” ဘာကိစ္စ ပြည်ထောင်စု မပြိုကွဲ သင့်သလဲ ”
ပြည်ထောင်စုကြီး အစိတ်စိတ်အမွှာမွှာပြိုကွဲသွားစေချင်သလား တဲ့။
ဟုတ်ကဲ့ ပြိုကွဲ သွားစေ့ချင်ပါတယ်။
ပိုကောင်းမယ် ထင်လို့ပါ။
ဒီဒေသမှာ နေထိုင်နေတဲ့ လူသန်း၅၀ ကျော်ရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အစစ ပိုမိုလုံခြုံကောင်းမွန်မြင့်မားသွားလိမ့်မယ်။ ဒေသတွင်းတိုးတက်ဖွံ့ဖြိုးမှုတွေ အပြိုင်အဆိုင်ဖြစ်ထွန်းလာမယ်။ အပြန်အလှန်ခရီးသွားလာမှု၊ ကူးသန်းရောင်းဝယ်မှုတွေ နဲ့ စီးပွားရေးတွေတက်လာမယ်။ အုပ်ချုပ်မှုတွေဟာကျစ်ကျစ်လျစ်လျစ်နဲ့ ပိုထိရောက်လာမယ်။
ခုတဂျိမ်းဂျိမ်းတိုက်နေတဲ့ စစ်တွေရပ်သွားမယ်။
ရှာသမျှ ကုန်စေတဲ့ စစ်သုံးစရိတ်ကြီးရပ်သွားမယ်။
ခင်ဗျားတို့က မဆလရိုက်သွင်းထားတဲ့ ပညာရေးနဲ့ တဘက်ပိတ်ချည်းတွေးမြင်နေလို့ပါ။
စီမံခန့်ခွဲအုပ်ချုပ်မှုတွေ ပိုင်းခြားခွဲခြမ်းတာကို အကြီးအကျယ် ကမ္ဘာပျက်သလို ဖြစ်နေတယ်။ သည်မြေပုံသက်တမ်း ခုမှ ၆၉ နှစ်ပဲ ရှိပါသေးတယ်။ မြန်မာပြည်မြေပုံ ဟာ ခေတ်အဆက်ဆက်အမျိုးမျိုးပြောင်းခဲ့ပါတယ်။ ပြောင်းသင့်ရင်ပြောင်းလိုက်တာပေါ့။ ပြောင်းမှကောင်းမယ်ဆို ပြောင်းဖို့ မသင့်ဘူးလား။
ကျနော်က ရိုးရိုကလေးပဲ စဉ်းစားပါတယ်။ ရှမ်းပြည်ကို ရှမ်းပြည်မှာနေကြသူတွေ အုပ်ချုပ်ခွင့်ရတာ ဘာမကောင်းလို့လဲ။
မကွေးမြို့ကို မကွေးသူမကွေးသားတွေသာ စေတနာအကောင်းဆုံးဖြစ်ပေမပေါ့။ မန္တလေးကို မန္တလေးသားတွေ ထက် ဘယ်သူမှ ပိုမချစ်နိုင်။
ပြည်ထောင်စု အပြိုကွဲမခံနိုင်ဘူး သံကုန်အော်နေရအောင် ဘာအကျိုးရှိလို့လဲ လို့ ပြန်ပြောပြစေချင်ပါတယ်။
နှစ်စဉ် လူသေမှု၊ စစ်ပွဲစရိတ်၊ ပျက်စီးဆုံးရှုံးမှု၊ မထိရောက်သော အုပ်ချုပ်ရေး၊ ဆင်းရဲမွဲတေမှု၊ ခြစားမှုတွေဟာ အဲဒီပြည်ထောင်စု ကို မှီတွယ် နေပါတယ်။
တပ်မတော် ဆိုတဲ့ လက်နက်ကိုင်အဖွဲ့ ဆွေစုမျိုးစု တစု မိစ္ဆာကောင်ကြီးဟာ အဲဒီပြည်ထောင်စု နဲ့ လုပ်စားနေတာပါ။
ပြည်ထောင်စု ဆိုတာ မထားတော့ရင် အဲဒီတစ္ဆေကြီး အလိုလို တောထုတ် ပျောက်ကွယ်သွားလိမ့်မယ်။
ဥရောပတိုက်မှာ နိုင်ငံတွေဟာ သေးသေးလေးတွေပါ။ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတွေ လောက်ပဲ ရှိကြပါတယ်။ အဲ့ဒါ့ထက်တောင် သေးကြပါသေးတယ်။ ပြည်ထောင်စု ဆိုပြီး ဟိုလူတသိုက် ခိုးဆိုးလုယက်နေတာပါ။
ဧရာဝတီတိုင်းကို ဧရာဝတီတိုင်းသားတွေ လက်ထဲအပ်၊ ရှမ်းပြည်ကို ရှမ်ူပြည်သားတွေအုပ်ချုပ်၊ မကွေးကို မကွေးသားတွေ စီမံဆို ဒီလို ဖြစ်မှာ မဟုတ်တော့လောက်ဘူး။
ခု ဝ ပြည် ကို ဝ တွေ စီမံအုပ်ချုပ်ခွင့်ရတော့ အရင် မဆလ၊ နဝတ၊ နအဖ အုပ်ချုပ်ခဲ့စဉ် ဖုန်းဆိုးမြေကြီးလို နေနေရသေးလား။
တော်ပါတော့။ ခင်ဗျားတို့ ပြည်ထောင်စုကြီး။
ကျနော်တော့ ဒီဒေသကြီးက လူသန်းငါးဆယ်ကျော် ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ပညာတွေသင်လို့ တတ်လို့ နေသွားကြစေချင်ပါပြီ။
မကွေးတိုင်းက နိုင်ငံတခုသီးခြား ဖြစ်သွားလဲ မကွေးကို မကွေးသားတွေအုပ်ချုပ်နေတာ ကျနော့်အတွက် ပူလောင်စရာ မရှိပါ။
မကွေးမြသလွန်ဖူးဖို့ ရန်ကုန်သားတွေ သွားလည်ကြဦးမှာပါ။ ဒေသတွင်း မြန်မာစာသုံးပြီးသွားလာကူးသန်းလို့တောင် ရမယ်။
အပြန်အလှန်ချစ်ချစ်ခင်ခင်နဲ့ နေနေကြဖို့ပါပဲ။ ကုန်စည်တွေလဲ ခုလိုပဲ အပြန်အလှန်စီးဆင်းနေမှာပါပဲ။
ရှမ်းပြည်မှာ ရှမ်းစာ ရှမ်းစကားပြဌာန်းမယ် ဆိုတောင် လိုအပ်ချက်အရ မြန်မာစာလဲ တွဲသုံးရမယ် ထင်ပါတယ်။ အမေရိကန်တွေ စပန်းနစ်ရှ် ဘိုင်လီဂယ် သုံးရသလိုပေါ့။
တခြားတိုင်းပြည်ကြီးတွေအောက်ကျရောက်သွားမယ်တဲ့။
ပြောကြပါသေးတယ်။ ရှမ်းတွေ မွန်တွေက ထိုင်းနဲ့ပေါင်းသွားမယ်။ ဝ တွေ ကိုးကန့်တွေ ကချင်တွေက တရုတ်နဲ့ ပေါင်းသွားမယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မောင်တောဘူးသီးတောင်၊ ချင်းပြည်က မီဇူရမ် အိန္ဒိယ နဲ့တဲ့။
ဟုတ်သလားဗျ။
စိတ်တော့မရှိနဲ့နော်။ သူတို့ပြည်နယ်သားတွေသား တညီတညွတ်တည်း အဲသလို ပေါင်းမယ် ဆုံးဖြတ်၊ အမှန်တကယ်လဲ ပေါင်းချင်နေတယ်ဆို ဘာအတွက် တားဆီးပိတ်ပင်သင့်သလဲ ကျနော့်ကို ကျမ်းအဆူဆူ ကိုးပြီး ရှင်းလင်းပြစေ့ချင်ပါတယ်။
လူတွေ ဘယ်သူနဲ့ပေါင်းမယ်၊ ဘယ်မှာနေမယ် ဆိုတာ သူတို့ဖါသာ ရွေးချယ်ခွင့် မရှိအပ်ပေဘူးလား။
ဒါ စကားကုန် အဆုံးစွန်ထိ ပြောလိုက်တာပါ။
ကျနော့်အမြင်မတော့ အဲလိုပေါင်းသွားမယ့်အစား ကချင်ပြည် သီးသန့်ပေါ်လာ၊ ရှမ်းပြည် သီးသန့်ပေါ်လာရင် အဲဒီတဘက်နိုင်ငံက ရှမ်းတွေ ကချင်တွေတောင် ပြန်လာကြပြီး သူတို့ပြည်ကောင်းစားရေး အားတက်သရော ဝိုင်းလုပ်ကြမှာပါ။
ဘာအတွက် တားသင့်သလဲ ဗုဒ္ဓဓမ္မအရကော ဟောကြည့်ပါဦး လို့ သီတဂူ၊ ဝီရသူ ဆရာတပည့်ကိုလဲ ဖိတ်ခေါ်ပါတယ်။
ပြည်ထောင် တိုင်းမြေပုံတည်တံ့ဖို့ လိုအပ်ရင် လူတွေကို သတ်ရမယ် ဗုဒ္ဓက ဘယ်အချိန် ဘယ်သုတ္တန်မှာ ဟောခဲ့ဖူးပါသလဲ။
ဘယ်ပညာရှိကကော ရေးဖူးပါသလဲ။
ကျနော်ဖြင့် နိုင်ငံရေးဆိုတာ လူတွေဘေးကင်းလုံခြုံကျန်းမာချမ်းသာကြရေး လို့သာ ခံယူတဲ့အတွက် ဒီပြည်ထောင်စုအစုတ်ကြီး မြန်မြန်ပြိုကွဲစေချင်ပါတယ်။
မြန်မာပြည်လို့ ခေါ်ခဲ့ဖူးတဲ့ ဒေသဟာ ဂျာမဏီ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဆွီဒင်၊ နော်ဝေ တို့လို တိုင်းပြည်လေးတွေ ဖြစ်လာနိုင်တယ်။ ဘာသစကားလဲ တတိုင်းပြည်ထဲ နှစ်မျိုးသုံးမျိုး တွဲသုံးကြမယ်။ ဂျာမန်၊ ပြင်သစ် ခွသုံးတာမျိုး။
နယ်စပ်မျည်းတွေကလဲ ဥရောပကလိုပဲ လမ်းဟိုဘက်ကူးတာနဲ့ ရောက်သွားမယ်။ အီးယူလိုပဲ စုစည်း နေထိုင် ကူးလူး နေကြမှာပဲ။ ပျော်စရာကြီး နေမှာပါပဲ။
တခုပဲ ။
တပ်မတော်ကိုယ်ရွှေကိုယ်မျိုးတွေ ကိုးကိုးကျွန်းဖြစ်ဖြစ် ရွှေ့နေပေးကြပါလား။
ဘယ်နှတိုင်းကွဲကွဲ
ဘယ်တိုင်း ဘယ်ပြည် ကမှ လက်ခံချင်မယ် မထင်ဘူး။
ချိုတူးဇော်
” ရာဇဝတ်မှု ”
ရန်ကုန်မြို့ အင်းလျားမြိုင်၊ ဒါမှမဟုတ် ဝင်ဒါမီယာ လို နေရာမျိုးမှာ ခေါင် ဆိုတဲ့ နေရာမှာ သိန်းသုံးလေးငါးသောင်းတန်တဲ့ ဧကနီးပါး မြေတကွက်ရှိတယ်။ မိသားစုတစု၊ မောင်နှမတသိုက်အမွေဆိုင်။
အဲဒီမြေကွက်ကို ပိုင်ဆိုင်ဖို့ အဲဒီမောင်နှမတွေကို သတ်ပြီး စာချုပ်တုနဲ့ အပိုင်စီးမယ် ဆို ရမယ်။ လုပ်မလား လို့ ခင်ဗျားကို တယောက်ယောက် က မေးရင်
၁။ လုပ်မလား။
၂။ မေးသူက ခင်ဗျား ခင်ပွန်း၊ ဇနီး၊ အကို၊ အမ၊ အဖေ၊ သူငယ်ချင်း ဆိုရင်ကော လုပ် လို့ အားပေးမလား။
၃။ လုပ်ကောင်းတယ် လို့ ခံယူသလား။
၎။ ဗုဒ္ဓရဟန်းတော်တပါးဆိုရင်ကော မိမိရဲ့ ဒကာဒကာမတို့ ဤသို့ကြံစည် လုပ်ဆောင်ခြင်းကို အားပေးအားမြှောက်ပြုအပ်သလား။ ပြုခြင်းက ဗုဒ္ဓဓမ္မ အဆုံးအမနဲ့ညီညွတ်သလား။
၅။ ရာဇဝတ်မှု လို့ မြင်သလား။
၆ ။ သည်လိုတွေးခေါ်ကြံစည်တာကို မိမိမိသားစု၊ ဆွေမျိုးအသိုက်အဝန်းထဲ ကြားရသည်ပင် အထိတ်တလန့် ဖြစ်ရပါသလား။
၇။ ဟေ့ စစ်ဗိုလ်ချုပ်တွေကော အဲဒီလိုလုပ်တာ ရာဇဝတ်မှု လို့ မြင်သလား၊ ချမ်းသာဖို့ လုပ်သင့်တယ် လို့ မြင်သလား။
၈။ ဒေါ်ဒေါ်စုနဲ့ NLD တွေကော လုပ်သင့်တယ် ထင်သလား။ ရာဇဝတ်မှု လို့ မြင်သလား။
ခု ခင်ဗျားတို့ ရှမ်းမြေ၊ ကချင်မြေ၊ မြေပိုင်စိုးဖို့ စာချုပ်လိမ်၊ မိသားစုများစွာ၊ မောင်နှမများစွာကို သတ်ဖြတ်နေကြလေရဲ့။ သတ်သင့်တယ် အားပေးထောက်ခံနေကြလေရဲ့။
အဲဒါ ရာဇဝတ်မှု ပါ။
ခင်ဗျားတို့ပြောနေတဲ့ ပြည်ထောင်စုမပြိုကွဲရေး ဆိုတာ ရာဇဝတ်မှုကြီးကိုးဗျ။
ချိုတူးဇော်