Two black cronies are sponsors on Anti-Muslim Atrocities

Maung Maung
. . . ခရိုနက်ကြီးက နှစ်ကောင်တောင်မှတဲ့

နိုင်ဂံဂျားက မရှိတဲ့တက္ကသိုလ်က ဝယ်ထားတဲ့ အင်ဘွဲ့ကြီးတကားကားနဲ့ ရွေးကောက်ပွဲအကြိုမှာ ပိုက်ဆံတွေကို ဘုန်းကြီးပျံမှာကြဲသလိုကြဲပြလိုပြမိကျောင်းမျက်ရည်တွေကျပြလိုပြ
တိရစ္ဆာန်အကောင်ကြီးကြီးတက်စီးပြီးယတြာတွေချေလိုချေ လုပ်ခဲ့ပေမဲ့
မဲမရဘဲ ဟက်တက်ကွဲခဲ့တဲ့လူကြီးရယ်
ဆယ်လီလေးတစ်ယောက်နဲ့အိုကေမှာ စိုပြေတာနဲ့ အာကာသထဲကို ဟန်းမွန်းနီးထွက်မယ်ကွ လို့ ကြုံးဝါးပြီး မာန်တက်နေတဲ့သူကြီးရယ်
အဲဒီနှစ်ယောက်က စပွန်ဆာတာပါတဲ့။

Khin Maung Htwe

“အဲဒီနေ့ကဆေးခန်းကိုလူနာအလာနည်းခဲ့တယ်”

* * * * * * * * * * * * * * * * * * * * * * * * * *

အလိုလေးဗျာ . . .
အံ့သြစရာကောင်းချက်
လူနာတွေ တစ်ယောက်ပြီးတစ်ယောက်
လာထား အာဘွား
အိုးအို . . . ယောင်သွားပြန်ပါပြီ
အကျွန်ုပ်နှယ်နော် . . .
ပြန်ပြောပါ့မယ်
တကယ်ကြီးကိုမှတကယ်ကြီး
မနက် ၈ နာရီကတည်းကစပြီး
လူနာတွေ
တစ်ယောက်ပြီးတစ်ယောက် ကြည့်လာလိုက်တာ
၈၅ ယောက်မြောက်ကိုကြည့်အပြီးမှာ ဆရာမလေးကို
“လူနာထပ်သွင်းလေ” လို့ပြောတော့
“ကုန်ပြီဆရာ . . . ဒါအကုန်ပဲ” တဲ့ . . .
ည ၇ နာရီတောင်မထိုးသေးဘူး။
ဘုရားရေ . . . အံ့ဘွယ်သုတ . . . အဲ့ဒါက ၂၀/၅/၂၀၁၇ စနေနေ့
ရန်ကုန် လှိုင်သာယာက ကုသိုလ်ဖြစ်ဆေးခန်းလေးမှာပေါ့ ခင်ဗျာ။

မောင်ထွေးတစ်ယောက် ဒီကုသိုလ်ဖြစ်ဆေးခန်းလေးမှာ
တစ်ပတ်ကိုတစ်ရက် လုပ်အားဒါနပြု ကုသိုလ်ယူပြီး လူနာတွေကုပေးနေတာ ၃ နှစ်တောင်ပြည့်လုပေါ့ခင်ဗျာ့။
လွန်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်း မောင်ထွေးကြည့်ပေးတဲ့ နေ့တွေမှာ လူနာဦးရေ ၁၀၀ မကျော်တဲ့နေ့ တစ်နေ့မှ မရှိဖူးသေးဘူး။
အခုတော့ ဒီနေ့မှာတော့ . . .
ကလေးတွေပြောကြသလို
ဟွန့် ဘိုဖစ်ပါလိမ့် ပေါ့ဗျာ . . .
အံ့ကလည်းသြ သိကလည်းသိချင်နဲ့
အနည်းငယ်စပ်စုဦးမှပါလေ ဆိုပြီး
လူနာစာရင်းတွေလှန်လှောမိတာပေါ့။
အင်း . . . စာရင်းတွေ စာရင်းတွေ
လူနာတွေ လူနာတွေ . . .
ကျွန်ုပ်ရဲ့ချစ်လှစွာသော လူနာတွေ . . .
ဒီဆေးခန်းမှာ မောင်ထွေးကိုလာပြကြတဲ့လူနာတွေ
မနည်းလှဘူးပြောရမယ်ခင်ဗျာ့ . . . ကြီးငယ်ရွယ်လတ်ကျားမပျိုအို အရွယ်စုံဆိုက်စုံပြသနာစုံ . . .
ဘယ်တွေကလာကြဆိုတော့
လှိုင်သာယာက နယ်ခံတွေသာမက
မလှမ်းမကမ်းတွေ ခပ်ဝေးဝေးတွေ မြို့နယ်ခြား တိုင်းခြား ပြည်နယ်ခြားတွေလည်းပါလေရဲ့ . . .
လူသတင်းလူချင်းဆောင်လို့
ပြန်လည်ကြားသိရတာကတော့
“အဲ့ဆရာဆီသွား သဘောကောင်းတယ်” (တကယ်တော့ ဒီဆေးခန်းက ဆရာဝန်ကြီးတွေ အားလုံးက လွှတ်သဘောကောင်းတာ) . . . “ရီစရာတွေလည်း သိပ်ပြောတာဟဲ့ . . . ဟားငါးကောင် ထက်သာတယ်” (ဒါကတော့ ငယ်လေးထဲက ဂယ်လို့များ ဆေးကျောင်းအမှတ် မမီရင် ဇာတ်ထဲ လိုက်မယ်ဆိုပြီး လေ့ကျင့်ထားလို့နေမှာ) . . . စသဖြင့်ပေါ့လေ . . . ရွာသူအချင်းချင်း နယ်သား အချင်းချင်း ချွန်တွန်းလုပ်ကြ တယ်တဲ့ . . .
အဲ့ဒါကြောင့် ခုလိုစုပြုံတိုးကြတာဆိုဘဲ . . . သွာ့သူဘိုဖစ်ဖစ်ပေါ့နော် . . . အဲလေ . . . သူ့ဟာသူ ဘယ်လိုဖြစ်ဖြစ် ဘာကြောင့်ပဲလာလာ ကိုယ့်ယုံလို့ အားကိုးလို့ လာလို့ကတော့ မောင်ထွေးတို့က
လာထား . . .
ကြည့်ပစ်လိုက်မှာ . . .
အယ် . . . ကြော်ငြာဝင်တာများသွားပြီ
အခုနက ဘယ်နားရောက်သွားပါလိမ့် . . . အဲ . . . လှန်နေတာ . . . လှန်ကြည့်နေတာ . . . လူနာစာရင်းကိုပါဗျာ တလွဲမတွေးကြပါနဲ့နော့
မောင်ထွေးကြည့်ပေးထားတဲ့ လူနာစာရင်း . . . များများလှန်မကြည့်အားပါဘူး . . .
၃ ရက်စာလောက်ပဲကြည့်ဖြစ်တာပါ
မေလ . . . ၆ရက် ၁၃ရက် ၂၀ရက် စနေနေ့တွေမှာ စုစုပေါင်းလူနာက ၁၃၆ – ၁၁၀ – ၈၅ အဲဒီထဲမှာ အဟောင်းက ၁၂၅ – ၉၅ – ၄၆ အသစ်က ၁၁ – ၁၅ – ၃၉ လို့တွေ့ရပါတယ်။ ဘယ်အရပ်ဘယ်ဒေသတွေက
လာကြတာလဲ ပြောပြချင်ပါသေးတယ် . . .
မေ ၆ရက် လူနာဟောင်း ၁၃၆ ဦးမှာ ရန်ကုန်တိုင်းက လှိုင်သာယာ ၉၅ တွံတေး ၁၀ စမ်းချောင်း ၎
သာကေတ ၂ အင်းစိန်နဲ့ ထန်းတပင် ၁ ဦးစီ ဧရာဝတီတိုင်းက ညောင်တုန်းနဲ့ ကျိုက်လတ် ၃ ဦးစီ ဝါးခယ်မ မအူပင် လပွတ္တာ ဘိုကလေးနဲ့မော်လမြိုင်ကျွန်း ၁ ဦးစီ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ၁ ဦးတို့ ဖြစ်ကြပါတယ်။ လူနာသစ် ၁၁ ဦးမှာ ရန်ကုန်တိုင်းက လှိုင်သာယာ ၄ တွံတေး ၂ ထန်းတပင် ၁ ဧရာဝတီတိုင်း လပွတ္တာနဲ့ ရခိုင် ပေါက်တော ၂ ဦးစီ ဖြစ်ပါတယ်။ နယ်လူနာအားလုံးလိုလိုဟာ မြို့ပေါ်ကမဟုတ်ဘဲ ကျေးရွာများကဖြစ်ကြပါတယ်။
မေ ၁၃ ရက် လူနာဟောင်း ၉၅ ဦးမှာ
ရန်ကုန်တိုင်း လှိုင်သာယာ ၈၀ အင်းစိန် ၅ စမ်းချောင်း ၄ တွံတေးနဲ့ ထန်းတပင် ၁ ဦးစီ ဧရာဝတီ ဖျာပုံက ၂ ဦး ရခိုင်ပြည်နယ် ပေါက်တောနဲ့ မွန်ပြည်နယ် မော်လမြိုင် ၁ ဦးစီ ဖြစ်ကြပြီး အသစ် ၁၅ ဦးမှာ ရန်ကုန် လှိုင်သာယာ ၉ အင်းစိန် ၂ တောင်ဥက္ကလာပ ၁ ဦး ဧရာဝတီတိုင်း ပန်းတနော် ရခိုင်ပြည်နယ် တောင်ကုတ် နဲ့ မကွေးတိုင်း ပခုက္ကူ တို့က ၁ ဦးစီ ဖြစ်ကြပါတယ်။
မေ ၂၀ ရက် လူနာဟောင်း ၄၆ ဦးမှာ ရန်ကုန် လှိုင်သာယာ ၃၅ အင်းစိန် ၃ တွံတေး ၂ တောင်ဥက္ကလာပ ၁ ဧရာဝတီ လပွတ္တာ ၄ နဲ့ မအူပင် ၁ဦး အသစ် ၃၉ ဦးမှာ ရန်ကုန် လှိုင်သာယာ ၁၉ အင်းစိန် ၅ လှိုင် ၂ ကြည့်မြင်တိုင်နဲ့ မှော်ဘီ ၁ဦးစီ ဧရာဝတီတိုင်း လပွတ္တာ ၂ ဦး ညောင်တုန်း ဝါးခယ်မ မအူပင် မော်လမြိုင်ကျွန်းနဲ့ ကျောင်းကုန်း ၁ဦးစီ ရခိုင်ပြည်နယ် သံတွဲ ၃ ဦးနဲ့ အမ်း ၁ ဦးတို့ ဖြစ်ကြပါတယ်။
လူနာအများစုက နာတာရှည် တွေဖြစ်တဲ့ သွေးတိုး ဆီးချို နှလုံး လေဖြတ် လေးဘက်နာ စတဲ့ ဆေးပြတ်လို့ မရတဲ့သူတွေဆိုတော့ ၂ ပတ် ၄ပတ်ဆိုသလို ရက်ချိန်း ပေးပြီး ပြန်ကြည့်ပေးရပါတယ်။ လူနာလက်ခံရာမှာ လက်ရှိကျင့်သုံး နေတဲ့စနစ်အရ ရက်ချိန်းရပြီးသူ လူနာဟောင်းတွေဟာ မနက် ၇ နာရီ အရောက် စာအုပ် လာထပ် စာရင်းပေးရပြီး စာရင်းဝင်သူအားလုံးကို ကြည့်ပေးပါတယ်။ အသစ်ပြလိုသူတွေကတော့ တန်းစီရပါတယ်။ တစ်နေ့လုံးကြည့်ဘို့ လူဦးရေ ၁၂၀ ပြည့်အောင် ရက်ချိန်းပြန်လာတဲ့လူနာစာရင်းနဲ့ညှိပြီး လူနာသစ်ကိုလက်ခံရပါတယ်။ လူနာဟောင်းတွေက သိပ်များတော့ တစ်ပတ်တစ်ပတ်မှာ လူနာအသစ်ကို နည်းနည်းပဲ လက်ခံနိုင်ပါ တယ်။ အဝေးကလူနာသစ်တစ်ချို့ဟာ သိပ်ပြချင်ရှာကြတော့ နီးစပ်ရာ ဆွေမျိုးအိမ်တို့ ဘုန်းကြီးကျောင်းတို့မှာ တစ်ပတ်နှစ်ပတ် တည်းခိုပြီး စောင့်ပြကြပါတယ်။ တစ်နေကုန် ကြည့်ဘို့ လူဦးရေ ၁၂၀ သတ်မှတ်ထား ပေမယ့် သံဃာတော် သီလရှင် သက်ကြီးဘိုးဘွား ရောဂါသည်းသူနဲ့ဒုက္ခိတလိုမျိုးတွေရောက်လာရင်လည်း
လက်ခံကြည့်ပေးရတာမို့ ဦးရေ ၁၂၀ထက် ကျော်လေ့ရှိ ပါတယ်။
မောင်ထွေးတစ်ယောက်ဟာဖြင့်
အဲဒီနေ့တွေမှာ အိမ်က မနက် ၇နာရီ မထိုးခင်ထွက် ည ၁၀နာရီကျော်မှ ပြန်ရောက် အသွားအပြန် ကားကို ကိုယ်တိုင်မောင်းရ ဆိုတော့ . . . .နည်းနည်းတော့ပင်ပန်း. . . အဲ . . . နည်းနည်းလေး . . . ပါးပါးလေးပါ . . .
နိစ္စဓူဝ ဝတ္တရားတစ်ခုလိုဖြစ်သွားပြီး
ကိုယ်အင်မတန်ဝါသနာပါတဲ့အလုပ် ဖြစ်နေလေတော့ ပင်ပန်းလှတယ်လို့ လည်း မထင်မိပါဘူးဗျာ။ ကိုယ်ထင်တိုင်းကြဲနိုင်အောင် မငြီးမငြူ ဝိုင်းကြဝန်းကြ ကူညီကြတဲ့ ဆေးခန်းကသမီးငယ်များရဲ့ စေတနာနဲ့ လုပ်အားသာမပါရင်တော့ ဒီလိုမျိုး ဘယ်လုပ်နိုင်ပါ့မလဲ ဝေလာဝေးပါ့။
ပြောရင်းနဲ့ ကြော်ငြာတွေပါလာပြန်ပြီ ဗျို့ . . . လှန်ထားတာလေးတွေ ပြန်ကြည့်ကြဦးစို့ရဲ့ . . .
မေ ၂၀ ရက်မှာ ထူးထူးခြားခြားတွေ
ဘာတွေပါလိမ့် လိုက်ရှာဦးမှ . . .
စုစုပေါင်းလူနာက မကြုံစဖူး ၁၀၀ အောက် . . .
ပြီးတော့ . . .
လှိုင်သာယာမြို့ခံတွေ ကြည့်ဦးမယ် ဘယ်လောက်လာကြပါလိမ့် . . .
မေလ ၆ရက် ၁၃ရက် ၂၀ရက်တွေမှာ
လူနာဟောင်း ၉၅ – ၈၀ – ၃၅ ဆိုတော့
နှစ်ပတ်မှာ သုံးချိုးတစ်ချိုးနီးနီးထိုးကျသွားပြီး
လူနာသစ် ၄ – ၉ – ၁၉ ဖြစ်နေတော့
နှစ်ပတ်မှာ ငါးဆနီးနီးတက်လာတာ တွေ့ရပါတယ်။ သေချာမေးမြန်းကြည့်တော့ ရက်ချိန်းပေးထားတဲ့ မြို့ခံလူနာဟောင်းတွေအများစုက မလာကြလို့ အသစ်လာတန်းစီတဲ့ မြို့ခံ ၁၉ဦးလုံးလက်ခံနိုင်ပြီး အခြားမြို့နယ်တွေ တိုင်းတွေပြည်နယ်တွေကလာစီတဲ့ အသစ် ဦးရေ ၂၀ လုံး ကိုလည်းလက်ခံနိုင်လိုက်တာ ပါတဲ့။ အရင်အပတ်တွေလို လူနာသစ် ၁၀ ယောက် ကျော်သာလက်ခံလို့ကတော့ စုစုပေါင်းလူနာဦးရေ ၆၀ ဝန်းကျင်ပဲ ရှိမှာပါတဲ့။
အံ့ဘွယ်သုတပါတကား . . .
ခါတိုင်းမှာ ပရွက်အုံဒုတ်နဲ့ထိုးသလို အုံးအုံးထအောင် လာအားပေးကြတဲ့ လှိုင်သာယာမြို့ခံလူနာတွေ . . .
ခုတော့ ခုတော့
ဘယ်သူ့နားရောက်သွားသလဲ . . .
ဘယ်များရောက်သွားသလဲ . . .
ဆို . . . ဆို . . . ဆို . . . ဆို . . .
ဝေါင်း . . . (ကျားဟိန်းသံမဟုတ်ပါ အပျိုမလေးတွေလို အာမေဋိတ်ကြည့် လိုက်တာပါဗျာ) ခိုင်ထူးသီချင်းဖြစ်သွားပြန်ပေါ့
ယောင်လို့စ် ယောင်လို့စ် . . .
အင်း . . . သင်းတို့မလာ ဘဇာအကြောင်းပါလိမ့် ဆားပုလင်းနှင်းမောင်လုပ်ဦးမှ တော်လှချေရော့မည် ဆိုပြီး
ဆေးကောင်တာမှာရှိနေသေးတဲ့
မြို့ခံလူနာတစ်ချို့ဆီမှာ စပ်စုမပုလုပ်လိုက်တော့မှ
သြော့်သြော် . . . ဂလိုကိုး လို့
သိလိုက်ရပါတော့တယ်ခင်ဗျာ . . .

အကြောင်းကဒီလိုပါတဲ့ခင်ဗျား . . .
စနေနေ့ ဆေးခန်းဖွင့်ရက်မတိုင်ခင် သောကြာနေ့(မေ ၁၉ရက်) မနက်ပိုင်း မှာ ရပ်ကွက်ထဲကလူများကို လာခေါ်ပါသတဲ့ ဘာသာရေးကို ဘာလုပ်တယ် ဆိုလား အဲ့လိုအဖွဲ့မျိုးတစ်ခုက တဲ့ . . . နေပြည်တော်ကို အခု လိုက်ခဲ့ ကြပါ၊ ည ဟိုရောက်မယ် ညအိပ်ပြီး နောက်နေ့မနက်မှာ သူတို့ဟောတဲ့ ပြောတဲ့နေရာမှာ လူလုံးပြပေး၊ အော်ခိုင်းတာလေး နည်းနည်းပါးပါး အော်ပေး ပြီးရင် နေပြည်တော်တစ်ခွင် ပြဲပြဲစင်အောင် ဘုရားစုံနဲ့ လည်စရာ ပတ်စရာတွေ လိုက်ပို့ပေးဦးမှာ ညပိုင်း ရန်ကုန်အရောက်ပြန်ပို့ပေးမှာ ခရီးစဉ် အစကအဆုံးထိ တောက်လျှောက် ဒန်ပေါက်ကျွေးမှာ ပို့ဆောင်ခက ဖရီးနဲ့ လိုက်တဲ့သူမှန်သမျှ လူဆိုရင် တစ်ယောက်ကို ကျပ်နှစ်သောင်း သင်္ကန်းဝတ်ဆိုရင် တစ်ပါးကို ကျပ်သုံးသောင်း ပေးမှာပါတဲ့။ လူတွေ အများကြီးရသလောက်ကိုခေါ်တာတဲ့။
ဒီလောက်ပိုက်ပိုက်တွေအကုန်ခံပြီး လုပ်တာဆိုတော့ . . . အင်း . . . မဟုတ်မှလွဲရော ဟိုခရိုနီခရိုနက် တွေနဲ့ သူတို့နောက်ကွယ်က ဘလက်ဟင်န်းကြီးတွေရဲ့ စနက်ပဲ ဖြစ်ရမယ်ဆိုပြီး နှင်းမောင်အက်ပ်လေး ကို ဆက်ကစားလိုက်တော့ . . . ခရိုနက်ကြီးက နှစ်ကောင်တောင်မှတဲ့
နိုင်ဂံဂျားက မရှိတဲ့တက္ကသိုလ်က ဝယ်ထားတဲ့ အင်ဘွဲ့ကြီးတကားကားနဲ့ ရွေးကောက်ပွဲအကြိုမှာ ပိုက်ဆံတွေကို ဘုန်းကြီးပျံမှာကြဲသလိုကြဲပြလိုပြ
မိကျောင်းမျက်ရည်တွေကျပြလိုပြ
တိရစ္ဆာန်အကောင်ကြီးကြီးတက်စီးပြီး
ယတြာတွေချေလိုချေ လုပ်ခဲ့ပေမဲ့
မဲမရဘဲ ဟက်တက်ကွဲခဲ့တဲ့လူကြီးရယ်
ဆယ်လီလေးတစ်ယောက်နဲ့အိုကေမှာ စိုပြေတာနဲ့ အာကာသထဲကို ဟန်းမွန်းနီးထွက်မယ်ကွ လို့ ကြုံးဝါးပြီး မာန်တက်နေတဲ့သူကြီးရယ်
အဲဒီနှစ်ယောက်က စပွန်ဆာတာပါတဲ့။

အောင်မြတ်လေး ထူးဆန်းလိုက်တာ ထူးဆန်းလိုက်တာ လို့ တတော့မလို့ စိတ်ကူးရုံရှိသေး ချက်ချင်းဆိုသလို
သတိရမှတ်မိသွားတယ်ဗျာ . . .
ဟင် ဒါကြီးက ဓာတ်ပြားဟောင်းကြီး ရိုးအီနေတဲ့ ကလေးကွက်ကြီး။
၁၉၉၀ ဝန်းကျင်က ၂၀၀၀ ခုနှစ် ဝန်းကျင်က ၂၀၁၅ ဝန်းကျင်က ရွေးကောက်ပွဲအကြိုကာလတွေမှာ
ဂိမ်းအိုဗာသွားတဲ့ ပါတီကျားသေကြီးတွေကို အသက် သွင်းချင်တဲ့အခါ
လူမှုရေးယောင်ယောင် ဘာယောင်ယောင်အဖွဲ့မျိုးကို လူရာဝင်အောင် လုပ်ပေးချင်တဲ့အခါ
ပြည်သူလူထုက အသည်းစွဲချစ်တဲ့သူတွေကို မနာလိုတိုရှည်တွေနဲ့ သိက္ခာချလိုတဲ့အခါ
ဘယ်ပြည်သူကမှ အထင်မကြီးတဲ့ မယုံကြည်တဲ့ လူတွေကို စန်းတင်ချင်တဲ့အခါတွေမှာ လုပ်တတ်လေ့ရှိတဲ့
အတုအယောင်ထောက်ခံပွဲတွေ ကန့်ကွက်ပွဲတွေဟာ မောင်ထွေးတို့ပြည်သူတွေအဘို့ စောဖေကနောကြေ
နေပြီ ဆိုသလိုပါ့။
ငွေပေးလို့ ခဏလိုက်လာတဲ့ လူအင်အားကိုကြည့်ပြီး ကျေနပ်နေ ဝမ်းသာနေ အဟုတ်ကြီးမှတ်
နေကြတာလည်း ရှိသေးဗျား။
အရေးရယ် အကြောင်းရယ်ဆို ကိုယ့်နားမှာ ကိုယ့်ဘက်မှာ လောက်လောက်လားလား ဘယ်သူမှ မရှိတတ်တော့ဘူးဆိုတာလည်း အကြိမ်ကြိမ်ကြုံဖူးကြပါလျက်နဲ့
သင်ခန်းစာမယူတတ်ကြဘူးနော်။
တစ်နေ့လုံးအလုပ်လုပ်မှ ကျပ်၂၀၀၀ တောင် မရနိုင်သူတွေအများစု ရှိနေတဲ့ နေရာမှာ ၂ရက်အတွင်း စားရိတ်ငြိမ်း ၂၀၀၀၀ အေးအေးဆေးဆေး ရလို့ကတော့ ကပြီးလိုက်မယ်ဆိုတာ သိပ်သေချာတာပေါ့။
မိသားစု ၅ ယောက်ရှိရင် လူကုန်လိုက် တစ်သိန်း
ထွေလီကာလီ ဘာစဉ်းစားနေလိမ့်မလဲပေါ့ဗျာ။

ဟုတ်ပါပြီချစ်မိတ်ဆွေတို့ရေ . . .
တွေ့တာကြုံတာတွေကို ဒီလောက်ရှည်ရှည်ဝေးဝေး
ပြောပြဖြစ်သွားပြီးနောက်မှာတော့
အသိပွားစရာ သတိထားစရာ သတင်းစကားလေးနဲ့ပဲ နိဂုံးချုပ်လိုပါတယ်။
သိပြီးဖြစ်လောက်ပေမယ့်
မမေ့မလျော့ မပေါ့ကြစေချင်ပါ။

သူတို့အုပ်စုကွက်ကွက်ကလေးသာ အဆင်ပြေစေပြီး ဘယ်သူ့အတွက်မှ ထည့်မတွက်ခဲ့တဲ့ အာဏာရူးတွေနဲ့ သူတို့ရဲ့လက်ဝေခံ ခေတ်ပျက်သူဌေးတွေကြောင့်ပဲ အသိပညာနည်းပြီး ဆင်းရဲနေတဲ့ ပြည်သူတွေ ပေါများလာခဲ့ရတယ်။ ဒီပြည်သူတွေဆီက မတရား
ရယူထားတဲ့စည်းစိမ်ဥစ္စာတွေနဲ့ပဲ ရေတွက်ခြင်းငှာ မစွမ်းသာလောက်အောင် သူတို့ချမ်းသာနေကြတယ်။ သူတို့ကြောင့်ဆင်းရဲနေတဲ့ပြည်သူတွေကို ဒီပြည်သူတွေဆီကယူထားခဲ့တဲ့ငွေအနည်းအကျဉ်းကိုပဲ ပြန်လည်အသုံးပြုပြီး သူတို့ရဲ့သြဇာအာဏာ ထူထောင်ရေး တကြော့ပြန်လွှမ်းမိုးနိုင်ရေးတွေအတွက် ခုတုံးလုပ် အသုံးချနေကြတယ်။ တကယ့်မျိုးချစ်စိတ် တိုင်းချစ်ပြည်ချစ်စိတ်ရှိသူတွေက နိုင်ငံနဲ့ပြည်သူ တစ်ရပ်လုံးအတွက် ခက်ခက်ခဲခဲပြောင်းလဲ
တည်ဆောက်နေကြချိန်မှာ အခုချိန်ထိ ဓနဥစ္စာ တောင့်တင်းနေသေးတဲ့ နောက်လိုက်နောက်ပါ ငမိုက်သားတွေ ကြေးစားတွေ မြောက်မြားစွာ ရှိနေသေးတဲ့ လက်မည်းကြီးတွေက ဖျက်လိုဖျက်ဆီးလုပ်နေကြဦးမှာပါ။ ကန့်လန့်တိုက်နေကြဦးမှာပါ။
မစားရတဲ့အမဲ သဲပက်ကြဦးမှာပါ။
သူတို့လက်တံတွေ ရှည်နေဆဲပါ။
သူတို့ခြေလှမ်းတွေ ကျဲနေဆဲပါ။
သတိကြီးကြီးထားနိုင်လွန်းပါမှ
တော်ကာကျပါလိမ့်မယ်။
မဟုတ်လို့ကတော့
ခေတ်ဟောင်းခေတ်ဆွေး ခေတ်ပျက်ခေတ်ကြပ်ကြီးထဲမှာ
အနည်းဆှုံး ရာစုနှစ်တစ်စုလောက်
မောင်ထွေးတို့ပြည်သူတွေ တဝဲလည်လည်နဲ့
ဆက်ပြီးငရဲခံကြရပါလိမ့်ဦးမယ်
ဆိုတဲ့အကြောင်းပါ။ ။

မေတ္တာဖြင့်

သျှင်ကြီးထွေး(ဆေး/မန်း)
၀၁း၀၀ နာရီ ၂၅/၅/၂၀၁၇

နောက်ဆက်တွဲသတင်းကြားသိရတာက
လိုက်ပါသွားသူများကို မူလကတိထားခဲ့တဲ့အတိုင်း
ငွေရှင်းမပေးလို့ ဆူဆူညံညံဖြစ်နေတဲ့အကြောင်းပါ။

အဲဒီလူတွေဟာ သူတို့ကလွဲပြီး ကျန်တဲ့လူတွေကို
ဒုတိယတန်းစားနိုင်ငံသားတွေအဖြစ်
သဘောထားလေ့ရှိကြပြီး
ငါတို့လုပ်သမျှခံရမယ့်လူတွေလို့ ယုံကြည်လေ့ရှိကြပါတယ်။
ပိန်းတဲ့အပြင် ယုတ်ကန်းကြပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s