“အွမ္မသ်စုစည်းဖို့ ရင်ကြားစေ့ရေး ဆိုတာ…”

Mohammed Naeem

“အွမ္မသ်စုစည်းဖို့ ရင်ကြားစေ့ရေး ဆိုတာ…”

မြန်မာနိုင်ငံက အလွှာအသီးသီးက မွတ်စ်လင်မ်တွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဘာသာရေး အမုန်းတရားဖြန့်ချီခဲ့တဲ့ မသမာသူ လူနည်းစုတစ်စုကြောင့် အမျိုးစုံ သောကဝေခဲ့ကြရတယ်။ အသက် အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးခဲ့ကြရတယ်။ ခေတ်အဆက်ဆက် အစိုးရပိုင်းက ဖိနှိပ်လာခဲ့ကြလို့ ကိုယ့် ID တစ်ခု ရဖို့တောင် မလွယ်ကြတဲ့ အနေအထားဖြစ်ခဲ့ကြရတယ်။ တစ်မြေတည်းနေ တစ်ရေထဲသောက်ပြီး မွေးဖွားကြီးပြင်းလာခဲ့ကြတဲ့ ဘာသာခြား မိတ်ဆွေ အပေါင်းအသင်းတွေ အကြားမှာ မှားယွင်းတဲ့ ဘာသာရေးအမုန်းတရားတွေ တံတိုင်းဖြစ်ခဲ့ရတယ်။

ဒီလို အမုန်းတရားတွေ အချိန်တိုအတွင်း လွယ်ကူစွာ ဘာလို့ပြန့်သွားခဲ့ရသလဲ အဖြေရှာကြတော့ မြန်မာနိုင်ငံသား မွတ်စ်လင်မ်တွေဟာ တစ်စု တစ်စည်းထဲ မရှိကြဘဲ အုပ်စုအမျိုးမျိုး ကွဲပြားခြားနား နေကြသလို ကိုယ့် ideology ကိုယ်ကြိုက်သလို ရှေ့တန်းတင်ပြီးနေကြတော့ ကျရောက်လာတဲ့ ဘေးဒုက္ခတွေကို ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ အလှမ်းဝေးခဲ့ကြရတယ်။

အားလုံးကို စုစည်းဖို့ ကြိုးစားကြတဲ့ အခြေအနေကောင်းတွေ ဖန်တီးခဲ့ကြသူတွေလည်းရှိခဲ့တယ်။ တူညီတဲ့ အချက်တွေ လက်ခံကြမယ်၊ မတူတာတွေ ညှိနှိုင်းပြီး ဆွေးနွေးကြဖို့ ကြိုးစားခဲ့ကြသူတွေရှိတယ်။ သို့သော်….ကိုယ့်ကိုကိုယ် မွတ်စ်လင်မ်ပါလို့ ကြွေးကျော်ထားသော်လည်း အဲဟ်လေစွန္နသ် ၀လ်ဂျမာအသ် လို့ခေါ်တဲ့ လူများစု မွတ်စ်လင်မ်တွေဆီကနေ သွေဖည်ပြီး ကုရ်အာန်သာ လက်ခံမယ် ဟဒီးစ်လက်မခံဘူးဆိုသူတွေ၊ ပရ်ဝေဇီ အတွေးအခေါ် လက်ခံကြသူတွေ၊ ကာဒီယာနီ ယုံကြည်ချက်အတိုင်း ကုရ်အာန်ကို ဖွင့်ဆိုလိုသူတွေ၊ မောင်ဝ်လူးဒ် ချစ်သူတွေ၊ ဃရာနာ ဂိုဏ်းဝင်တွေ၊ ရှီအာဟ် ယုံကြည်ချက်ရှိသူတွေ စသဖြင့် အချို့ သော အုပ်စုငယ်လေးတွေဟာ ဒီလို အခြေအနေကောင်းတွေကို တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုသလို ကိုယ်ပိုင် ideology တွေ promote လုပ်ဖို့ တာစူလာကြတယ်။

ရှေးယခင်ကတည်းက ခေတ်အဆက်ဆက် လူအများတစ်စုတစ်စည်းတည်း လက်ခံထားတဲ့ စစ်မှန်တဲ့ သာသနာ့ပညာရှင်တွေဟာ အချို့ သော အုပ်စုငယ်တွေနှင့် သူတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေ၊ ယုံကြည်မှုတွေ၊ ကျင့်စဉ်တွေကို အချက်အလက်ခိုင်မာစွာနှင့် ဆန့်ကျင်ခဲ့ကြပြီး လူအများကို မှန်ကန်တဲ့ အစ္စလာမ့် ယုံကြည်မှု၊ ကျင့်စဉ်/ကျဉ်စဉ်တွေကို မှန်မှန်ကန်ကန် သင်ကြားပို့ချပေးခဲ့လို့ အဲဒီ အုပ်စုငယ်တွေရဲ့ လုပ်ဆောင်မှုတွေကို ဟန့်တားနိုင်ခဲ့တယ်။ ဒါကို မကျေနပ်တဲ့ အဲဒီ အုပ်စုငယ်တွေဟာ အခွင့်သင့်ရင် သင့်သလို စစ်မှန်တဲ့ သာသနာ့ပညာရှင်တွေကို လက်စားချေလိုစိတ်နှင့် မုန်းတီးမှုတွေကို မဖုံးဖိနိုင်တော့ပဲ ရည်ရွယ်ချက်ရှိရှိနှင့် လူအများကို လမ်းမှာအောင် လုပ်ဆောင်လာခဲ့ကြပါတယ်။

Online Social Media တွေ ခေတ်မရောက်ခင်အထိ လူမသိ သူမသိ စုစုပေါင်းမှ ကိုယ့်အိမ်က မိသားစုဝင်အပါအ၀င် လက်တစ်ဆုပ်သာသာရှိတဲ့ လူနည်းစုကလေးနဲ့ ကိုယ့်မြင်းကိုယ်စိုင်းနေကြသူတွေဟာ Social Media ခေတ်ရောက်လာတော့ သူတို့ရဲ့ လမ်းမှားနေတဲ့ Ideology တွေကို Facebook ကနေ Online ၀ါဒဖြန့်တာတွေ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်လာခဲ့ကြတယ်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ဟာ စစ်မှန်တဲ့သာသနာ့အဆုံးအမတွေကို သူတို့ရဲ့ အတုအယောင် လူပြိန်းကြိုက် Idea တွေနဲ့ အစားထိုးဖို့ ကြိုးစားလာကြတယ်။

မသိနားမလည်သူတွေရဲ့ လေ့လာမှုတွေကို အခွင့်ကောင်းယူပြီး မြန်မာမွတ်စ်လင်မ်တွေ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ အ၀တ်အစားမ၀တ်ကြလို့ ဖြစ်နေသလိုလို၊ ကုရ်ဘာနီ အီးဒ်မှာ သားကောင်စွန့်လှူ လို့ပဲ ဖြစ်နေသလိုလို၊ အမျိုးသမီးတွေ ဟေဂျားဘ်ဝတ်ဆင်လို့ပဲ ဖြစ်နေသလိုလို၊ အမျိုးသားတွေ ကုရ်သာဝတ်ကြလို့ပဲ ဖြစ်နေသလိုလို စသဖြင့် လက်ရှိတွေ့ကြုံနေရတဲ့ အခြေအနေတွေနဲ့ လားလားမျှ မသက်ဆိုင်တဲ့ ကိစ္စတွေကို မရိုးနိုင်အောင် အလှည့်ကျ brainwash လုပ်လာကြတယ်။

ဘာသာခြားတွေ အမြင်မှာ တင့်တယ်ဖို့ မြန်မာနိုင်ငံသား မွတ်စ်လင်မ်တွေဟာ ၀တ်စားဆင်ယဉ်မှုကအစ ဘာသာရေးဆိုင်ရာကျင့်စဉ်ကျင့်ရပ်တွေ အဆုံး မြန်မာဆန်ရမယ်ဆိုတဲ့ ကျပ်မပြည့်တဲ့ အတွေးအခေါ်တွေကို ယခင်ခေတ်အဆက်ဆက်ကတည်းက မြန်မာနိုင်ငံသား မွတ်စ်လင်မ်တွေကို နည်းမျိုးစုံနဲ့ ရိုက်သွင်းဖို့ ကြိုးစားခဲ့တာ မအောင်မြင်ခဲ့သလို ယခု online media ခေတ်မှာလည်း မအောင်မြင်ပါဘူး။ Facebook လို မြန်မာငွေ ၃၀၀၀ကျပ်ရှိရင် sim card ၀ယ်ပြီး account ဖွင့်လို့ရနေတဲ့ social media မှာ Account အတုတွေ မျိုးစုံဖွင့်ပြီး သူတို့ကို လူအများက အာရုံစိုက်လာအောင် နိုင်ငံရေးယောင်ယောင်၊ ပရဟိတယောင်ယောင်၊ ဘာသာရေးလစ်ဘရယ်ယောင်ယောင် ပုံစံမျိုးစုံနဲ့ လူသိများအောင် ကြိုးစားလာကြပါတယ်။

အဓိက သူတို့ရဲ့ ရည်ရွယ်ချက်က စစ်မှန်တဲ့အာလင်မ်ပညာရှင်တွေကို ဝေဖန်ပုတ်ခတ်ပြီး သာသနာ့ ပညတ်ချက် အဆုံးအမတွေကို သာသနာမှာ မရှိသယောင် အထောက်အထားမဲ့ ရမ်းသမ်းပြောဆိုခြင်း၊ ကျမ်းမြတ်ကုရ်အာန်ရဲ့ အာယတ်တော်တွေကို မူရင်းအဓိပ္ပါယ်ကနေ သွေဖည်ပြီး စိတ်ကြိုက်လိုရာစွဲ ဘာသာပြန်ခြင်း၊ အေမာမ်ကြီးများရဲ့ နောက်လိုက်အနွံအတာခံကြသူတွေကို ပုတ်ခတ်စော်ကားခြင်း၊ အမျိုးသမီးများ ဟေဂျားဘ်ဝတ်ဆင်ခြင်းကို သာသနာတွင် ပြဋ္ဌာန်းထားခြင်းမရှိဟု လိမ်လည်ဖြားယောင်းခြင်း၊ အမျိုးသားများ မုတ်ဆိတ်ထားခြင်းကို သာသနာတွင် ပြဋ္ဌာန်းမထားဟု လိမ်လည်ပြောဆိုခြင်း စသဖြင့် သာသနာမှာ ပြဋ္ဌာန်းထားသည်များကို ငြင်းပယ်ပြီး သာသနာတွင် ပြဋ္ဌာန်းမထားသည့် လုပ်ရပ်များကို အရေးကြီးသည့် ဘာသာရေးကျင့်စဉ်များသဖွယ် ဆောင်ရွက်ပြပြီး အစ္စလာမ်ဘာသာကို သူတို့နှစ်သက်တဲ့ version တစ်ခု ဖန်တီးကာ စစ်မှန်တဲ့ အစ္စလာမ်သာသနာရဲ့ အဆုံးအမတွေ ကျင့်စဉ်ကျင့်ရပ်တွေကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်နေသူများသာဖြစ်တယ်။

အဲဒီ လမ်းလွဲနေတဲ့ အုပ်စုငယ်တွေကို တူညီတဲ့ အမိုးတစ်ခုအောက်မှာ (သောင်ဝ်ဟီးဒ် အောက်မှာ) လက်တွဲပြီး ခေါ်ဆောင်သွားဖို့ ကြိုးစားမှု မှန်သမျှဟာ သူတို့ရဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေကြောင့် ဘယ်တော့မျှ မအောင်မြင်ခဲ့ဘူး။ သူတို့ဟာ သူတို့ရဲ့ အမြင်တွေကိုသာ လူအများအပေါ် လွှမ်းမိုးလိုချင်စိတ်များပြီး သူတပါးအမြင်တွေကို ပုတ်ခတ်စော်ကားခြင်း၊ သူတပါးရဲ့ လွတ်လပ်စွာ ၀တ်စားဆင်ယဉ်ခွင့် စတာတွေကို အခွင့်ရရင် ရသလို ထိပါးပြောဆို ရေးသားခြင်းတွေသာ လုပ်ဆောင်နေကြသူတွေ ဖြစ်ပါတယ်။

အဲဒီ သာသနာဖျက်အုပ်စုတွေကို ဦးဆောင်နေသူတွေကို ကြည့်မယ်ဆိုလျှင် ခေတ်ပညာတတ်ပြီး သာသနာ့ပညာရှိသူတွေ ဦးဆောင်နေသယောင် ထင်ရပေမဲ့ အမှန်မှာတော့ သာသနာ့ပညာကို ခေတ်ပညာရဲ့ လောင်းရိပ်အောက်ကို သွင်းပြီး ကိုယ်ပိုင် အတွေးအခေါ်တွေကို သာသနာ့ပညတ်ချက်များသဖွယ် လိုက်နာကျင့်သုံးလိုကြသူတွေသာဖြစ်ပါတယ်။ ငါတို့အတွက် ကုရ်အာန်သာ လုံလောက်တယ် ဟဒီးစ်တော်တွေကို လိုက်နာစရာမလိုဘူးဆိုတဲ့ အသံကောင်းဟစ်နေသော်လည်း ကျမ်းမြတ်ကုရ်အာန်ကို လုံးကောက်အဓိပ္ပါယ်မျှသာ သိနားလည်ပြီး လိုရာစွဲ ဘာသာပြန်ကြသူ သာသနာပျက်တွေသာဖြစ်ပါတယ်။

အထူးသတိပြုရမဲ့ အချက်က သူတို့ရဲ့ မျက်နှာဖုံးတွေပါပဲ။ သူတို့ဟာ ပရဟိတ မျက်နှာဖုံးစွပ်ရာမှာတော်သလို ဘာသာရေးအခမ်းအနားတွေမှာ သူတော်ကောင်းယောင်ဆောင်ရာမှာလည်း တော်ကြတယ်။ Forum တွေ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးတွေ၊ ဒုက္ခသည်ကူညီရေးတွေ စသဖြင့် မျက်နှာဖုံးအတုတွေတပ်ပြီး ရိုးသားတဲ့ မသိနားမလည်သူတွေကို ချည်းကပ်ကြလေ့ရှိတယ်။ သူတို့လက်ထဲရောက်လာတဲ့ ဘာသာရေးပညာ ကိုယ်ခံအားနည်းသူတွေကို သူတို့လိုချင်တဲ့ ပုံစံခွက်ထဲရောက်အောင် ရိုက်သွင်းကြတယ်။ ခေတ်ပညာတတ်အချို့ တောင် သူတို့မှိုင်းမိပြီး ဘာသာပျက်၊ ဘာသာမဲ့ အခြေအနေအထိ ရောက်သွားတာတွေ ရှိနေတယ်။

နိဂုံးချု ပ်အနေနဲ့ ပြောလိုတာက အဲဒီလို လက်တစ်ဆုပ်စာသာရှိတဲ့ သာသနာဖျက်အုပ်စုတွေဟာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ အမြဲတမ်း လူရာမ၀င်တဲ့သူတွေပါ။ သူတို့သမိုင်းကို လူယုတ်မာတွေအဖြစ်သာ လူသိများကြလေ့ရှိပါတယ်။ ဘယ်သောအခါမျှ လူများစုကို ကိုယ်စားပြုလို့မရခဲ့သလို အနာဂတ်မှာလည်း ဘယ်တော့မျှ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့လို လမ်းလွဲနေသူတွေကို အွမ္မသ်စုစည်းရေး ခေါင်းစဉ်အောက်မှာ ရင်ကြားစေ့ဖို့ဆိုတာ ကြိုးစားလေ အလှမ်းဝေးလေသာဖြစ်မှာပါ။ သူတို့ဟာ ရေတွင်းထဲက ဖားသူငယ်လို ဘ၀င်မြင့် သွေးနားထင်ရောက်နေပြီး အဆုံးသတ်မှာ အီမာန်လက်မဲ့ဘ၀နှင့် လောကကနေ ထွက်ခွာသွားရမဲ့ နိဂုံးက သူတို့ရွေးချယ်ခဲ့တဲ့ လမ်းသာဖြစ်သွားပါလိမ့်မယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s