ကျနော်တွေးမိသလို ရေးပါမည် (၃၁)

Win Aung Gyi

ကျနော်တွေးမိသလို ရေးပါမည် (၃၁)
ဒီပုံကိုကြည့် မြန်မာပြည်မှာ တကယ်ရှိခဲ့ တကယ်ဖြစ်ခဲ့
ဝင်းအောင်ကြီး(မောင်အောင်မွန်)

No automatic alt text available.

(၁)
ကိုကိုဇော်တင်လာတဲ့ ဒီဓာတ်ပုံ မြင်လိုက်တော့ လွန်ခဲ့တဲ့နှစ် ၆၀ က The Nation သတင်းစာထဲ ဖတ်ခဲ့ရတာ သတိရလာတယ်။ ၁၉၅၅ ခု၊ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းညီလားခံ တက်ဖို့အသွား၊ ရန်ကုန်ကို ၀င်လာတဲ့ အိန္ဒိယ၀န်ကြီးချုပ်နေရူး၊ အီဂျစ်သမတ နတ်ဆာတို့ ဦးနုနဲ့ ရေကစားနေကြချိန်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန သင်္ကြန်မဏ္ဍပ်ထဲမှာ အင်ဒီရာဂန္ဒီနဲ့ စကားလက်ဆုံကျနေတဲ့ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းအား ဦးလောရုံက ၀င်ပြောလိုက်ရာ၊ ရပ်လိုက်ပြီး တရုတ်စကားပြန်ကိုလှမ်းခေါ်၊ တရုတ်လိုမေးဖြေပြီးနောက် အင်္ဂလိပ်လို မှန်ကန်အဆင့်မြင့်စွာ ဆက်ပြောနေတယ်ဆိုတဲ့ သတင်းပါ။

Image may contain: 3 people

(၂)
ကျနော်တို့ သထုံဆောင် သဟာယနှင့်စာဖတ်အသင်းမှာတင် သတင်းစာ ၆ စောင်ဖတ်ရတယ်။မြန်မာ ၅ စောင်နဲ့ အင်္ဂလိပ်တစောင်က The Nation ပါ။ အဲဒီခေတ်က Urdur, Hindi, Mindarin, Cantonese, စတဲ့ နိုင်ငံခြား ဘာသာအပြင် ရှမ်းသတင်းစာ၊ ကရင်သတင်းစားတွေ စသဖြင့် တပြည်လုံး ဘယ်လောက်များမလဲ? သတင်းစာဆရာတယောက် ဘာ့ကြောင့် ထိပ်သီးခေါင်းဆောင်ကြီးတွေနဲ့ အတူထိုင်စကားပြောခွင့်ရတာလဲ? ပါလီမန်တို့ တရားရုံးတို့နဲ့အတူ နယ်ပယ်အသီးသီးမှာ ကိုယ့်တာဝန်ကိုလုပ် ဘယ်သူကမှဝင်မရှုပ်မို့ မဟုတ်လား။
(၃)
အဲဒီအချိန်က ကမ္ဘာ့အလယ် ထည်ဝါတဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံခြား ဧည့်သည်တော်တွေ အဲဒီလိုထားရဲ၊ ရန်ကုန်မြို့တွင်းလှည်လည်ရင်း ကြုံတဲ့သင်္ကြန်မဏ္ဍပ်မှာ လူတွေကြားဝင်ပြီး ရေကစားရဲအောင် လူထုအပေါ် အစိုးရရဲ့ယုံကြည်စိတ်ချမှု၊ နိုင်ငံတွင်း မှီတင်းနေထိုင်ကြတဲ့ လူတွေမဆိုထားနဲ့ လမ်းဘေးက ခွေးဝဲစားတောင် ဘယ်သူမှခဲနဲ့မပေါက် ခြေထောက်နဲ့မကန်လို့ လုံခြုံဘေးကင်းစွာအိပ်လို့ရတာပါ။
(၄)
သူ့ခေတ်သူ့အခါနဲ့ရှိနေတဲ့ Civilized Society ခေါ် အကျင့်သိက္ခာမြင့်မားတဲ့ လူ့အဖွဲ့အစည်းထဲ သတင်းစာဆရာ ဦးထွန်းဖေ ပြန်ကြားရေးဝန်ကြီး အဖြစ်က နှုတ်ထွက်ကာ ထွန်းနေ့စဉ် သတင်းစာထုတ်တော့ U Tun Pe comes home လို့ ကြိုဆိုတဲ့ The Nation မှာ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒပါမောက္ခဒေါက်တာသာလှ ဧည့်ခေါင်ကြီးပိုင်းရေးတဲ့ Guest Editorial By Dr. Tha Hla ဆိုတာ ဂုဏ်ယူစွာ ကျနော်တို့ဖတ်ဖူးခဲ့ပါရဲ့။ လူတိုင်းကိုယ့်အရည်အချင်းနဲ့ လွတ်လပ်စွာ၊ ထိုက်တန်စွာ ခံစားခွင့်ရှိတာကိုး။ ယုတ်စွအဆုံး သူတောင်းစားတောင် ခွက်ထဲပြား ၄၀ ပြည့်ရင် ကြိုက်တဲ့ ဆီပြန်ဟင်းနဲ့ ၀ယ်စားလို့ရတာမို့ ဆက်မတောင်းတော့။
(၅)
နှစ် ၆၀ ကြာတော့မှ ဒီ ဓာတ်ပုံကြည့်ရင်း အင်း ဦးနုက ဗုဒ္ဓဘာသာ၊ နေရူးက ဟိန္ဒူ၊ နတ်ဆာက မွတ်စလင်၊မဏ္ဍပ်ထဲမှာ ချူအင်လိုင်းက ဘာသာမဲ့၊ ဦးလောရုံက ခရစ်ယာန်၊ ဟိုတုန်းက ဘာဖြစ်လို့ မစဉ်းစားကြည့်မိသလဲ? မလိုဘူးလေ၊ ရန်ကုန်တက္ကသိုလ်မှာလည်း လူမျိုးစုံ ကိုးကွယ်တဲ့ဘာသာစုံ၊ တပြည်လုံးမှာလည်း အလားတူ၊ ကုန်ကုန်ပြောရ ကျနော်တို့ရွာမှာတောင် ယဉ်ကျေးသိမ်မွေ့စွာ အတူနေကြတာကိုး။ တရုတ်ဝန်ကြီးချုပ်က မြန်မာသတင်းစာဆရာအား စကားပြန်ကတဆင့် တလေးတစား ဖြေကြားလို့ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ လာရောက်ဂါရ၀ပြုလို့ ပါးစပ်အရသာခံ တင်စီးဘ၀င်မြင့် အောက်ခြေလွတ်စွာ ရေးဖို့ဝေးလို့ တွေးပင်မတွေးမိကြ။
(၆)
အဲဒီလို ရေကစားကြတာကို ခုခေတ်လူတချို့မြင်ကြရင် တိုင်းတပါးက လူမျိုးခြား ဘာသာကွဲတွေ ငါတို့ယဉ်ကျေးတဲ့ သင်္ကြန်မှာ လာစော်ကားတယ်လို့၊ ဆဲရေးတိုင်းထွာ အော်ဟစ်ကာ ဒုတ်ဆွဲဓားဆွဲနဲ့ လိုက်ကြလို့၊ ခါးပတ်နဲ့မြဲအောင် ၀တ်ထားရတဲ့ပုဆိုး ခါးတောင်းကျိုက်ကာ ပြေးဖို့မလိုတော့ပါ။ သူတို့အားလုံး သေဆုံးကုန်ကြပါပြီ။ အဲဒီတုန်းက ဥပစာအပိုင်း(ခ) စာမေးပွဲအောင်စာရင်း စောင့်နေတဲ့ကျောင်းသားလေး ကျနော်တောင် အသက် ၈၁ နှစ်ကျော်တော့မယ်။ ဆောင်းပါးရေးရင်း ၀မ်းနည်းသလိုလို နှမျောသလိုလိုလည်း ခံစားမိတယ်။ မြန်မာပြည်မှာ တကယ်ရှိခဲ့ တကယ်ဖြစ်ခဲ့တာမို့ပါ။
(၇)
သို့သော် နှစ်သစ်မှာ စာဖတ်သူများအား အားငယ်စရာ ပေးလို့မဖြစ်ဘူးလေ။ သေဆုံးသွားသူများအား ပြန်ရှင်လာအောင် လုပ်လို့တော့မရနိုင်။ သို့သော် လူတိုင်းတာဝန်သိ ခံစားခွင့်ရှိတဲ့ အဲဒီ Civilized Society ခေါ် အကျင့်သိက္ခာမြင့်မားတဲ့ လူ့အဖွဲ့အစည်းဆိုတာ ယဉ်ကျေးတဲ့လူတွေ ထူထောင်ကြရတာ၊ လူတယောက်ချင်းလည်း ယဉ်ကျေးချင်သပဆိုရင် ယဉ်ကျေးလို့ရပါတယ်၊ လူတယောက်ယဉ်ကျေးလိုက်ရင် မိမိအတွက်ထက်ပို၍ အကျိုးရှိတဲ့အပြင် အားတအားလည်း ဖြစ်လာလိမ့်မယ်ဆိုတဲ့ အတွေး၊ ချစ်စွာသော စာဖတ်သူများအား နှစ်သစ်လက်ဆောင်မွန်အဖြစ် ပေးလိုက်ရကြောင်းပါ။
၂၀၁၅ ခု၊ ဧပြီလ ၁၇ ရက် ( ၁၃၇၇ ခု၊ နှစ်ဆန်း ၁ ရက်နေ့)ကတင်ခဲ့တာပါ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s