ဓါတ်ပုံ တွေနဲ့ သက်ဆိုင်ရာဥပဒေတွေကို စနစ်တကျဖေါ်ပြထားတာဖြစ်လို့ ဘက်လိုက်မှုမရှိတဲ့ နိုင်ငံတော် အဆင့်ပညာရှင်အဖွဲ့အစည်းတွေမှာ ဆန်းစစ်ခံနိုင်ပါတယ်။

မေး ။ ။ ပင်လုံစာချုပ် (၀ါ) တောင်တန်းပြည်မပူးပေါင်းရေးအတွက်အဆိုကို ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက)က တင်သွင်းချက်နဲ့ပတ်သက်လို့ ရှင်းပြပါဦး။
ဖြေ ။ ။ ဒီအပြင် မောင်သွေးချွန်က ကျွန်တော်ဟာ ရွှေတိဂုံညီလာခံကြီးကိုဖျောက်ဖျက်ပြီး မွတ်စလင်မ် ကွန်ဂရက်ကို ပွဲထုတ်လာတယ်။ ပင်လုံညီလာခံ၊ ပင်လုံစာချုပ်ကို မွတ်စလင်တွေက မျိုးစေ့ချခဲ့ တယ်လို့ မဟုတ်မမှန် လုပ်ကြံရေးသားထားလို့ သူဖြေရှင်းရတယ်လို့ အဆင်အခြင်ကင်းမဲ့စွာ ရေးထားပြန်ပါတယ်။
ကျွန်တော့်ရဲ့စာအုပ် စာမျက်နှာ(၁၆၄)ကနေ (၁၈၉)အထိကို လေ့လာကြည့်မယ်ဆိုရင် ဆရာကြီးဦးရာဇတ်ဦးဆောင်တဲ့ ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြံပြုချက်အရဖွဲ့စည်းပြီး ဖဆပလမှာ တပ်ပေါင်းစုအဖြစ် ပါဝင်ခဲ့ပုံ၊ ဖဆပလအဖွဲ့ကြီးရဲ့ ပထမ ဆုံးညီလာခံ (ရွှေတိဂုံအလယ်ပစ္စယံ)မှာ ဗမာမွတ်စလင်မ်ကွန်ဂရက်က ဦးဖေခင်က လွတ်လပ်ရေး ယူရင် တောင်တန်းဒေသတွေနဲ့ ပြည်မပူးပေါင်းယူဖို့ အဆိုအမှတ်(၇)တင်သွင်းခဲ့ပုံ၊ ဖဆပလ ညီလာခံကြီးကလည်း ဗမာမွတ်စလင်မ်တွေ တိုင်းပြည်အပေါ်သစ္စာရှိတဲ့အတွက် တိုင်းရင်းသား လူနည်းစုအခွင့်အရေးယူလိုကယူနိုင်ကြောင်းကို အဆိုအမှတ်(၆)မှာ ဒီးဒုတ်ဦးဘချိုက ထည့်သွင်း တင်သွင်းခဲ့ပုံ၊ အောင်ဆန်းအက်တလီစာချုပ်နဲ့ ပင်လုံစာချုပ် ချုပ်ဆိုရာမှာကြုံရတဲ့အခက်အခဲတွေမှာ ဗမာမွတ်စလင်မ်တွေဟာ ကျရာနေရာကနေ တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပုံတွေကို အရှိအတိုင်း ဖေါ်ပြထားပါတယ်။ ဒီလိုဖေါ်ပြရာမှာလည်း စာရေးသူဘက်က လီဆည်လုပ်ကြံမှု လုံးဝ မပါရှိဘဲ အဲဒီပွဲတွေမှာ တကယ်ပါဝင်ခဲ့ကြတဲ့ ဒီးဒုတ်ဦးဘချို၊ ဦးဖေခင်၊ ဦးတင်ဧ၊ ဗိုလ်ထွန်းလှ (ဗိုလ်ချုပ်ရဲ့ကိုယ်ရေးအရာရှိ)တို့ရဲ့ရေးသားချက်များအပြင် မွန်တိုင်းရင်းသားခေါင်းဆောင် ဦးနိုင် ငွေသိမ်းရဲ့အမှာစာတွေကို အရှိအတိုင်းဖော်ပြထားပါတယ်။ ကျွန်တော့်ရဲ့စေတနာက ဗမာ မွတ်စလင်မ်တွေအပေါ် အမုန်းစကားတွေကြောင့် အထင်လွဲနေမှုတွေပပျောက်စေလိုပြီး အရင် ကလိုဘဲ တိုင်းပြည်အကျိုး ဆက်လက်ဆောင်ရွက်ကြဘို့ပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှု နဲ့ ဖဆပလအဖွဲ့ချုပ်ရဲ့အခန်းကဏ္ဍကို ဘယ်နေရာမှာမှ မှေးမှိန်အောင် ရေးသားထားချက် လုံးဝမရှိခဲ့ပါဘူး။ မောင်သွေးချွန်အနေနဲ့ စာဖတ်သူတွေကိုလည်း သူ့လိုပဲ ဗမာမွတ်စလင်မ်တွေရဲ့ အခန်းကဏ္ဍကို သေးသိမ်စွာမြင်စေလိုတဲ့လမ်းကြောင်းကို ဖေါ်ပြထားတာကို တွေ့မြင်ရမှာ ဖြစ်ပါ တယ်။

အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ပင် လုံ မျိုးစေ့ဖြစ်တဲ့ တောင်တန်းဒေသများ(အခြားတို င်းရင်းသားများ)နဲ့  ပြည်မ(ဗမာတိုင်းရင်းသား) ပူးပေါင်းဘို့ အဓိကကျတဲ့အဆိုကို ဦးဖေခင်က ပုဂ္ဂိုလ်ရေးအရမဟုတ်ဘဲ ဗမာမွတ်စလင်မ် ကွန်ဂရက်(ဗမက)ကိုယ်စားလှယ်အနေနဲ့ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီလိုအခွင့်အရေးမျိုးကို ဖဆပလအဖွဲ့ချုပ်ကြီးက ဗမာမွတ်စလင်မ်တွေကိုပေးခဲ့တာဟာ အဲဒီအချိန်အခါတုံးက ဗမာဗုဒ္ဓ ဘာသာညီနောင်တွေဟာ ကျွန်တော်တို့ ဗမာမွတ်စလင်မ်တွေကို ဘယ်လောက်တန်ဘိုးထားခဲ့ သလဲဆိုတာကို ဂုဏ်ယူပြီး ဖေါ်ပြထားတာပါ။ ဒါကြောင့်လည်း ဖဆပလညီလာခံကြီးက ဗမာမွတ်စလင်မ်တွေကို တိုင်းရင်းသားလူနည်းစု အခွင့်အရေးယူခွင့်ပြုခဲ့တာကို မောင်သွေးချွန် အနေနဲ့အသိအမှတ်ပြုလိုဟန်မရှိတဲ့ ပုံစံဖော်ပြနေပါတယ်။ ပိုဆိုးတာက ကျွန်တော့်ရဲ့ ရေးသားချက် တွေထဲမှာ ဗုဒ္ဓဘာသာနဲ့ ရွှေတိဂုံစေတီတော်ကြီးအကြောင်းရေးသားချက် လုံးဝမပါရှိဘဲ မောင်သွေးချွန်က ကျွန်တော်ဟာ “ရွှေတိဂုံဘုရားကြီးကို ပြစ်မှားစော်ကားတာ´´လို့ ရေးသားချက် (စာ-၁၀၃)ဟာ ဘာသာရေး ပဋိပက္ခကို တမင်လမ်းကြောင်းပြောင်း လှုံ့ဆော်ထားတာကိုလည်း စိတ်မကောင်းစွာ တွေ့ရပါတယ်။

Friday Times မှ ပြန်လည် ကူးယူတင်ပြသည်။

ပြည်ထောင်စုသားမွတ်စလင်မ်များအပေါ်
မောင်သွေးချွန်၏ တုံ့ပြန်ဝေဖန်ချက်အလွဲများ
============================

( အပိုင်း ၂ )

မေး ။ ။ ဗမာမွတ်စလင်မ်တွေဟာ တိုင်းရင်းသားမဟုတ်လို့ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီလာခံကို မဖိတ် ခဲ့တာလား၊ သိပါရစေ။
ဖြေ။ ။ ။ မောင်သွေးချွန်အနေနဲ့ ရွှေတိဂုံအလယ်ပစ္စယံညီလာခံနဲ့ ပင်လုံညီလာခံတို့ရဲ့ အခြေခံ သဘော တရားတွေကို မခွဲခြားနိုင်ဘဲ ရောထွေးဖေါ်ပြထားတာ တွေ့ရပါတယ်။ ဥပမာ… ဗမာမွတ် စလင်မ်တွေဟာ တိုင်းရင်းသားမဟုတ်လို့ ဗိုလ်ချုပ်ကိုယ်တိုင်က ၁၉၄၇ ပင်လုံညီလာခံကို ပါဝင် တက်ရောက်ခွင့်မပေးခဲ့ပါဘူးလို့ လွဲမှားစွာ သုံးသပ်ထားပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သိထားရမှာက ရွှေတိဂုံအလယ်ပစ္စယံညီလာခံကြီးမှာ ဗမာမွတ်စလ်မ်ကိစ္စအပါအ၀င် တိုင်းရင်း သားလူနည်းစုတွေကိစ္စ၊ စည်းလုံးညီညွတ်ရေးနှင့် လွတ်လပ်ရေးကိစ္စအပါအ၀င် တစ်နိုင်ငံလုံး ဆိုင်ရာကိစ္စများကို ကဏ္ဍအလိုက် ဆွေးနွေးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပင်လုံညီလာခံရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လွတ်လပ်ရေးယူဖို့အတွက် တောင်တန်းဒေသများနဲ့ ပြည်မပူးပေါင်းရေး ကိစ္စဖြစ်ပါတယ်။
၁။ အဲဒီတုံးက ပင်လုံညီလာခံကို ကချင်၊ ချင်း၊ ဗမာနဲ့ ရှမ်းတို့ အဓိကတက်ရောက်ခဲ့ကြပြီး ကရင်နဲ့ ကရင်နီ(ကယား)တို့က လေ့လာသူများအဖြစ်သာ ရောက်ရှိခဲ့ကြပါတယ်။ မောင်သွေးချွန် အဆို အရ ပင်လုံညီလာခံကိုဖိတ်ကြားခြင်းမခံရတဲ့လူမျိုးစုဟာ တိုင်းရင်းသားမဟုတ်ဘူးဆိုရင် အဲဒီ တုန်းက ဖိတ်ကြားမခံခဲ့ရတဲ့ ရခိုင်နဲ့ မွန်လူမျိုးတွေဟာလည်း တိုင်းရင်းသားမဟုတ်ဘူးလို့ ဆိုလိုရာရောက်တဲ့အတွက် အမြော်အမြင်နည်းပါးပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေတဲ့စကားဖြစ်ပါတယ်။
၂။ ဗမာမွတ်စလင်မ်တွေကို ရွှေတိဂုံအလယ်ပစ္စယံညီလာခံကြီးက တိုင်းရင်းသားလူနည်းစု အခွင့် အရေးကို ယူလိုကယူရန် ချွင်းချက်မရှိပေးအပ်ခဲ့ပေမယ့် ဗမာမွတ်စလင်မ်တွေအနေနဲ့နယ်ချဲ့ရဲ့ ခွဲခြားဆက်ဆံရေးပေါ်လစီကို ကောင်းစွာနားလည်ခဲ့ကြတဲ့အတွက် မိမိတို့အရေးထက် တိုင်း ပြည် လွတ်လပ်ရေးကိုရှေ့တန်းတင်ပြီး ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလမှာကျင်းပခဲ့တဲ့ ဗမာ မွတ်စလင်မ် ကွန်ဂရက်ညီလာခံကြီးမှာ “ဗမာမွတ်စလင်မ်သည် ဗမာ´´ဆိုပြီး လူများစုအခွင့် အရေးကို ရွေးချယ်ပြီးဖြစ်လို့ ပင်လုံညီလာခံမှာ သီးခြားလူမျိုးစုအဖြစ် ဖိတ်ခေါ်စရာလည်း အကြောင်းမပေါ်ပေါက်ခဲ့ပါဘူး။ ဗမာမွတ်စလင်မ်ကွန်ဂရက်က ကိုယ်စားလှယ်ဦးဖေခင် ကိုယ်တိုင် ဖဆပလရဲ့ တောင်တန်းဒေသဆိုင်ရာ အတွင်းရေးမှူးအဖြစ် ပါဝင်နေပြီဖြစ်ပါတယ်။ မောင်သွေးချွန်ရဲ့နိုင်ငံရေးအသိအမြင်နည်းမှုကို တွေ့မြင်ရမှာဖြစ်ပါတယ်။
၁၁.၂.၂၀၁၇ နေ့က ကြေးမုံသတင်းစာထဲမှာ ဆရာ ဟံသာဝတီ-ဦးအုန်းကြိုင် ရေးသားဖော်ပြ ခဲ့တဲ့ “…ပထမပင်လုံညီလာခံအတွင်းရေးများ…´´ဆိုတဲ့ ဆောင်းပါးရှည်ကြီးထဲမှာ စာလုံးကြီး တွေနဲ့ “ဗြိတိသျှနယ်ချဲ့သမားတို့က လျှို့ဝှက်စွာကြံစည်ဖေါ်ဆောင်နေသော ဗမာပြည်မနှင့် ခွဲထုတ်၍ သီးခြားအုပ်ချုပ်ထားသည့်စည်းမျဉ်း´´ကို ထိုစဉ်က မြန်မာ့အလင်းသတင်းထောက် ဦးစံအောင်နှင့် တောင်ကြီးမှ တိုးတက်သောလူငယ်ခေါင်းဆောင်တစ်စုတို့က ဖော်ထုတ်တင်ပြ လိုက်သဖြင့် ရှမ်းစော်ဘွားကြီးများကိုယ်တိုင် ဗြိတိသျှနယ်ချဲ့အုပ်စိုးသူအာဏာပိုင်တို့အပေါ် အယုံအကြည်လျော့နည်းလာကြပြီးနောက် ဗမာပြည်မမှ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် ခေါင်းဆောင်များနှင့် လျှို့ဝှက်တွေ့ဆုံကြကာ ဤပထမပင်လုံညီလာခံကိုကျင်းပရန် စီမံကြခြင်း ဖြစ်သည်´´လို့ ဖော်ပြထားပါတယ်။ တောင်ကြီးမြို့ ဗြိတိသျှရုံးက လျှို့ဝှက်စည်းမျဉ်းကို ခက်ခက်ခဲခဲရအောင် ဦးဆောင်ဖော်ထုတ်ခဲ့တဲ့ သတင်းထောက်ဦးစံအောင်ဆိုတာ မြန်မာ မွတ်စလင်မ်တစ်ဦးပါ။

မေး ။ ။ ပုဂံမြို့တော်ဝန်ဘိုင်ဆပ်နဲ့ မြို့စာရေးဦးပိန်တို့ပြစ်မှုဟာ မြန်မာမွတ်စလင်မ်တစ်မျိုးသားလုံး အပေါ်ပုံချခြင်းကကော တရားမျှတမှုရှိပါသလား။
ဖြေ ။ ။ ပုဂံမင်း၏ မြို့တော်ဝန်ဘိုင်ဆပ်နှင့် မြို့စာရေးဦးပိန်တို့ နှစ်ဦးကိစ္စကို မြန်မာစာပေလောကမှာ မကြာခဏဆိုသလို ရေးသားဖော်ပြလေ့ရှိကြပါတယ်။ သူတို့နှစ်ယောက် ပြစ်မှုကျူးလွန်တယ် ဆိုရင် ပြစ်ဒဏ်ပေးခံရတာကို စောဒကတက်စရာမလိုပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက် မွတ်စလင်မ်ဖြစ်တာကိုအကြောင်းပြုပြီး မြန်မာမွတ်စလင်မ်တွေဟာ တိုင်းပြည်အပေါ် သစ္စာ မဲ့တယ်ဆိုပြီး အလွန်အကျူးပြောတာတွေ၊ မြန်မာမွတ်စလင်မ်တွေရဲ့ တိုင်းပြည်အပေါ် သစ္စာရှိစွာ တာဝန်ထမ်းရွက်ခဲ့ပုံတွေကို လစ်လျူရှုခံရတာတွေကို ကျွန်တော့်အနေနဲ့  အသိပေး ခြင်းသာ ဖြစ်ပါတယ်။ ပဒေသရာဇ်ခေတ် ဘုရင်အဆက်ဆက်ရဲ့ အနိဌာရုံတွေနဲ့ပတ်သက်ပြီး သမိုင်းပါမောက္ခ ဒေါက်တာတိုးလှရဲ့ “ရာဇ၀င်ထဲက အချစ်မီးလျှံများ´´စာအုပ်ထဲမှာ လေ့လာနိုင်ပါတယ်။ အာဏာအတွက်ဖခင်အရင်း၊ ညီအစ်ကိုအချင်းချင်းနဲ့ ဆွေမျိုးရင်းချာတွေ ကိုတောင် ရက်စက်စွာသတ်ဖြတ်မှုတွေကို ဗုဒ္ဓဘာသာဝင်ဆိုသူများက ကျူးလွန်ခဲ့ကြတာဖြစ်ပါ တယ်။ အခုလည်း ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတ၀ှမ်းမှာ သမီးရင်းတွေကိုကျူးလွန်မှုအပြင် သက်ငယ်မုဒိမ်းမှုပေါင်း ၅၀၀ ကျော် ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ခုနှစ်၊ ဇန္န၀ါရီလတစ်လအတွင်းမှာပဲ တစ်နိုင်ငံလုံးမှာ မုဒိမ်းမှု ၁၂၀ ကျော်ဖြစ်ပွားပြီး သက်ငယ်မုဒိမ်း ၈၁ မှုအထိ ရှိခဲ့ပါတယ်။ (Daily Eleven ၊ ၁၂.၂.၂၀၁၇၊ စာ ၂၁)။ ကျူးလွန်ခဲ့သူ အများစုဟာ ဗုဒ္ဓဘာသာဝင်ဆိုသူတွေသာ ဖြစ်ကြပါတယ်။ ဒါကို အကြောင်းပြုပြီး မြန်မာလူမျိုးတွေနဲ့ ဗုဒ္ဓဘာသာဝင် အားလုံးကို အပြစ်တင်မယ်ဆိုရင် အလွန်မှား ယွင်းတဲ့လုပ်ရပ်သာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ၀ါဒနဲ့ဝါဒီ ခွဲခြားမြင်တတ်ဖို့၊ ပြစ်မှုကျူးလွန်တွေရဲ့ ကိုးကွယ်ရာဘာသာတရားကို မစော်ကားဘဲ ကျူးလွန်သူကိုသာ လူမျိုး/ဘာသာ မခွဲခြားဘဲ ဥပဒေနဲ့အညီ ပြစ်ဒဏ်ပေးဖို့ သတိ ပေးခြင်းသာဖြစ်ပါတယ်။

မေး ။ ။ မွတ်စလင်မ်အမည်ခံအချို့ရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ကမ္ဘာ့မွတ်စလင်မ်ထုတစ်ရပ်လုံး အပေါ် အပြစ်ပုံချသင့်ပါသလား။
ဖြေ ။ ။ ဘာသာတရားတိုင်းရဲ့ နောက်လိုက်တွေအကြားမှာ လူကောင်းတွေ ရှိသလို လူဆိုးတွေလည်းရှိ တတ်ကြလို့ ၀ါဒနဲ့ ၀ါဒီ ခွဲမြင်ဖို့ အရေးကြီးပါတယ်။ အစ္စလာမ် သာသနာရဲ့မှတ်ကျောက်ဖြစ်တဲ့ ကုရ်အာန်ကျမ်းစာနဲ့ တမန်တော်မြတ် မုဟမ္မဒ်သခင်ရဲ့ သွန်သင်ချက်တွေမှာ လူသားတွေကို ငြိမ်းချမ်းရေး၊ ကိုယ်ကျင့်တရားနဲ့ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကိုသာ သင်ကြားပေးထားပါတယ်။
ဒါပေမဲ့ ကမ္ဘာနဲ့အ၀ှမ်း လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်သူတွေအနေနဲ့ ကုရ်အာန်ကျမ်းစာ၊ တမန်တော် မုဟမ္မဒ်သခင်နဲ့ အစ္စလာမ်သာသနာကို ခေတ်အဆက်ဆက် ပုံပျက်ပန်းပျက် ဖြစ်အောင် နည်းမျိုးစုံနဲ့ လုပ်ကြံဝါဒဖြန့်ချိခဲ့တာ ဒီနေ့တိုင်ဖြစ်ပါတယ်။ ဒီ့အပြင် မွတ်စလင်မ်အမည်ခံ တစ်ချို့ရဲ့ အကြမ်းဖက်မှုကိစ္စတွေဟာ အစ္စလာမ်သာသာနဲ့ လုံးဝမပတ်သက်ပါဘူး။ ဥပမာ ဒီနေ့ ပေါ်ပေါက်နေတဲ့ ISIS နဲ့ ဘိုကိုဟာရမ်စတဲ့အဖွဲ့အစည်းတွေဟာ အစ္စလာမ်အမည်ခံထားပေမယ့် လက်တွေ့မှာတော့ မွတ်စလင်မ်ထောင်ပေါင်းများစွာကို သတ်နေကြတယ်။ အရှေ့အလယ်ပိုင်းမှာရှိတဲ့ မွတ်စလင်မ်နိုင်ငံ အများစု နဲ့ ယဉ်ကျေးမှု အမွေ အနှစ်ကို ဖျက်ဆီးနေကြလို့ ကမ္ဘာ့မွတ်စလင်မ်နိုင်ငံတွေ၊ တက္ကသိုလ်တွေ၊ ပညာရှင်တွေနဲ့ အကြီးအကဲတွေ အားလုံးက သူ တို့တွေကို ရှုတ်ချထားပြီး အစ္စလာမ်နဲ့ မပတ်သက် ဘူးလို့ တရားဝင် ကြေညာထားပြီးဖြစ်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာနဲ့အ၀ှမ်းမှာ အစ္စလာမ်နဲ့ မွတ်စလင်မ်တွေကို တစ်ဖက် သက် အပြစ်ရှာနေသူတွေအနေနဲ့ သူတို့ရဲ့လုပ်ကြံရေးသားချက်တွေကို ခိုင်မာတဲ့ သက်သေ သာဓကတွေလို အချင်းချင်းအပြန်အလှန် ကိုးကားရည်ညွှန်းပြီး ရေးသားဟောပြောနေကြ ပါတယ်။ ဥပမာ.. မောင်သွေးချွန်က သူ့စာအုပ်ထဲမှာ အစ္စလာမ်နဲ့ပတ်သက်လို့ ကိုးကားတဲ့ အထဲမှာ မွတ်စလင်မ်မဟုတ်တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ၊ ပညာရှင်တွေရဲ့ မှန်မှန်ကန်ကန် သုံးသပ်မှုတွေလုံးဝမပါဘဲ အစ္စလာမ်နဲ့ပတ်သက်လို့ အဆိုးမြင်ရေးသားထားတဲ့ ဆရာနိုင်ဦးရဲ့ “ဘာသာတရားတို့ရဲ့နိဒါန်း´´၊ အရှင်ကုဏ္ဍလရဲ့ “ဘာသာကြီးလေးခုအကြောင်း သိကောင်း စရာ´´နဲ့ ဆရာ ဦးဆန်းလွင်ရဲ့စာအုပ်များကိုသာ ရည်ညွှန်းကိုးကားထားတာ တစ်ဘက်သတ် အမြင်သာဖြစ်ပါတယ်။ ခိုင်လုံတဲ့အထောက်အထားတွေ လုံးဝမဟုတ်ပါဘူး။ ဒီလိုအမုန်းတရား ဖြန့်ချိနေမှုတွေကို စဉ်းစားဥာဏ်ရှိသူတိုင်း သိမြင်နိုင်ကြပါတယ်။ ဒီနေ့ ကမ္ဘာ့မွတ်စလင်မ် သန်းပေါင်း ၁၆၀၀ ကျော်အနက် လူနည်းစုကသာ အကြမ်းဖက်လုပ်ငန်းမှာ ပါဝင်ပတ် သက်နေပြီး မွတ်စလင်မ်အများစုကြီးက တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးသူတွေ ဖြစ်ကြပါတယ်။
မွတ်စလင်မ် မဟုတ်သူတွေအနေနဲ့လူနည်းစု အကြမ်းဖက်သမားတွေကို အကြောင်းပြုပြီး ငြိမ်းချမ်းရေးမြတ်နိုးတဲ့မွတ်စလင်မ်အများစုကြီးကို ခွဲခြားဆက်ဆံမယ်။ သူတို့ရဲ့ အပြုသဘော ကြိုးပမ်းမှုတွေကို လစ်လျူရှုကြမယ်ဆိုရင် လက်တွေ့မှာသူတို့တွေကို အစွန်းတစ်ခုဆီကို အတင်းတွန်းပို့ရာရောက်ပြီး နောင်တစ်ချိန်မှာ မလိုလားအပ်တဲ့ ထိန်းသိမ်းဘို့ခက်တဲ့ မတည်ငြိမ် မှုတွေဆီကို ဦးတည်စေပါတယ်။ ဖြစ်မှဖြေရှင်းတာထက် မဖြစ်ခင်ကြိုတင်တားဆီးခြင်းဟာ အကျိုးများပါတယ်။
ကျွန်တော်တို့ရဲ့နိုင်ငံတော်ကြီးကို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရဲ့ သွေး ချွေးတွေနဲ့ တည် ဆောက်ခဲ့တာကို အမြဲသတိပြုသင့်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇၊ ၁၉၇၄ နဲ့ ၂၀၀၈)တွေအရလည်း ဗုဒ္ဓဘာသာအပြင် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာသာသနာ တွေနဲ့ နတ်ကိုးကွယ်မှုတွေကို နိုင်ငံတော်က အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားအားလုံး လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်မှု၊ ခွဲခြားဆက်ဆံမှု၊ အမုန်းတရား ဖြန့်ချိမှုတွေကို အမြန်ဆုံးပူးပေါင်းတိုက်ဖျက်မှသာ နိုင်ငံနဲ့လူမျိုး ဖွံ့ဖြိုးရေးအတွက် တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

မေး ။ ။ ဆရာ့စာအုပ်မှာ အမှာစာချီးမြှင့်ကြတဲ့ နိုင်ငံတော်အဆင့် ၀ါရင့်ပုဂ္ဂိုလ်များကို မောင်သွေးချွန်ရဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်လို့ ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ လွတ်လပ်စွာရေးသားဝေဖန်ပိုင်ခွင့်ဆိုတာ အစွန်းရောက်သူတွေအတွက် အမုန်းတရား ဖြန့်ချိဘို့ လိုင်စင်ပေးထားတာမဟုတ်ပါဘူး။ ဝေဖန်တဲ့အခါမှာလည်း မြန်မာလူမျိုးတစ်ဦးအနေနဲ့ ယဉ်ကျေးတဲ့စကားလုံးတွေ ရွေးချယ်သုံးတတ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့စာအုပ်မှာ အမှာစာ ချီးမြှင့်ပေးခဲ့ကြတဲ့ ပညာရှင်/ပုဂ္ဂိုလ်တွေရဲ့ ပညာအရည်အချင်းနဲ့အမြော်အမြင်ပြည့်ဝမှု၊ နိုင်ငံအတွက် အကျိုးပြုပုံနဲ့ အတွေ့အကြုံတွေ၊ လူမျိုး/ဘာသာမခွဲခြားဘဲ နိုင်ငံသားအားလုံး အပေါ်မှာထားတဲ့ စေတနာနဲ့ မေတ္တာတရား၊ လက်ရှိနိုင်ငံတော်တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းနေမှုတွေဟာ အစွဲမရှိဘဲ အလွန်အဆင့်မြင့်ကြပါတယ်။ ကျွန်တော့်ရဲ့တင်ပြချက် ခိုင်မာမှုနဲ့ ဦးတည်ချက် မှန်ကန်မှုတွေအပေါ်မှာ အမှာစာရေးပေးခဲ့ခြင်းသာဖြစ်တယ်ဆိုတာ သူတို့ရဲ့ရေးသားချက်တွေမှာ အထင်းသားပေါ်လွင်နေပါတယ်။ မောင်သွေးချွန်အပေါ် ဒီနေ့ မြန်မာစာပေအပါအ၀င် မီဒီယာလောကသားတွေနဲ့ ပညာရှင်အများစုက ဘယ်လိုသဘောထား လဲဆိုတာ စာဖတ်သူတွေအနေနဲ့လေ့လာရင် သိရှိနိုင်ပါတယ်။ သူ့ရဲ့အလယ်အလတ်မဟုတ်တဲ့ စိတ်ဓါတ်နဲ့ ရန်လိုမှုတွေကိုလည်း သူ့အရေးအသားမှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

ဥပမာတစ်ချက်ကိုပြောရရင် ဗုဒ္ဓဘာသာမှာသာ ရဟန်းတော်လို့ သုံးစွဲခွင့်ရှိပြီး ခရစ်ယာန် ဘာသာမှာ ရဟန်းတော်လို့ သုံးစွဲခွင့်မရှိဘူးဆိုတဲ့ရေးသားချက်ဟာ သူ့ရဲ့ဗဟုသုတနည်းပါးမှုနဲ့ ဘာသာရေးအစွန်းရောက်မှုကို သူ့ဘာသာသူ မှတ်တမ်းတင်လိုက်ခြင်းပဲဖြစ်ပါတယ်။ မြန်မာ စာပေနဲ့ မီဒီယာမှာ ကက်သလစ်ခရစ်ယာန် ဘာသာဝင်တွေရဲ့ အကြီးအကဲ(POPE)ကို ပုပ်ရဟန်းမင်းကြီးလို့ နှစ်ပေါင်းများစွာ သုံးစွဲလာခဲ့ကြပါတယ်။ မြန်မာနိုင်ငံ မြန်မာစာအဖွဲ့က ထုတ်ဝေထားတဲ့ အင်္ဂလိပ်-မြန်မာအဘိဓါန်မှာလည်း ပုပ်ရဟန်းမင်းကြီးလို့ဘဲ သုံးထားပါတယ်။ ဒါကြောင့် ပုပ်ရဟန်းမင်းကြီးရဲ့ အရိုက်အရာ ဆက်ခံနိုင်ခွင့်ရှိသူ “ကာဒီနယ် ´´တွေကို မြန် မာလို “ရဟန်းအမတ်´´လို့ ခေါ်ဆို ရေးသားကြပါတယ်။ အယ်ဒီတာချုပ် တာဝန်ရှိသူ တစ်ဦးအနေနဲ့ အခြေခံဗဟုသုတမရှိဘဲ သူတစ်ပါးသာသနာကိုဝေဖန်တာ ယဉ်ကျေးမှုကင်းမဲ့ရာ ရောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဖျက်ဆီးရာရောက်ပါတယ်။ ဒီတစ်ချက် တည်းနဲ့ လုံလောက်နေပြီဖြစ်လို့ စာဖတ်သူတွေအနေနဲ့ သူ့စာအုပ်နဲ့ ကျွန်တော့်စာအုပ်ကို ၁၀-မျက်နှာလောက်သာ ယှဉ်ဖတ်ကြည့်ပါလို့သာ မေတ္တာရပ်ခံ အပ်ပါတယ်။

မေး ။ ။ ဆရာ့ရဲ့ဒေါက်တာဘွဲ့(Ph.D)ဟာ နိုင်ငံတကာအဆင့်မီမဟုတ်ဘူးလို့ ၂၃.၁.၂၀၁၇ နေ့က တနင်္သာရီတိုင်းဒေသကြီးမှာပြုလုပ်ခဲ့တဲ့ သင်တန်းတစ်ခုမှာ မောင်သွေးချွန်ကပြောသွားပါတယ်။ ရှင်းပြပေးပါဦး။
ဖြေ ။ ။ သူအခုလို လက်လွတ်စပယ်ပြောခြင်းဟာ မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုပါ။ ကျွန်တော် ပါရဂူဘွဲ့ (Ph.D)အတွက် ပညာဆည်းပူးခဲ့တဲ့တက္ကသိုလ်ဟာ ဘာသာရေးသီးသန့်ကျောင်းမဟုတ်ပါဘူး။ အမည်ကိုက International Islamic University Malaysia (IIUM)ဖြစ်ပြီး နိုင်ငံတကာ တက္ကသိုလ်အဖြစ် ကမ္ဘာကအသိအမှတ်ပြုလေးစားရတဲ့ အဆင့်မီတက္ကသိုလ်ကြီးဖြစ်ပါတယ်။ Website မှာ အလွယ်တကူ ရှာကြည့်နိုင်ပါတယ်။ သူ့အနေနဲ့ သာမန်စာရေးဆရာ တစ်ယောက်အနေနဲ့မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်ဆရာတစ်ယောက်အနေနဲ့ ကိုယ်စားပြုပြောခြင်း ဟာ သူတစ်ပါးနိုင်ငံနဲ့ တက္ကသိုလ်ကို မဟုတ်မမှန် စော်ကားပြောဆိုရာရောက်တဲ့အတွက် ဒီလိုအပြောအဆို အပြုအမူ တွေကို အထူးရှောင်ကြဉ်သင့်ပါတယ်

ဒီ့အပြင် မောင်သွေးချွန်ဟာ အကြောင်းအရာတစ်ခုကို ဂဃနဏ သေချာစွာဆန်းစစ် လေ့လာခြင်းမရှိဘဲ လက်လွတ်စပယ်ပြောဆိုရေးသားတာနဲ့ပတ်သက်လို့ ၁၀.၂.၂၀၁၇ နေ့ထုတ် အောင်ဇေယျတုဂျာနယ်မှာပါတဲ့ သူ့ဆောင်းပါးထဲမှာ ဦးအုန်းမောင်(ရန်ကင်း) တရားလွှတ်တော် ရှေ့နေဆိုတာ ကျွန်တော့်စာအုပ်မှာ အမှာစာရေးပေးသူအဖြစ် လွဲမှားစွာ ဖော်ပြထားပြန် ပါတယ်။ ကျွန်တော့်စာအုပ်အမှာစာမှာ ရေးပေးခဲ့သူဟာ “၀ါရင့်ဥပဒေပညာရှင် ဦးအုံးမောင် (တရားလွှတ်တော်ရှေ့နေနှင့် နိုတြီပဗ္ဗလစ်)လို့ ရှင်းလင်းစွာဖော်ပြထားပါတယ်။
မောင်သွေးချွန်အနေနဲ့ ကိုယ့်လက်တကမ်းမှာ အလွယ်တကူ ရှာဖွေသိနိုင်တဲ့ ကိစ္စလေးတွေကိုတောင်မှ မှန်ကန်စွာဖော်ပြနိုင်ခြင်းမရှိရင် သူတစ်ပါးစာအုပ်တွေကို ဝေဖန်ဘို့ ဆိုတာ အလွန်သတိထားဖို့ကောင်းတဲ့ကိစ္စတစ်ရပ်ဖြစ်ပါတယ်။
ကျွန်တော် ဘယ်သူ့အပေါ်မှာမှ ပုဂ္ဂိုလ်ရေးအာဃာတမရှိပါဘူး။ ကျွန်တော်ဟာ သမိုင်းတု သမိုင်းလိမ် သမိုင်းရေးလုပ်ကြီးစော်ကားမှု လုံးဝပြုလုပ်တားခြင်းမရှိကြောင်း၊ နိုင်ငံတော်အဆင့် မြန်မာ့သမိုင်းအဖွဲ့မှာ အဆန်းစစ်ခံနိုင်ကြောင်း စာဖတ်သူများအထင်မလွဲစေဖို့ ရှင်းလင်းချက် သာ ဖြစ်ပါတယ်။ ။

Friday Times မှ ပြန်လည် ကူးယူတင်ပြသည်။

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s