မြန်မာဆန်မှု (ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်)

စာတော့ရှည်တယ်…….
ဖတ်ကြည့်သင့်ပါတယ်………

ပညာရှိဆန်ဆန်…….လှလှပပလေး အမှန်တရားကို ရေးပြသွားလိုက်တာ…..

အခု…ဒီ ပုဂ္ဂို လ်ကြီးရဲ့ အမည်ကိုသုံး…..
သူ့မျ က်နှာဖုံးတတ်ထားသူတွေရောက်တော့
ဇွတ်….ကုလားမုန်းတီးရေးလုပ်နေကြတယ်…
(မဘသ စိတ်ဓါတ် ဝင်ကုန်ကြတာများလား)………

Akbar Ali

မြန်မာဆန်မှု (ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်)

မကြာသေးမီရက်များအတွင်း (ဟိဂ်ျဂျရီ၁၃၇၉ခု၊ရမဒွါန်လ)က အစ္စလာမ်ကောင်စီ ကိစ္စနှင့် ဖြူးမြို့သို့ ရောက်ရှိခဲ့သည်။ ဖြူးမြို့ ဗလီကျောင်းကြီးကို ထိုမြို့နေ မွတ်စ်လင်မ်တို့က လှပတင့်တယ်စွာမွမ်းမံချယ်လှယ်ပြင်ဆင်ထားသည်ကိုဝမ်းမြောက် စွာ နှင့်တွေ့ရသည်။ ဗလီကျောင်းအတွင်း မျက်နှာကြက် အောက်နံရံများ၏ အထက် နှုတ်ခမ်းတွင် ကျမ်းမြတ်ကုရ်အာန်မှ အာယသ်တော် ကောင်းနိုး ရာရာများကို ရွေးချယ်၍ အရဗီဘာသာစာလုံးကြီးများနှင့် ထင်ရှားစွာ ရေးသားထားသည်ကို တွေ့ရ၏။ တာဝန်ခံ ပုဂ္ဂိုလ်များက ဗလီလာ သူတိုင်း အရှင်မြတ်၏မုက္ခပါဌ်တော်များကို လွယ်ကူစွာ တွေ့မြင် သတိရစေအံ့ငှာ အသင့် ရေးပေးထားခြင်းဖြစ်သည်ဟု ဆိုသည်။ အရဗီကို မြန်မာအနက် အဓိပ္ပာယ်ဖြင့်နားမလည်နိုင်သော အများစု အတွက် မည်သို့ အကျိုးရှိအံ့နည်းဟုဆန်းစစ်ရာ ထိုတာဝန်ခံများက အာယသ်တော်များအောက်တွင် မြန်မာဘာသာဖြင့် ရေးသားရန်စီစဉ် ထားပြီးဖြစ်သော်လည်းသို့ ရေးသားခြင်းမှာ အပြစ်ရှိ/မရှိ သံသယဖြစ်နေသည်ကတစ်ကြောင်း၊ ရှရီအသ်ကို အတန်ကျွမ်းကျင်သူတို့က မရေးသင့်၊ရေးသည့်အစဉ်အလာမရှိဟု ဆိုကြသောကြောင့် တစ်ကြောင်း ဆိုင်းငံ့နေရပါသည်ဟု ဖြေကြသည်။

ဗလီတွင်း မြန်မာစာရေးကောင်းသလော

ဤအဆိုပြုချက်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်။စိုးရိမ် ကြောက်ရွံ့ဖွယ်ရာလည်းဖြစ်သည်။ ဗလီတွင်း၌ အရှင့် မုက္ခပါဌ်တော် များကိုပင်လျှင် မြန်မာစာနှင့် မရေးအပ်၊ ကျမ်းမြတ်ကုရ်အာန်ထဲတွင် မှတ်စုမှတ်ရာများကို မြန်မာစာနှင့် ပုံမနှိပ်အပ်၊ အလွန်ငရဲကြီးလိမ့်မည် ဟု အယူသီးအောင်မြန်မာစာမတတ်သူတို့က အသိဉာဏ် မဖွံ့ဖြိုးသေး သော မြန်မာစာကိုသာတတ်သည့် တိုင်းရင်းသား မွတ်စ်လင်မ်တို့အား လှည့်ဖြားခဲ့ကြသည်မဟုတ်ပါလော။

ကျမ်းမြတ်ကုရ်အာန်ထဲတွင် အရဗီစာတန်းကြားများ၌သော် လည်းကောင်း၊ ဘေးနေရာလပ်များတွင်လည်းကောင်း၊ ဒေါင်လိုက် ဖြစ်စေ၊ အလျားလိုက်ဖြစ်စေ၊ ကန့်လန့်ဖြစ်စေ ရနိုင်သည့်နည်းနှင့် အုရ်ဒူစာများကို ရေးသားပုံနှိပ်ထားသည် မဟုတ်ပါလော။

အုရ်ဒူစာကို ဗလီအတွင်း မင်န်ဗရ်ထိပ်၌လည်းကောင်း၊ ခေါင်းဆောင်ဝတ်ပြုရာအထက်နံရံ၌လည်းကောင်း၊အရေးအပါဆုံးနေရာ များတွင်ထင်ရှားစွာရေးသားထားသည်ကိုမကြာခဏတွေ့ရပေသည်။

အုရ်ဒူသည် သာသနာ့စာပေလော

ကျွန်ုပ်တို့နိုင်ငံ တိုင်းရင်းသား မွတ်စ်လင်မ် လောကတွင် နိုင်ငံခြားသား ရှေ့ဆောင်ဆရာများ၊မော်လ၀ီများက နည်းပေးလမ်းပြပြု နေသည်။ ထိုပုဂ္ဂိုလ်တို့သည် အုရ်ဒူစကားကို၊ အုရ်ဒူစာကို အသုံး ပြုသူများသာဖြစ်သည်။ အုရ်ဒူယဉ်ကျေးမှုပတ်ဝန်းကျင်အတွင်းတွင် ကြီးပြင်းလာရသူများဖြစ်သည်။ သို့ဖြစ်၍ သူတို့ ယဉ်ပါးနေသော၊ သူတို့ အသုံးပြုနေသော အုရ်ဒူစာကို အရဗီစာ၏ အဆင့်အတန်း ရောက်အောင် မြှင့်တင်အသုံးပြုသည်မှာ ဓမ္မတာသာဖြစ်သည်။

ထိုသာသနာ့ရှေ့ဆောင်တို့အနက် အများစုသည် မြန်မာစာနှင့် မြန်မာစကားကို မသုံးကြ။ တတ်လည်း မတတ်ကြ။ မြန်မာ စာသုံးသူတို့၏ အများစုမှာ မွတ်စ်လင်မ်မဟုတ်သူများဖြစ်ကြသည်၊ သို့ဖြစ်၍ မြန်မာစာမှာ မွတ်စ်လင်မ်နှင့်မဆိုင်ဟု သူတို့ယူဆကြသည်။ မဆိုင်ရုံသာမက မြန်မာစာသုံးလျှင် ငရဲကြီးသည်၊ ပညတ်ချက်ကို ကျူးလွန်သည်ဟူသော အဆင့်ထိအောင် ပြင်းထန်လာကြသည်။ ဤကဲ့သို့သော သာသနာ့ရှေ့ဆောင်တို့၏ အဆုံးအမအောက်တွင် နှစ်ရှည်လများနေလာကြကုန်သော တိုင်းရင်းသားမွတ်စ်လင်မ်တို့မှာ ဘာသာရေး၌ မြန်မာစာသုံးခြင်းသည် ပညတ်ချက်ကို ကျူးလွန်ရာ ရောက်သည်၊ ငရဲကြီးသည်၊ဗလီတွင်မရေးအပ်၊ ကုရ်အာန်ကျမ်းမြတ် တွင်လည်း မရေးအပ်၊ အခြားစကားမတတ်၍သာ မြန်မာစကားကို ပြောနေရသည်၊ အုရ်ဒူစကားပြောရလျှင် ပိုကောင်းမည် ဟူသော လွဲမှားသည့် အယူသီးမှုများ တဖြည်းဖြည်းရရှိလာကြခြင်းဖြစ်သည်။ သို့ဖြစ်၍လည်း ဖြူးဗလီအတွင်း အာယသ်တော်များ၏ အောက်တွင် မြန်မာဘာသာနှင့် ပြန်ဆိုရေးသားရန် နှောင့်နှေးခြင်း၊ စိတ်စနောင့်စနင်းဖြစ်နေခြင်းမှာ မထူးဆန်းတော့ပေ။

ကြောက်ဖွယ် အန္တရာယ်

ဤအယူသီ်းမှုမှာ ကျွန်ုပ်တို့ သာသနာ့ဖွံ့ဖြိုးမှုနှင့် ကျင့်သုံးမှု တို့တွင် အလွန်ကြောက်ဖွယ်ကောင်းလှသော အဖျက်အစီး၊ အဟန့် အတားနှင့် အန္တရာယ်ဆိုးကြီးဖြစ်နေသည်ကို သဘောပေါက်သူ နည်းပါးလိမ့်မည်ထင်သည်။

ဤအယူသီ်းမှုကိုဖြစ်အောင် ဖန်တီးပေးသူတို့တွင် သဘောရိုးနှင့် မိမိတို့ ယုံကြည်ချက်အတိုင်း ဆောင်ရွက်သူများလည်းပါသည်။ မြန်မာစာကိုမိမိတို့လုံးဝမတတ်၊ တတ်ပြန်သော်လည်း မတောက် တခေါက်ဖြစ်နေသဖြင့် ရှေ့ဆောင်ဆရာ၏ ဂုဏ်သိက္ခာလည်း မပျက်ရ လေအောင် မိမိနားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ အုရ်ဒူစကားကို အရှင်မြတ်၏မုက္ခပါဌ်တော်ယောင်ယောင် ဖြစ်အောင် အုရ်ဒူစကားကို နကန်းမျှ နားမလည်သော မိမိ၏ နောက်လိုက် ပရိသတ်ရှေ့တွင် ဟိတ်ဟန်ဖြင့် ပြောဆိုကြွားဝါခြင်းဖြင့် လှည့်စားလာ ခဲ့ကြသူများလည်းရှိသည်။

မြန်မာစာ မတတ်၍ အုရ်ဒူကို သိဒ္ဓိတင်ခြင်း

နိုင်ငံခြားမှ လာရောက်၍ ရှေ့ဆောင်ဆရာ လုပ်နေသူအချို့ တို့မှာ အရဗီစာကို ဖတ်တတ်သည်။ အုရ်ဒူစကားကို မတောက် တခေါက် ပြောတတ်သည်။ စာရေးသားမှု၌ မည်သည့်စာကိုမှ မရေး သားတတ်ကြ။ မိမိတို့ တိုင်းပြည်သို့ စာရေးလိုသောအခါ မိမိတို့ ဘာသာ၊ သို့မဟုတ် အုရ်ဒူစာကို ရေးတတ်သော အခြားပုဂ္ဂိုလ် တစ်ဦးဦးထံ တိတ်တဆိတ်သွားရောက် အကူအညီတောင်းသည်ကို တွေ့ခဲ့ရဖူးသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးများက မိမိတို့ ပြောရုံသာ တတ်သော အုရ်ဒူစကားကို သိဒ္ဓိတင်လိုသောကြောင့် မြန်မာစကား ပြောခြင်း၊ ရေးခြင်းတို့မှာ မသင့်ဟု ရှရီအသ်၏ အဆုံးအဖြတ်သဖွယ် ဟောပြောလာသည်မှာ ကျွန်ုပ်တို့ သာသနာအတွက် အလွန် ၀မ်းနည်းဖွယ် ကောင်းလှပေသည်။

နိုင်ငံခြားသား ကျွန်ုပ်တို့၏ သာသနာ့ညီနောင်

ကျွန်ုပ်တို့နိုင်ငံတွင် အိန္ဒိယသား၊ ပါကစ္စတန်သား မွတ်စ်လင်မ် အများရှိနေသည်။ သူတို့သည်လည်း အစ္စလာမ်သာသနာဝင်များ ဖြစ်သည့်အားလျော်စွာ သာသနာ၌ စိတ်ဝင်စားကြသည်။ မွတ်စ်လင်မ် ဖြစ်ကြသည့်အားလျော်စွာ သူတို့မှာ ကျွန်ုပ်တို့၏ ရောင်းရင်းမိတ်ဆွေ များသာမက မွတ်စ်လင်မ် ညီနောင် အုပ်စုဝင်များလည်းဖြစ်သည်။ အထက်၌ဆိုခဲ့သော နိုင်ငံခြားသား ရှေ့ဆောင် ဆရာများ နည်းတူ သူတို့ အထဲ၌ အများစုမှာ မြန်မာစာကိုမတတ်ကြ။ ဗမာစကားကိုလည်း မတောက်တစ်ခေါက်သာ ပြောတတ်သည်။ သို့နှင့် မြန်မာစာပေနှင့် မြန်မာစကားကိုသူတို့အထင်မကြီးကြ၊ မလေးစားလိုကြ၊ သူတို့တတ် သိသော အုရ်ဒူစာနှင့်စကား၊ ဘင်္ဂါလီစာနှင့် စကား၊ ဂူဂျရာတီစာနှင့် စကားစသည်ဖြင့် လူမျိုးကို လိုက်၍ မိမိတို့ စာကိုသာ လေးစား ကြသည်။အလေးဂရုပြုကြသည်။ဤသည်မှာ ဓမ္မတာသာဖြစ်သည်။မည်သို့မျှ အပြစ်ဆိုဖွယ်ရာ မရှိပေ။

အုရ်ဒူမတတ်လျှင် ဘာသာပျက်အံ့လော

ယင်းနိုင်ငံခြားသားတို့မှာ တိုင်းရင်းသား မွတ်စ်လင်မ်များ ထက်ပို၍ ပစ္စည်းဥစ္စာကုံလုံကြွယ်ဝသည်။ မြန်မာနိုင်ငံအတွင်း၌ သုံးပစ်ရန် ငွေပိုငွေလျှံလည်းများစွာရှိကြသူများဖြစ်သည်။ သဘောရိုး သက်သက်နှင့်ဖြစ်စေ၊ ပယောဂ၀င်လျက်ဖြစ်စေ၊ မိမိတို့၏ ငွေပို ငွေလျှံ များကို အစ္စလာမ်သာသနာရေးအတွက် လှူဒါန်းသုံးစွဲလာကြသော အခါတွင် တိုင်းရင်းသား မွတ်စ်လင်မ်များဖြစ်သော မွတ်စ်လင်မ် အများစုနှင့် ဆက်သွယ်မိလာသည်။ သို့ဆက်သွယ် မိလာသောအခါ ၎င်းင်းတို့ယုံကြည်သည့်အတိုင်းသဘောရိုးအားဖြင့် သော်လည်းကောင်း၊ ၎င်းင်းတို့ လွှမ်းမိုးလှည့်စားလိုသည့်အတိုင်း ပယောဂယှဉ်၍သော် လည်းကောင်း၊ အုရ်ဒူစာပေသင်ကြားရေး၊ အူရ်ဒူစကားပြောဆို ရေးကို ဖိ၍ အားပေးလာသည်။ အုရ်ဒူစာနှင့်ရေးထားသောကျမ်းမှ သာလျှင် မွတ်စ်လင်မ်ကျမ်းဖြစ်သည်ဟု ယုံကြည်အောင် ဖန်တီးလာ ကြသည်။ သူတို့၏စောင်မချက်ဖြင့် မြန်မာစာမတတ်သော ရှေ့ဆောင် ဆရာများ တိုင်းရင်းသားမွတ်စ်လင်မ်လူထုအတွင်းသို့ ရောက်လာ တတ်ကြသည်။ အုရ်ဒူစာမှ မတတ်လျှင် ဘာသာပျက် မည့်အခြေသို့ ရောက်လိမ့်မည်ဟု အထင်ရောက်လာအောင် ဖိလာကြသည်။

စေတနာသန့်နှင့်ပယောဂအလှူ

တိုင်းရင်းသား မွတ်စ်လင်မ်အများစုမှာ ထင်းခွေ၊ ယာလုပ်၊ မီးသွေးဖုတ်၊ လှည်းတိုက်၊တောင်သူလယ်သမားစသည်ဖြင့် ခွန်အားကို စေစား၍ အသက်မွေးကြရသူများဖြစ်ရာ၊ မိမိတို့ရပ်ရွာရှိ ကျောင်းများ အတွက်သော်လည်းကောင်း၊ ဗလီဝတ်ကျောင်းများအတွက် သော် လည်းကောင်း၊ သာသနာရေးလုပ်ငန်းအတွက် သော်လည်းကောင်း၊ ငွေကုန်ကြေးကျရှိလာသောအခါ ၎င်းင်းတို့၏ ချွေးနည်းစာမှာ မည်သို့မျှ ထေမိအောင်၊ကာမိအောင်မလုံလောက်သဖြင့် ထိုပိုက်ဆံကြွယ်ဝသော နိုင်ငံခြားသား၊ သို့မဟုတ် နိုင်ငံခြားသားစိတ်ရှိသူ မွတ်စ်လင်မ်တို့ ထံတွင် လက်ဖြန့်ခံ၍ တောင်းနေကြရသည်မှာ ကျွန်ုပ်တို့အသိပင် ဖြစ်သည်။ ထိုကြွယ်ဝသော ပုဂ္ဂိုလ်တို့ကလည်း ရက်ရောစွာ လှူဒါန်းကြပါသည်။ ကျေးဇူးလည်းတင်ရပါမည်။၎င်းတို့ကြောင့်၊ ၎င်းင်းတို့၏ဘိုးဘေးများကြောင့် မြန်မာနိုင်ငံတွင် ဗလီဝတ်ကျောင်းများနှင့် သာသနာအဆောက်အဦများ ပေါ်ထွန်းခဲ့ရသည်ကိုလည်း ဂုဏ်ယူစွာဖြင့်ဖော်ပြရပါမည်။

သို့ရာတွင် အချို့လှူဒါန်းမှု၌ လှူဒါန်းလိုက်သောငွေနှင့် ထက်ချပ်မကွာပါလာသော အန္တရာယ်သည် တစ်ခါတစ်ရံ အထက်၌ ဆိုခဲ့သော ကြောက်မက်ဖွယ်ကောင်းလှသည့် အယူသီးမှုပင်ဖြစ်သည်ကိုကား သတိမူလိုက်မိသူ လွန်စွာနည်းပေလိမ့်မည်။

ထူးခြားသည်မှာ ထိုငွေရှင်၊ ကြေးရှင်အချို့တို့သည် ဗလီ ၀တ်ကျောင်းအတွက်သော်လည်းကောင်း၊ အခြား ကုသိုလ်ရေးကိစ္စ တစ်ခုခုအတွက်သော် လည်းကောင်း၊ လှူဒါန်းရန်ရှိသောအခါ အနည်းငယ် လက်တွန့်သည်ကိုတွေ့ရသည်။

မဒ္ဒရစဟ်ခေါ်သော သာသနာ့စာသင်ကျောင်းများအတွက် နှင့် ယသင်မ်ခါနာခေါ်သော မိဘမဲ့ကျောင်းများအတွက် လှူဒါန်းရန် ရှိသောအခါ လွန်စွာ ရက်ရောကြပေသည်။ ကိုယ်ဖိရင်ဖိလည်းရှိ ကြသည်။ အဖွဲ့အစည်းကိုပင် ဖွဲ့စည်း၍ လှူကြသည်။ ထိုကျောင်း များကို မိမိတို့ အဖွဲ့နာမည်ပင်တပ်ပေးထားကြသည်။ ဆရာများကို ရှာပေးသည်။ဆရာ့လခကိုလည်းပေးသည်။ ကျောင်းသူ/ကျောင်းသား များအတွက် စာအုပ်များကိုလည်း အခမဲ့ဝေသည်။ မိမိတို့အကြိုက် ဖြစ်သော ကျောင်းသုံးစာအုပ်များကို ပြဋ္ဌာန်း၍ ပုံနှိပ်ထုတ်ဝေသည်။ သို့ဆောင်ရွက်ရာ၌ သဘောရိုး စေတနာသန့်သန့်နှင့် ဆောင်ရွက်သူလည်းရှိသည်။ ပယောဂယှဉ်၍ ဆောင်ရွက်သူလည်း ရှိသည်။

ဗမာမွတ်စ်လင်မ် မော်လ၀ီများနှင့် နိုင်ငံခြားယဉ်ကျေးမှုမျက်မှန်

ထိုပုဂ္ဂိုလ်တို့၏ ဆောင်ရွက်မှုကို အောင်မြင်စေရန် ကူညီ ရိုင်းပင်းနေသူတို့တွင် ကျွန်ုပ်တို့တိုင်းရင်းသား မွတ်စ်လင်မ်များလည်း ပါသည်။ထိုမွတ်စ်လင်မ်များမှာ အထက်၌ဆိုခဲ့သော မဒ္ဒရစဟ်၊ ယသင်မ်ခါနာတို့၏ အထောက်အပံ့ကိုယူ၍ သင်ကြား တတ်မြောက် ပြီးနောက် သူတို့၏ အကူအညီဖြင့် အိန္ဒိယပြည်နှင့် ပါကစ္စတန်ပြည်ရှိ မော်လ၀ီသင်တန်းကျောင်းများသို့ သွားရောက် သင်ကြား တတ်မြောက် လာသူများအနက်အချို့ဖြစ်သည်။

ယင်း မြန်မာမွတ်စ်လင်မ်မော်လ၀ီများမှာ ငယ်ရွယ်စဉ်က တည်းက အူရ်ဒူ ပတ်ဝန်းကျင်တည်းဟူသော နို့ချိုကိုသောက်၍ ကြီးပြင်းလာရပြီးလျှင် အုရ်ဒူ၊ အိန္ဒိယ၊ ပါကစ္စတန် ယဉ်ကျေးမှုများ အလယ်၌ လူလားမြောက်လာ၍ ပညာရင့်ကျက်လာသူများဖြစ်သည့် အတိုင်း အုရ်ဒူယဉ်ကျေးမှုမျက်မှန်ဖြင့်သာလျှင် အစ္စလာမ်သာသနာကို မြင်ကြမည်သာဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှုမျက်မှန်ဖြင့် အစ္စလာမ်သာသနာကို ၎င်းင်းတို့ မမြင်နိုင်စွမ်းသည့်အတွက် ကျွန်ုပ်တို့အဖို့မှာ ၀မ်းနည်းရုံမှတစ်ပါး မည်သို့မျှ အပြစ်ဆိုနိုင်မည်မဟုတ်ပေ။

မဒ္ဒရစဟ်ကျောင်းအချို့

ဤကဲ့သို့သော မြန်မာမွတ်စ်လင်မ်မော်လ၀ီများ ပြန်ရောက် လာသောအခါ အိန္ဒိယ၊ပါကစ္စတန်ယဉ်ကျေးမှု၊အရှိန် ပြင်းထန်စွာဖြင့် အခွင့်အရေးအလိုက် မဒ္ဒရစဟ် သို့မဟုတ် ယသင်မ်ခါနာ ကျောင်းများကို ဖွင့်လာကြသည်။ သင်ကြားသည်မှာ အခြေခံ အလစ်ဖ်၊ဘေ မှပင်စသော်လည်း ကျောင်းအမည်ကိုကား သိပ္ပံ သို့မဟုတ် ကောလိပ် အမည်မှ တစ်ဆင့်မှမလျှော့ကြပေ။ ဤကျောင်းများကိုဖွင့်ရာ၌ အကျိုးမဲ့ မဟုတ်ပါ။ အကျိုးရှိသင့်သလောက်ရှိပါသည်။ သို့ရာတွင် ဤကျောင်း အချို့ကိုဖွင့်ရာ၌ ဖွင့်သောမော်လ၀ီ၏ ဘ၀တည်မြဲရေးကိုသာ ရှေ့ရှု သည်ဖြစ်ရာ ၎င်းင်းတို့အနက် အချို့တို့မှာ အလှူငွေပေးနိုင်သော ပယောဂ ယှဉ်သည့် နိုင်ငံခြားသားမွတ်စ်လင်မ်ငွေရှင်ကြေးရှင်အချို့တို့၏ စက်ကွင်း အတွင်းသို့ ကျမှန်းမသိ ကျသွားသည်ကိုလည်း တွေ့ရပေသည်။

မြန်မာ မဆန်မှု အန္တရာယ်၏ ရှေးဖြစ်စဉ်

မြန်မာဆန်မှုကို တိုက်ဖျက်သည့် ဤအန္တရာယ်ကို ကျွန်ုပ် တို့သည် ယခုမှသာတွေ့မြင်ရသည်မဟုတ်။ (၁၉၂၈)ခုလောက် ကတည်းက အမြင်ကျယ်သော မြန်မာမွတ်စ်လင်မ်ခေါင်းဆောင် တို့သည် မျက်ဝါးထင်ထင်တွေ့မြင်ရပြီးဖြစ်သည်။ သို့ဖြစ်၍လည်း မြန်မာမွတ်စ်လင်မ်တို့အား ကျမ်းမြတ်ကုရ်အာန်ကို နားလည် နှစ်ခြိုက်စွာ တတ်သိယုံကြည်နိုင်စေရန် ဟာဂျီဦးဘအိုKIHသည် သခင်ကြီး ဦးကာလူ၏ အကူအညီဖြင့် ကုရ်အာန်ကျမ်းမြတ်ကို မြန်မာဘာသာသို့ပြန်ဆိုကာ အခမဲ့ဝေငှခဲ့သည်မဟုတ်ပါလော။

ထိုကုရ်အာန်ဘာသာပြန်အပြင် အစ္စလာမ်သာသနာပေါင်းချုပ် ကျမ်း၊ အရှင်မြတ်၏ဂုဏ်တော်အဖွင့်ကျမ်းမှစ၍ ကျမ်းအများကို ကွယ်လွန်သူ ဆရာဦးထွန်းကြွယ်၏ အကူအညီဖြင့် ငွေကုန်ကြေးကျ ခံကာ ရိုက်နှိပ်ဖြန့်ချိခဲ့ပေသည်။ ဤကား အန္တရာယ်ကိုမြင်၍ တစ်ဦး တစ်ယောက်တည်းအနေနှင့်ဆောင်ရွက်ကာကွယ်ခဲ့ခြင်းဖြစ်ပေသည်။

ယခုခေတ်တွင်လည်း ရန်ကုန်အစ္စလာမ်မစ်ဆိုဆိုင်တီမှဦးစီး၍ ကျမ်းမြတ်ကုရ်အာန်ကို မြန်မာဘာသာသို့ပြန်ဆိုနေသည်မှာ (၁၀)စောင် ထိပြီး၍ (၃)စောင်ရိုက်နှိပ်ပြီးဖြစ်သည်ဟုသိရသည်။

ဝမ်းမြောက်ဖွယ်ရာပင်။

ဗမာမွတ်စ်လင်မ်ပညာရေးကွန်ဖရင့်

အဖွဲ့အစည်းအနေနှင့် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ခဲ့သည် လည်းရှိသည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီအလျင်က အစ္စလာမ် သာသနာ ပညာရေးအတွက် တိုင်းရင်းသားနှင့် တိုင်းရင်းသား မဟုတ်သူ မွတ်စ်လင်မ်တို့ ပူးပေါင်း ဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးရှိသည်။ ထိုအဖွဲ့အစည်းသည် နှစ်စဉ်ညီလာခံကျင်းပသည်။ (၁၉၃၀)ခုလောက် တွင် ကျင်းပသော ပဲခူးညီလာခံတွင် အစ္စလာမ်သာသနာ့ပညာ သင်ကြားပို့ချပေးရာတွင် အုရ်ဒူဘာသာကို အသုံးပြုရမည်ဟု ဆိုလာ ကြသည်။ အမြင်ကျယ်သော မွတ်စ်လင်မ် ခေါင်းဆောင်တို့က လက်မခံကြ။ မြန်မာဘာသာနှင့်သာသင်ရမည် ဟုတင်းခံခဲ့ကြသည်။ သို့နှင့်ကွဲကြ၊ပြဲကြသည်။

ဤအကွဲအပြဲမှနေ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စ်လင်မ် ပညာရေးကွန်ဖရင့်ကြီးပေါ်ပေါက်လာခဲ့ရသည်။ ထို့နောက် အမျိုးသားစိတ်ဓာတ်နိုးကြားမှု ရေအယဉ်တွင် မြန်မာမွတ်စ်လင်မ်များလည်း စွမ်းစွမ်းတမံ ပါဝင်လာကြ၍ နိုးကြားရေး အဖွဲ့များပေါ်ပေါက်လာခဲ့ကြသည်။စစ်ပြီးတစ်ခေတ်တွင် (ဗ- မ- က) အဖွဲ့ရှိခဲ့သော်လည်း သာသနာရေးထက် နိုင်ငံရေးကို ဆောင်ရွက် သောကြောင့် သာသနာမှုဘက်တွင် ထူးခြားသော ပြောင်းလဲမှုများ မဖြစ်ခဲ့သည့်တိုင်အောင် အမျိုးသားစိတ်ဓာတ် နိုးကြားမှုအဟုန်ကိုကား ကောင်းစွာထိန်းပေးခဲ့သည်။(ဗ- မ- က) မရှိသည့်နောက် အမျိုးသား စိတ်ကို ဆန့်ကျင်သော သာသနာကျင့်သုံးမှုနှင့် သဘောတရားများကို မြန်မာမဆန်သည့်မွတ်စ်လင်မ်တို့သည်မြန်မာမွတ်စ်လင်မ်လောကတွင် သွတ်သွင်းပေးလာကြသည်မှာ ယခုအခြေအနေအထိပင်ဖြစ်သည်။

နားလည်သင့်သည့်အချက်

“ဘာသာမျိုးခြား-စာစကားသင်ကြားသင့်သည်မှတ်”ဟု ဆိုသည့်စကားအတိုင်း မည်သည့်ဘာသာခြားစကားကိုမဆိုသင်ကြား တတ်မြောက်ရန် အရေးကြီးပါသည်။ အားပေးရန်လည်းသင့်သည်။ သို့ရာတွင် ဘာသာခြားစကား သင်နိုင်သူမှာ အခြေအနေအရ တစ်ထောင်လျှင် တစ်ယောက်မျှပင်မရှိနိုင်။ ဘာသာစကားသင်ရမည် ဆိုသည်တွင်လည်း မိမိ၏အမိဘာသာစကားနှင့် စာပေတို့ကိုသင်ကြား တတ်မြောက်ပြီးမှသာလျှင် သင်ရန်ဖြစ်သည်။ မိမိ၏ အမိဘာသာ စကား နှင့် စာပေကို သတ်ပစ်ရန်အတွက် ဘာသာခြားစကားနှင့် စာပေကို သင်ရမည်ကား မဟုတ်ပေ။

“အင်းန္နမာလ်၊မုအ်မိနူးန၊အစ်ခ၀တွန်”ဟု လာရှိသည့်အတိုင်း မွတ်စ်လင်မ်မှန်လျှင် ညီရင်းအစ်ကိုဖြစ်ကြသည်။

ဘင်္ဂါလီဖြစ်စေ၊ ပန်ချာဗီဖြစ်စေ၊ ကျိုလီယာဖြစ်စေ၊ စူရတီဖြစ်စေ၊ ဟိန္ဒူစတာနီဖြစ်စေ၊ ပါကစ္စတာနီဖြစ်စေ၊ အင်ဒိုနီးရှင်း ဖြစ်စေ၊ တရုတ်ဖြစ်စေ၊ လူမျိုးတစ်ရာ့တစ်ပါး မည်သည့်နိုင်ငံ၊ မည်သည့် ဒေသမှဖြစ်စေ၊ မွတ်စ်လင်မ်ဖြစ်ပါက ကျွန်ုပ်တို့ ညီနောင် များသာ ဖြစ်သည်။

ထိုမွတ်စ်လင်မ်ညီနောင်တို့၏ စာပေ ဘာသာတို့မှာ မိမိတို့ လူမျိုးနှင့် တိုင်းပြည်အလိုက် ပေါ်ထွန်းခဲ့သည့်အတိုင်းကျွန်ုပ်တို့က ဂရုဓမ္မပြုရပေမည်။

အလားတူပင် မြန်မာမွတ်စ်လင်မ်ဖြစ်သော ကျွန်ုပ်တို့၏ စာပေနှင့်စကားကို အခြား နိုင်ငံသား မွတ်စ်လင်မ်တို့က ဂရုပြုသင့်သည်ဟု ကျွန်ုပ်တို့ လေးနက်စွာ ယုံကြည်သည်။

အထက်ပါမူ(၂)ရပ်ဖြစ်သော ဘာသာခြား စာသင်သင့်သည် ဟူသောမူနှင့် မွတ်စ်လင်မ်တို့သည် ညီနောင်ဖြစ်ကြသည် ဟူသော မူတို့ကို လက်ခံယုံကြည်သူများဖြစ်ပါက ကျွန်ုပ်တို့နိုင်ငံသို့ အသက် မွေးဝမ်းကြောင်း နှင့် စီးပွားရေးအတွက် ရောက်ရှိလာကာ ကျွန်ုပ်တို့ နိုင်ငံ၏အကျိုးပြုခြင်းကို ခံယူနေကြကုန်သောနိုင်ငံခြားသားမွတ်စ်လင်မ် ညီနောင်တို့သည် တိုင်းရင်းသားမွတ်စ်လင်မ်ညီနောင်တို့ကို ကူညီ ကြသောအခါတွင် အဘယ့်ကြောင့် မြန်မာစာပေနှင့် စကားကို အားပေး ခြင်းမပြုနိုင်ကြရအံ့နည်း။

နည်းယူဖွယ်ရာ

အခြားသာသနာတို့၏ သာသနာပြုများသည် မိမိတို့သွား ရောက်သာသနာပြုသော ဒေသရှိလူများ သို့မဟုတ် လူမျိုးစုများ၏ ဘာသာစကားကို တတ်သိနားလည်အောင် “ကျားကုတ်ကျားယက်” ခက်ခက်ခဲခဲ လေ့လာသင်ကြားတတ်မြောက်ပြီးမှ လူမျိုးစုတို့၏ ဘာသာစကား စာပေများကို အသုံးပြု၍ သာသနာပြုကြသည်ကို ကျွန်ုပ်တို့၏ညီနောင်များဖြစ်သော မြန်မာနိုင်ငံရှိ နိုင်ငံခြားသားနှင့် နိုင်ငံခြားသားစိတ်ရှိသူ မွတ်စ်လင်မ်တို့ အဘယ်ကြောင့် သဘော မပေါက်နိုင်ဘဲရှိနေနိုင်ကြအံ့နည်း။

သာသနာဖွံ့ဖြိုးမှုတစ်ခုတည်းကိုသာ ရှေ့ရှုသူမှန်လျှင် မြန်မာစကားနှင့် မြန်မာစာပေတို့ကို အသုံးပြု၍ သာသနာရေးကို ဆောင်ရွက်ရန် အားပေးကူညီမှုပြုကြသည်သာမက မိမိတို့၏ အယူသီးမှုများကို ဖယ်ရှားကာ မိမိတို့ကိုယ်တိုင် မြန်မာစာ နှင့် မြန်မာစကားကို တတ်ကျွမ်းအောင် မအိပ်မနေ အရိုးကျေကျေ အရေခမ်းခမ်းကြိုးစားကြမည်သာဖြစ်သည်။

သာသနာဖွံ့ဖြိုးမှု သန့်သန့် အတွက်သာ ရည်ရွယ်ချက် သန့်ရှင်းစွာမထားဘဲ ပယောဂ ယှဉ်သည့် သာသနာပြုလုပ်ငန်းမျိုးကို ဆောင်ရွက်ကြသည်ဖြစ်ပါက ကျွန်ုပ်တို့မည်သို့မှ ပြောဆိုနိုင် တော့မည်မဟုတ်ပေ။ ၎င်းင်းတို့ ကြိုက်သောစာနှင့်စကားကို သုံးစေ၍ မြန်မာ့အသွင် ပျောက်အောင် မြန်မာမွတ်စ်လင်မ်တို့ကို ဖန်တီးပေးလာ ကြမည်သာ ဖြစ်ပေသည်။

မြန်မာစာကိုလည်း မရေးတတ်၊ မြန်မာစကားကိုလည်း မပြောတတ်၊ မြန်မာ့ယဉ်ကျေးမှုကိုလည်း စိုးစဉ်းမျှ နားမလည်ဘဲနှင့် အစ္စလာမ်သာသနာ ပြဿနာရပ်တို့၏ အဆုံးအဖြတ်ကို မြန်မာ မွတ်စ်လင်မ်တို့အတွက်ပေးရန် တာဝန်ယူဝံ့သူတို့မှာ သာသနာ ပညာရပ်ကိုမိုးထိအောင်ပင်တတ်နေစေကာမူ တလွဲ သတ္တိကောင်း၍ လူထူးလူဆန်းဖြစ်သည်ဟု ဆိုလျှင် မည်သူငြင်းနိုင်အံ့နည်း။

မြန်မာစိတ် မွေးပါမှ

“ရောမမြို့သို့ ရောက်နေစဉ် ရောမသားလိုကျင့်ရမည်”ဟု အဆိုရှိသည်။ ပန်ဂျပ်တွင် အခြေစိုက်နေ၍ သာသနာပြုလိုသူသည် ပန်ဂျာဗီစကားတတ်ရုံသာမက၊ ပန်ဂျာဗီစိတ်ပေါက်ဖို့ပင်လိုသည်။

အလားတူပင် ဘင်္ဂလားပြည်၌ အခြေစိုက်၍ အစ္စလာမ် သာသနာပြု လိုသူသည် ဘင်္ဂါလီစာနှင့် စကားကိုတတ်ရုံသာမက ဘင်္ဂါလီစိတ်ပေါက်ရပေမည်။ မုန်ညင်းဆီကို နှစ်နှစ်ခြိုက်ခြိုက် သုံးဝံ့ရပေလိမ့်မည်။ နံသည်ဟု ပယ်ထား၍မဖြစ်ပေ။

ထို့အတူပင် မြန်မာပြည်တွင် မြန်မာမွတ်စ်လင်မ်တို့အတွက် အစ္စလာမ်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးလိုသူတို့သည် မြန်မာပြည်၌ ဆောင်ရွက်သည့်အတွင်း မြန်မာစကားအစား အုရ်ဒူစကားကို ပြောရမှ၊နှမ်းဆီအစား ထောပတ်ကိုသုံးရမှ၊ ဆန်အစားဂျုံမှုန့်ကိုသုံးရမှ ဖြစ်မည်ဟူသော အယူအဆရှိနေလျှင် ထိုပုဂ္ဂိုလ်တို့၏လုပ်ငန်းမှာ အဘယ်မှာလျှင် အောင်မြင်နိုင်အံ့နည်း။

သာသနာကိုချစ်ပါလျက် အဘယ့်ကြောင့် အထက်ပါ အစွဲတို့ကို မစွန့်ပစ်နိုင်သနည်း။

ပယောဂမရှိသူမှန်လျှင် မြန်မာစာနှင့်မြန်မာစကားတို့ကို အားပေးရုံသာမက မိမိတို့ကိုယ်တိုင်က မြန်မာ့အလေ့အထသည် ကောင်းသည်၊ ကောင်းသည်နှင့်အမျှ နှစ်ခြိုက်သည်၊ ဤအလေ့အထ အတိုင်းပြုမူကျင့်သုံးခြင်းသည် သာသနာတိုးတက်မှုအတွက် အကူ အထောက်ဖြစ်စေလိမ့်မည်ဟုယုံကြည်လာကာမြန်မာစိတ်ပေါက်အောင် ကြိုးစားဆောင်ရွက်ကြမည်သာ ဖြစ်ပေသည်။

အမြင်ကျယ်နိုင်ငံခြားသား မွတ်စ်လင်မ်များ

ဤသို့ ကြိုးစားဆောင်ရွက်မှုများ မရှိဟုမဆိုလိုပါ။ မကြာ သေးမီက ဗမာပြည်သို့လာရောက်လည်ပတ်သွားသောအစ္စမာအီလီ ခိုဂျာအဖွဲ့ခေါင်းဆောင် ကရီမ်အာဂါခန်လည်း မြန်မာဝတ်စုံပုဆိုး တောင်ရှည်၊ ခေါင်းပေါင်းရင်ဖုံးအင်္ကျီနှင့် အခမ်း အနားတစ်ခုသို့ တက်ရောက်လာပုံကို သတင်းစာ၌ တွေ့လိုက်ရသည်။

ဤခေါင်းဆောင်၏ နောက်လိုက်များသည် မြန်မာနိုင်ငံ၌ ဘာသာရေးမှလွဲ၍ အခြားအချက်အလက်တို့တွင် မြန်မာတို့နှင့် တထေရာတည်းကျအောင် ပြုမူကျင့်သုံးနေထိုင်ကြသည်။ နာမည် သာမက ပြောဆိုသည့် စကားပင်လျှင် မြန်မာစကားဖြစ်နေသည်။ မွတ်စ်လင်မ်တို့အတွက် ကိုးကွယ်ယုံကြည်မှုနှင့် သာသနာ့စည်းကမ်း များသည် တစ်ခြား၊ ဒေသနှင့်လူမျိုးကို လိုက်၍ ဖြစ်ပေါ်သော ဘာသာ ရေးနှင့်မဆိုင်သည့် ယဉ်ကျေးမှု အစဉ်အလာ ဓလေ့ ထုံးစံတို့သည် တစ်ခြားဟု အမြင်ကျယ်စွာ ခွဲခြားနားလည်ကြရန် အချိန်ရောက်ပေပြီ။

အုရ်ဒူမှဆိုသော ကျွန်ုပ်တို့၏ဆရာကြီး အချို့တို့ကမူ အုရ်ဒူ စာသည် ယုံကြည်သူတို့၏ ဘာသာရေးစာ၊ မြန်မာစာသည် မယုံကြည်သူတို့၏ ဘာသာရေးဆန့်ကျင်သောစာဟု ယူဆလျက် ရှိနေသည်မှာ အစဉ်အလာ ထုံးစံ ဓလေ့နှင့် ယဉ်ကျေးမှု အချက် အလက်အချို့တို့ကို အစ္စလာမ်၏ စည်းကမ်းနည်းလမ်း ပညတ်ချက်များသဖွယ်ထည့်သွင်းသွန်သင်ပြသနေကြသည်မှာလည်း ကြေကွဲဖွယ် ကောင်းလှ၏။

တကယ့်အကြောင်းအရင်း

အထက်ပါ အစ္စမာအီလီ အဖွဲ့ကဲ့သို့ပင်အမြင်အကျယ်သော နိုင်ငံခြားသား မွတ်စ်လင်မ်အချို့ရှိနေသေးသည်မှာလည်း ကျွန်ုပ်တို့ အဖို့ နှစ်သိမ့်ဖွယ်ရာဖြစ်သည်။ သို့ရာတွင် အမြင်မကျယ်သူတို့၏ အားကများနေသောကြောင့်၊ကျွန်ုပ်တို့အဖို့မှာ မြန်မာစကား၊ မြန်မာ စာပေနှင့်မြန်မာ့ယဉ်ကျေးမှုတို့ကို စွန့်လွှတ်မှ မွတ်စ်လင်မ်ဖြစ်နိုင်သည် ဟူသော ယုံကြည်မှုကိုရောက်အောင် အတင်းတွန်းပို့လျက်ရှိသော မကောင်းဆိုးဝါးအားကြီးကို ဖြစ်နိုင်သည့်နည်းနှင့် တွန်းလှန်ဖြိုခွင်း ချေမှုန်းလမ်းလွှဲရပေမည်။

အဘယ်ကြောင့်နည်း။

နိုင်ငံခြားသား မွတ်စ်လင်မ်များကို မလိုလား မနှစ်မြို့၍လုံးဝ မဟုတ်ပါ။၎င်းင်းတို့၏ ကျေးဇူးများကို ကျွန်ုပ်မမေ့သေးပါ။ အုရ်ဒူစာပေ ကိုမချစ်၍မဟုတ်ပါ။အလွန်ကြွယ်ဝသောဤဂန္ဓ၀င်စာပေကိုတတ် အားသမျှ လေ့လာကြရပါမည်။

အကြောင်းရင်းမှာ ကျွန်ုပ်တို့ သာသနာကို သဘောပေါက် နားလည်နှစ်ခြိုက်စွာ လိုက်နာကျင့်သုံးနိုင်ရန်နှင့် ဗမာပြည်တွင် နှစ်ရှည်လများ ဘိုးစဉ်ဘောင်ဆက်ကတည်းက သပ္ပာယမျှစွာ မွတ်စ်လင်မ်မဟုတ်သည့် တိုင်းရင်းသားတို့နှင့် ဒိုးတူပေါင်ဖက် အေးအတူပူအမျှ နေထိုင်လာခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏ဘ၀ တည်မြဲရေးအတွက်သာဖြစ်ပေသည်။

ဤအချက်ကို ကျွန်ုပ်တို့၏ ညီနောင်များဖြစ်သော နိုင်ငံခြားသား မွတ်စ်လင်မ်၊ နိုင်ငံခြားသား စိတ်ပေါက်နေသော တိုင်းရင်းသား မွတ်စ်လင်မ်တို့ နားလည်ကြစေချင်ပါသည်။ နားလည် နိုင်အောင်လည်းကူညီတော်မူပါဟု အရှင့်ထံ ရိုးသားစွာ ဆုတောင်းမိပါသည်။

ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်

အတွင်းရေးမှူးချုပ်(၁၉၅၆-၁၉၇၀)

အစ္စလာမ်သာသနာရေးကောင်စီဌာနချုပ်

ရက်စွဲ ။ ။၁၉၆၀ပြည့်နှစ်၊မတ်လ၊(၂၅

(ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရေး အစ္စလာမ့်ဖြစ်စဉ်သမိုင်း အမှာစာမှ ကောက်နှုတ်ဖော်ပြပါသည်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s