ဦးကိုနီသတ်မှုနောက်ကွယ်က ကိုယ့်နေရာကိုယ်မနေသူများ

Yuyu Lwin

ဦးကိုနီသတ်မှုနောက်ကွယ်က ကိုယ့်နေရာကိုယ်မနေသူများ

စစ်တပ်ရဲ့ မယားကြီးက….. မဆလ…ဆိုရင်
ဒုတိယမယားဟာ….. တစည၊
အငယ်အနှောင်းက….. ကြံ့ဖွတ်…ဆိုရင်
မထင်မရှားနဲ့ ခြေတော်တင်က….. မဘသ…ဖြစ်တယ်။

ဘာကြောင့် ဒီလိုပြောနိုင်တာလဲဆိုရင် မဘသဟာ သူနဲ့မဆိုင်တဲ့ ဖွဲ့စည်းပုံအကြောင်းတွေ ပြောလာလို့ဖြစ်တယ်။
No automatic alt text available.
စစ်တပ်ရဲ့ အမြင့်ဆုံးလူက ဗုဒ္ဓဘာသာဘုန်းကြီးလို့ဆိုတဲ့ ဘာသာရေးအစွန်းရောက်ပုဂ္ဂိုလ်ရဲ့ကျောင်းမှာ ဆွမ်းသွားကပ်တယ်။

အဲဒီကျောင်းတိုက်မှာ သူ့ရဲ့ အထက်ကအဆင့်ဆင့်သောပုဂ္ဂို လ်တွေရှိသေးတယ်ဆိုတာ အသိအမှတ်မပြုသလို အဲဒီ တစ်ကမ္ဘာလုံးက အစွန်းရောက်လို့သတ်မှတ်တဲ့ ပုဂ္ဂို လ်နဲ့ စစ်တပ်လုံးထွေးနေတာဟာ ခုလူသတ်မှုကို လမ်းလွှဲနေတာလို့ ပြောလို့ရတာဖြစ်တယ်


ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲနှစ်ခုကို ပြည်ထဲရေးနဲ့ ကာကွယ်ရေးဟာ ရက်ပိုင်းလေးခြားပြီးလုပ်ခဲ့ပေမယ့် အဖြူနဲ့အမည်းလို ကွာနေတာမြင်ရတယ်။ ပထမပွဲမှာဌာန်တင်း မာန်တင်းနဲ့ လေသံပြင်းသလောက် နောက်ပွဲက ဌာန်လျှော့ မာန်လျှော့နဲ့ လေသံပျော့လွန်းပါတယ်။ နှစ်ဌာနဆိုပေမယ့် တစ်ဖွဲ့ထဲကပဲမို့ ပထမတော့ အရင် နှစ် ၅၀ ကျော်တုန်းကအတိုင်း လုပ်လိုက်ဦးမဟဲ့ဆိုပြီး အရင်လိမ်ကျင့်အတိုင်း တစ်တိုင်းပြည်လုံး ဘာထင်ထင်ပြောခဲ့ပေမယ့် တစ်တိုင်းပြည်လုံးက သူတို့ပြောတာ လက်မခံတဲ့အကြောင်း နည်းလမ်းပေါင်းစုံ သတင်းမီဒီယာ ဆိုရှယ်မီဒီယာတွေကနေပြသခဲ့ကြတာကြောင့် ဒုတိယပွဲမှာ လေပေါင်ကျသွားခြင်းဖြစ်ပါတယ်။

လူသတ်မှုနဲ့ပတ်သက်တဲ့သူတွေနဲ့ အပေါင်းအသင်း ဒေါ်စိန်အေးကျောင်းအတူဆင်းဘက် မိုင်းဖြတ် ကြံ့ဖွတ် လွှတ်တော်အမတ်က သူ့ကို မဆိုင်ဘဲဆွဲထည့်ရင် ဥပဒေအရအရေးယူမယ်လို့ပြောတဲ့အထိ ပထမရှင်းလင်းပွဲအပြီးမှာ ပြောခဲ့တဲ့ ကာယကံရှင်ရဲ့အသံဟာ တစ်တိုင်းပြည်လုံးရဲ့ ဝေဖန်သံတွေအောက်မှာ ဆက်လုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ဒုတိယရှင်းလင်းပွဲအပြီးမှာ တိတ်သွားပါတော့တယ်။ ဘာလို့လဲဆိုတော့ အဲဒီအမတ်ကိုလည်း အမှုနဲ့ငြိစွန်းရင် အရေးယူပါမယ်လို့ ပြောလိုက်ရတဲ့အတွက်ပါ။

ခုချိန်ထိ ပြည်သူတွေနားလည်တာက ဒီအမှုနဲ့ ပတ်သက်ပြီး လွတ်နေတဲ့သူတစ်ယောက်သာမိရင် ပြီးပြီဆိုပြီး စစ်တပ်ကလုပ်လိုက်မှာကို စိုးရိမ်နေတာပါ။ နောက်ကွယ်က လက်မည်းကြီးတို့ ကြိုးကိုင်သူတို့ဆိုတာ ဘယ်သူတွေပါလို့ ထုတ်ဖော်မပြောမချင်း ပြည်သူတွေက ကျေနပ်မှာမဟုတ်ပါဘူး။ ခုထိလည်း ပြည်ထဲရေးကရဲတွေ(စစ်တပ်)ရဲ့ လုပ်ပုံကို ပြည်သူတွေက ဘဝင်မကျပါ။ ပထမပိုင်း သမ္မတရုံးက သတင်းထုတ်နေရာကနေ အခုပြည်ထဲရေးနဲ့စစ်တပ်က သတင်းထုတ်တော့ သမ္မတရုံးက သူတို့အကြောင်းပြချက်တွေကို တာဝန်မယူချင်လို့ တာဝန်မယူနိုင်လို့ ကိုယ့်ကိစ္စကိုယ်ရှင်းဆိုပြီး ရှင်းခိုင်းလိုက်တာလို့ ယူဆစရာလည်း ဖြစ်ပါတယ်။

ဒီလူသတ်မှုမှာ စကတည်းကယဉ်သကိုလို့ ဆိုရမှာပါ။ လူသတ်သမားက တားပြီးထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ တက္ကစီကို လူတွေဝိုင်းဖမ်းတာမှာ ကားကပျက်စီးသွားပါတယ်။ ဒီကားဟာ သက်သေခံပစ္စည်းဖြစ်ပေမယ့် တာဝန်ရှိရဲမှုးကြီးဆိုသူက အကောင်းအတိုင်းဖြစ်စေရမယ်ဆိုပြီး ချက်ချင်းပြင်ဆင်ပြီး မူလကားပိုင်ရှင်ကို ပြန်ပေးလိုက်ပါတယ်။ သက်သေခံပစ္စည်းဖျောက်ဖျက်ခဲ့တာဖြစ်ပါတယ်။ ဒါကို ဘယ်သူက တာဝန်ယူသလဲ။ ဒီ ပြင်တဲ့ပိုက်ဆံ ဘယ်ကထွက်လာသလဲ။ ဒါ ပထမမေးခွန်းဖြစ်ပါတယ်။ နောက်တစ်ခါ ထွက်ပြေးတဲ့သူကို နောက်ဆုံးသတင်းရခဲ့တာ ကြက်ပြေးမှာဖြစ်ပါတယ်။ ကြက်ပြေးဆိုတာ စစ်အာဏာရှင်နေဖို့ ပြည်သူ့ဘဏ္ဍာငွေထဲကနေ မသဒ္ဒါရေစာခိုးပြီးတည်ဆောက်ထားတဲ့နေရာ။ လူခြုံရေးအမြင့်ဆုံး လူဦးရေသိပ်သည်းမှုအနည်းဆုံးမြို့ အဲဒီနေရာမှာ လူသတ်သမားရောက်ခဲ့တဲ့နေရာရဲ့ CCTV မှတ်တမ်းဟာ သက်တမ်းကျော်လို့ ပျက်သွားပြီးဖြစ်ပါတယ်။ ဒါဖြစ်ရင် အရင်မှတ်တမ်းတွေဟာ သူ့သတ်မှတ်ရက်(၇ရက်) ကျော်ရင် အလိုအလျောက်ပျက်တယ်ဆိုရင် ဘာလို့ အရှုပ်ခံပြီးတပ်ထားသေးလဲ။ ဒီမှတ်တမ်းတွေကို သတ်မှတ်တဲ့ကာလတစ်ခုထိ မှတ်တမ်းတင်ထားရမှာတွေဖြစ်တယ်။ ဒါဟာ ရဲ (ပြည်ထဲရေးလို့ခေါ်နေတဲ့စစ်တပ်)ကို မေးရမယ့် ဒုတိယမေးခွန်းဖြစ်တယ်။

အဓိကအကျဆုံးက လူသတ်မှုတိုင်းမှာ ကျူးလွန်ရတဲ့အကြောင်းရင်း Motive က အရေးကြီးပါတယ်။ လူငယ်ဘာသာဘာဝတို့ မျိုးချစ်စိတ်အစွန်းရောက်တို့ဆိုတာ လတ်တလောဗမာပြည်ရဲ့ ခေတ်အစားဆုံးပြတ်လုံးတောင်ဖြစ်နေပါပြီ။ ဒီဟာသကို ဖန်တီးသူတွေကလည်း စစ်တပ်ကိုယ်စားပြုပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ခုလို စစ်တပ် စစ်တပ်ဆိုပြီး ထည့်ထည့်ပြောနေရတာကို မခံနိုင်ရင်လည်း မတက်နိုင်ပါ။ ပိဋကတ်သုံးပုံထက်ကို ခိုင်ခန့်တယ်လို့ယူဆပြီး အသက်ပေးကာကွယ်မယ့်သူတွေ ပေါများလှတဲ့၊ သူတို့ အစအဆုံးမပြောနဲ့ လုံးဝတောင်ကိုင်ကြည့်ဖတ်ကြည့်ဖို့မပြောနဲ့ တချို့မြင်တောင်မမြင်ဖူးတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအရ ဖြစ်နေတဲ့အခြေအနေတွေမို့ ဒါကြီးရှိနေသရွေ့ ဒီလိုပဲပြောရမှာမို့ပါ။ အပြောမခံနိုင်ကြရင် ၂၀၀၈ ခုနှစ်က တစ်တိုင်းပြည်လုံးက ပြည်သူတွေကို အနိုင်ကျင့် အတည်ပြုခဲ့တဲ့ ရာဇဝတ်မှုကြီးကို ပြန်သတိရကြဖို့ပါပဲ။ အဲဒီတုန်းက အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဒီဟာကြီး အတည်ဖြစ်နိုင်ဖို့ အယုတ်မာဆုံးနည်းလမ်းမှန်သမျှသုံး ပြည်သူတွေကိုခြိမ်းခြောက်ပြီး ထောက်ခံမဲထည့်ခိုင်းခဲ့တဲ့ မဲလာမထည့်လည်း လုပ်ကြံထောက်ခံမဲထည့်ခဲ့တဲ့ စစ်တပ်လက်ကိုင်တုတ်ကြံ့ဖွတ်ကတော့ ၂၀၁၅ ရွေးကောက်ပွဲအပြီး ကိုယ့်နေရာမှန်ဖြစ်တဲ့ သမိုင်းမြောင်းပုပ်ထဲကို ရောက်သွားရပြီဖြစ်ပါတယ်။ လွတ်နေသေးတဲ့ သမိုင်းတရားခံတွေသာ ပြည်သူ့ခုံရုံးမတက်ရသေးခင် အသိတရားရဖို့လိုပါလိမ့်မယ်။

ဒီအမှုမှာလည်း တရားခံအစစ်ဖြစ်တဲ့ နောက်ကွယ်က ကြိုးကိုင်သူပဲဆိုဆို လက်မည်းကြီးပဲဆိုဆို တပ်မတော်အရာရှိဟောင်းများပဲဆိုဆို နောက်ဆုံးတော့ ဒီဘူတာပဲပြန်ဆိုက်တဲ့ မြို့ပတ်ရထားလို ခုချိန်ထိ အာဏာရှိနေဆဲ စစ်အာဏာရှင်ဗိုလ်ချုပ်ဟောင်းတွေနဲ့ သူတို့ကို ကာကွယ်ပေးနေရတဲ့ လက်ရှိဗိုလ်ချုပ်တွေဆီကိုပဲ ပြန်ရောက်တာပဲဖြစ်ပါတယ်။

သူတို့ကလည်း သူတို့ရှေ့ကနေ ကာပေးမယ့်သူတွေကို အမြဲရှာနေရတာဖြစ်တယ်။ စစ်ထွက်ဘောင်းဘီချွတ်တွေ အရပ်သားတွေ ခုဆို ဘုန်းကြီးတွေတောင် ပါလာပြီဖြစ်တယ်။ မဆလ တစည ကြံ့ဖွတ် နောက်ဆုံး မဘသ။ ဒါတွေဟာ အနှစ်မဲ့ပြောနေတဲ့စကားတွေမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅ လောက်ပြန်သွားလိုက်ရင်ကို တွေ့နိုင်တဲ့ အဖြေတွေပါ။ စစ်အာဏာရှင်နေဝင်းကနေ သန်းရွှေထိ လျှောက်ခဲ့ကြတဲ့လမ်းကြီးပါ။ ခုထိ သူတို့တပည့်သားမြေးတွေ ဆက်လျှောက်နေကြတုန်း။

စစ်တပ်ရဲ့ မယားကြီးက မဆလဆိုရင် ဒုတိယမယားဟာ တစည၊ အငယ်အနှောင်းက ကြံ့ဖွတ်ဆိုရင် မထင်မရှားနဲ့ ခြေတော်တင်က မဘသဖြစ်တယ်။ ဘာကြောင့် ဒီလိုပြောနိုင်တာလဲဆိုရင် မဘသဟာ သူနဲ့မဆိုင်တဲ့ ဖွဲ့စည်းပုံအကြောင်းတွေ ပြောလာလို့ဖြစ်တယ်။ စစ်တပ်ရဲ့ အမြင့်ဆုံးလူက ဗုဒ္ဓဘာသာဘုန်းကြီးလို့ဆိုတဲ့ ဘာသာရေးအစွန်းရောက်ပုဂ္ဂိုလ်ရဲ့ကျောင်းမှာ ဆွမ်းသွားကပ်တယ်။ အဲဒီကျောင်းတိုက်မှာ သူ့ရဲ့ အထက်က အဆင့်ဆင့်သောပုဂ္ဂိုလ်တွေရှိသေးတယ်ဆိုတာ အသိအမှတ်မပြုသလို အဲဒီ တစ်ကမ္ဘာလုံးက အစွန်းရောက်လို့သတ်မှတ်တဲ့ ပုဂ္ဂိုလ်နဲ့ စစ်တပ်လုံးထွေးနေတာဟာ ခုလူသတ်မှုကို လမ်းလွှဲနေတာလို့ ပြောလို့ရတာဖြစ်တယ်။ ဒါကြောင့် ရဲက ဖော်ထုတ်ခဲ့တဲ့ လူငယ်သဘာဝတဲ့ မျိုးချစ်စိတ်အစွန်းရောက်တို့ဆိုတာ အဓိကမဟုတ်ဘဲ နာဂစ်ကိစ္စအဓိကဆိုတာကို အဲဒီ မဘသဆိုတဲ့သူတွေကပဲ ပြောလိုက်တာဖြစ်တယ်။ မွန်ပြည်နယ်က မဘသပုဂ္ဂိုလ်တစ်ဦးပါပဲ။ အဲဒီအပြောတွေကြောင့် မဘသဟာ စစ်တပ်ရဲ့ ခြေတော်တင် အငယ်အနှောင်းလို့ပြောတာ။ စစ်တပ်ရဲ့ရှေ့က အငှားဗိုက်နဲ့ ဓားထိုးခံနေတာဖြစ်တယ်။

ဒီလူသတ်မှုဖြစ်ကတည်းကိုက ဒါဟာ နိုင်ငံရေးလုပ်ကြံမှု အကြမ်းဖက်မှုဖြစ်တယ်။ Motive က နာဂစ်ကိုဖျက်ဖို့ ကြိုးစားတဲ့သူမို့ရှင်းပစ်တာ။ အဲဒီလောက်ကိုတော့ သာမန်နိုင်ငံရေးအမြင်ရှိသူတိုင်းက သိပြီးသား။ နာဂစ်ကို ဖျက်ဖို့ (ပြင်ဖို့မဟုတ်) ဆိုတာ စစ်တပ်နဲ့စာရင်းရှင်းချင်သူတိုင်းရဲ့ အနိမ့်ဆုံးဆန္ဒပဲလေ။ သူက ဥပဒေသမားမို့ ဥပဒေနည်းလမ်းတကျပြောလာတော့ စစ်တပ်အတွက် နာသာခံခက်ဖြစ်လာရတာပဲ။ သူတို့ပြောတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံဟာ အတည်မဖြစ်ခင်ကတည်းက မူကြမ်းအဆင့်မှာတင် ဖတ်ရသိရသူတွေက တက်တခေါက်ခေါက်နဲ့ပါ။ စစ်တပ်ရဲ့ လူပါးဝ (မရိုင်းချင်တာမို့ လူလို့ပဲသုံးပါတယ်) တာကို သိလိုက်ရတဲ့အတွက်ပါ။ NLD ထဲမှာလည်း နာဂစ်ကိုဖျက်ဖို့ပြောတာ သိရသလောက် ဟံသာဝတီဦးဝင်းတင်ပါ။ ၂၀၀၈ အောက်က ရွေးကောက်ပွဲမှန်သမျှ မဝင်ဖို့ ဆုံးဖြတ်ခဲ့သူတွေပါ။ နောက်ဆုံး NLD လွှတ်တော်ထဲရောက်သွားတော့လည်း လွှတ်တော်ထဲကနေ နာဂစ်ပြင်ဖို့ နည်းလမ်းတွေကို ဦးကိုနီက တစိုက်မတ်မတ် ရှာဖွေအကြံပေးနေတာလို့ သိရပါတယ်။ အဲဒီလို လူတစ်ယောက်ကို နာဂစ်ကြောင့် လူဖြစ်ရသူတွေ နာဂစ်ရှိမှ အသက်ရှင်အသက်ရှုခွင့်ရသူတွေက ဘယ်မြင်ချင်ပါ့မလဲ။ ဒီကြားထဲ ဘာသာခြားဖြစ်ပြန် ဘာသာခြားတောင် ခရစ်ယာန်မဟုတ်ဆိုတော့ အဘယုတ်ကြီးတို့အကြိုက်ကျသွားတာပေါ့။ ဒါကြောင့်လည်း ခုလို ဘုရားခိုးလူသတ်သမားကို လက်ပူးလက်ကြပ်မိပြီးတာတောင် ငါတို့လုပ်တာလို့ မပြောရုံတစ်မယ် အငှားဗိုက်တွေ (အဘယုတ်တို့ရဲ့ အလှူခံပုဂ္ဂိုလ်တွေ) ထွက်လာတာ မြင်နေရတဲ့အထိ အဘယုတ်တွေရဲ့ စည်းရုံးရေးက အားကောင်းနေတယ်။

၂၀၀၈ နာဂစ်ကို ပြင်ဖို့ဖျက်ဖို့ နှစ်ပြီးလုံးပမ်းနေတဲ့သူကို သတ်ချင်နေတဲ့သူဆိုတာ နောက်ကွယ်က လက်မည်းကြီးပဲပြောပြော ကိုယ့်ရဲ့တိုင်းပြည်အပေါ် မတော်မတရားအာဏာရယူခဲ့ပြီး၊ အာဏာပြန်ပေးရမှာမဟုတ်တောင် ကိုယ့်နောက်ကြောင်းကို ရှင်းထုတ်ပေးနိုင်တဲ့ ကိုယ့်ကိုနောက်ကျောလုံစေတဲ့ အကာအကွယ်ဒိုင်းကြီးကို တတိတိနဲ့ထိုးဖောက်နေမှာ ဘယ်လိုလားပါ့မလဲ။ အဲဒီလို နောက်ကျောမလုံသူဆိုတာ ဗမာပြည်ထဲမှာ များများစားစားမရှိပါဘူး။ ဒါပေမယ့် မိုးဦးကျဖားတွေလို ဘာမှန်းညာမှန်းမသိ သခင်အားရ ကျွန်ပါးဝဆိုသလို မစို့မပို့ မသဒ္ဒါရေစာလေးစားပြီး ခုတ်လိုက်ရမလား သတ်လိုက်ရမလားနဲ့ တောချောက်သံပေးပြီး အော်ဟစ်နေသူတွေကတော့ ရှိနေမှာပေါ့။ လူမပြောနဲ့ ဘုန်းကြီးထဲမှာတောင် ရှိနေတာပဲ။ အာဏာရှင်ကတော့ ဒါတွေထည့်စဉ်းစားမှာမဟုတ်ဘူး။ ဂိုဏ်းသင့်မှာ သာသနာနဲ့မလျော်တာတွေထည့်စဉ်းစားမှာ မဟုတ်ဘဲ လူဖြစ်ဖြစ် ဘုန်းကြီးဖြစ်ဖြစ် သူ့ရှေ့ကလာပြီး ကာပေးရင် ကျေကျေနပ်နပ်လက်ခံမှာပဲ။

လူတိုင်း ကိုယ့်နေရာကိုယ်သိဖို့လိုပါလိမ့်မယ်။ အာဏာရှင်ကတော့ သူ့နေရာသူသိတယ်။ သူမသေခင် အသေဖြောင့်အောင် ကြက်ပြေးဆိုတဲ့ မြို့တစ်မြို့ကိုတောင် ပြည်သူ့ဘဏ္ဍာငွေနဲ့ ရက်ရက်စက်စက်လုပ်သွားခဲ့သေးတာပဲ ။ လူပြိန်းကြိုက် အမျိုးဘာသာဆိုတာတွေပြောပြီး သာသနာစောင့်နတ်လိုလို ဘာလိုလိုနဲ့ သူတို့အုပ်ချုပ်မှပဲ သာသနာနှစ်ငါးထောင်တည်တော့မလိုလို ခွေးဝမ်းသာအောင်လေလည်ပြတာတွေကို အဟုတ်မှတ်ရမယ့်အချိန် မဟုတ်တော့ပါဘူး။ ၆၂ ကနေ ဒီကနေ့ထိ ကိုယ့်ကျောပေါ်ခွစီးတဲ့အပြင် နောက်ကျောကို နာဂစ်ဓားနဲ့စိုက်နေတဲ့အဖြစ်ကို သတိရကြပါ။

၎.၃.၂၀၁၇
C.Soe Win

One thought on “ဦးကိုနီသတ်မှုနောက်ကွယ်က ကိုယ့်နေရာကိုယ်မနေသူများ

  1. Maung Maung
    14 hrs ·
    သူတို့ ၄ယောက်အထက်မှာ လွှတ်တော်အမတ်ကြီးရှိတယ်လေ….

    လွှတ်တော်အမတ်ကြီးနဲ့တော့ တိုက်ရိုက် အဆက်အသွယ်ရှိတယ် မဟုတ်လား…


    “ဘုရားလောင်းထုံး နှလုံးမူလေသလား…..”
    =============================
    တပည့်လိမ္မာ ဆရာအာပတ်လွတ် ဟူဘိသို့ ဆရာတော်သံဃာတော်များ လက်လှမ်းမမီသော ဘာသာရပ် တစ်ခုကို လက်တွေ့အကောင်အထည်ဖော်သောအားဖြင့် အနာဂတ်မှာ ကျရောက်လတံ့သော အန္တရာယ်ကြီး အတွင်းမှ အမိမြန်မာပြည်ကြီးကို စွန့်လွှတ်အနစ်နာခံကယ်တင်လိုက်နိုင်သော အဆက်အသွယ် လုံးဝမရှိခဲ့သော မိတ်ဆွေကြီးလေးဦးအား အထူးကျေးဇူးတင်ပါသည်။
    ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်၊ ဇေယျာဖြိုး မိတ်ဆွေကြီးလေးဦးတို့ ဘုရားလောင်းထုံး နှလုံးမူကာ စွန့်လွှတ်အနစ်နာခံပေးဆပ်ခြင်းကို ထာဝရတန်ဖိုးထား လေးစားနေပါမည်။
    ဦးပဉ္စင်း
    ဝီရသူ(မစိုးရိမ်)
    6.3.2017
    PM 12:20

    Like

Leave a comment