စစ်အာဏာရှင်လက်ထွက် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းဟာ စေတနာမှန်ရဲ့လား

စစ်အာဏာရှင်လက်ထွက် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းဟာ စေတနာမှန်ရဲ့လား

ဇွန် ၅၊ ၂၀၁၇ M-Media

မြန်မာအစိုးရ၊ ကိုယ့်မင်းကိုယ်ချင်း စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေအကြား လက်ရှိဆောင်ရွက်နေတဲ့ ညှိနှိုင်းဆွေးနွေးမှုအတွင်းမှာ သဘောတူညီချက်မရတဲ့ အဓိကအချက်တစ်ချက်က တောင်တန်းဒေသတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဘယ်လောက်ပေးမလဲ၊ ဗဟိုက ချုပ်ကိုင်ထားတဲ့ အာဏာကို တိုင်းရင်းသားအုပ်စုတွေအကြား ဘယ်လောက်ခွဲပေးမလဲဆိုတဲ့ ကိစ္စတွေဖြစ်ပါတယ်။

မကြာသေးမီးကာလအတွင်း ရွေးကောက်ပွဲတွေ၊ အရပ်သားတစ်ပိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ လုပ်ခဲ့ပေမယ့် တပ်မတော်လို့ခေါ်တဲ့ စစ်တပ်ဟာ နိုင်ငံအတွင်းမှာ အာဏာအရှိဆုံးအဖွဲ့အဖြစ် ရှိနေဆဲပါ။ စစ်တပ်က စော်ကားနှိပ်စက်မှုတွေ၊ စာနာထောက်ထားမှု ကင်းမဲ့တာတွေ ရှိနေတယ်လို့ တစ်လျှောက်လုံး ပြောလာတာတွေအပါအ၀င် တိုင်းရင်းသားလူနည်းစုတွေ ခံစားနေရတဲ့ ဒုက္ခ၊ သုက္ခတွေကို စစ်ခေါင်းဆောင် အဆက်ဆက်က အရေးမစိုက်ဘဲ၊ လစ်လျူရှုခဲ့ပြီး ဒါကပဲ လက်နက်ကိုင် ပဋိပက္ခတွေကို ရှည်ကြာစေခဲ့ပါတယ်။

ဒီအခြေအနေတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ကြိမ်းပမ်းမှုအထိ ရိုက်ခတ်ခဲ့ပါတယ်။ မေလ ၂၄ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားတွေအကြားမှာ ရှိနေတဲ့ “အထင်မှား
မှုတွေ၊ နားလည်မှုလွဲတာတွေ” က “လက်နက်ကိုင် ပဋိပက္ခတွေကို ဦးတည်စေပြီး” ဒါတွေကို စွန့်လွှတ်ဖို့ လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် လွတ်လပ်တဲ့မြန်မာနိုင်ငံမှာ ကိုလိုနီလက်ကနေ လွတ်လပ်ရေးယူတဲ့အခါ တစ်ပါတည်း အမွေရလာတဲ့ ပြသနာတော်တော်များများကိုတော့ စစ်တပ်က မဖြစ်မနေ လက်ခံရပါမယ်။ ၁၉ ရာစု နယ်ချဲ့တွေ မရောက်ခင် အရင်ကတည်းက ပဋိပက္ခတွေ အမြစ်တွယ်နေပြီး သဘောသဘာဝ မတူကြတဲ့ လူမျိုးတွေကိုြ
ဗိတိသျှ ကိုလိုနီအစိုးရက ပေါင်းပစ်လိုက်ပါတယ်။

ဗြိတိသျှဟာ ရာစုနှစ်ချီ ကြာမြင့်ခဲ့တဲ့ ဒီ လူမျိုးစုတင်းမာမှုတွေကို အမြတ်ထုတ်ပြီး ခွဲခြားအုပ်ချုပ်ရေးနစ် (divided-and-rule fashion) ကို ဖော်ဆောင်ခဲ့ပါတယ်။ ဗဟိုက လုံးဝချုပ်ကိုင်ထားတဲ့ နိုင်ငံရေးစနစ်မှာ ဗမာလူမျိုးတွေသာ အုပ်စိုးရေးဆိုတဲ့ အခြေအနေတစ်ခုကို ထိန်းသိမ်းဖို့အတွက် အဲဒီနည်းစနစ်ကို မြန်မာစစ်တပ်က နောက်ပိုင်းမှာ မွေစားခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး စေတနာမမှန်တဲ့ ချဉ်းကပ်မှုမှာ မြန်မာနိုင်ငံဟာ ‘တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိရာ’ နိုင်ငံဖြစ်တယ်ဆိုပြီး စစ်တပ်က ကြွေးကျော်တာကိုလည်း ထင်ထင်ရှားရှား မြင်ရပါတယ်။

ဒါပေမယ့် ‘လူမျိုး’ ဆိုတာ စစ်တပ်က အမှန်တကယ် ဘာကို ဆိုလိုလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အချို့က အခိုင်အမာ ပြောဆိုထားပြီး ၂၀၁၄ ခု သန်းခေါင်စာရင်းကောက်ယူမှုမှာ အခြေခံအဖြစ် သတ်မှတ်ထားတဲ့ ဒီ လူမျိုး ၁၃၅ မျိုးဆိုတာ ဗြိတိသျှကိုလိုနီခေတ်မှာ မရှိခဲ့
ပါဘူး။ ဗြိတိသျှအုပ်ချုပ်မှုအတွင်း နောက်ဆုံးကောက်ယူခဲ့တဲ့ ၁၉၃၁ ခုနှစ် ‘အိန္ဒိယ သန်းခေါင်စာရင်း’ အရ မြန်မာနိုင်ငံမှာ တရုတ်နဲ့ အိန္ဒိယနွယ်ဖွားတွေအပါအ၀င် တိုင်းရင်းသားလူမျိုးစုဟာ ၂၀ မကျော်ပါဘူး။

နိုင်ငံသားအဆင့်တွေကို ခွဲခြားသတ်မှတ်ထားပြီး အချို့သော အုပ်စုတွေကို နိုင်ငံသားအဆင့် မရစေတဲ့ အငြင်းပွားဖွယ် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာလည်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဆိုတာကို ရှင်းရှင်းလင်း လင်း ဖော်ပြမထားပါဘူး။ ဒါပေမယ့် လူမျိုးစုတစ်စုဟာ လက်ရှိ မြန်မာနိုင်ငံ နယ်နမိတ်အတွင်း ဘယ်လောက်ကြာကြာ အခြေချနေထိုင်ခဲ့သလဲဆိုတာအပေါ် မူတည်ပြီး နိုင်ငံသားအဆင့်တွေကို ခွဲခြားသတ်မှတ်ထားပါတယ်။

အဲဒီဥပဒေမှာ ၁၈၂၄-၁၈၂၆ အင်္ဂလိပ်-ဗမာစစ်ပွဲ မတိုင်ခင်ကတည်းက မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနဲ့ အခြားသော လူမျိုးစုတွေဟာ တင်းပြည့်နိုင်ငံသားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရောက်ရှိနေထိုင်ကြတဲ့ ပထမဆုံးရက်ကိုတော့ ဥပဒေမှာ မဖော်ပြထားပါဘူး။ စစ်ပွဲအပြီး
ဝင်ရောက်လာကြတဲ့ အခြားသူတွေကို ဒီဥပဒေအရ ‘ဧည့်နိုင်ငံသား’၊ ‘ပြုနိုင်ငံသား’ အဖြစ် သတ်မှတ်ပါတယ်။

တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဆိုတဲ့ အယူအဆဟာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးမှု တည်ဆောက်ရေးအဖွဲ့ (SLORC) ဆိုတဲ့နာမည်နဲ့ စစ်အာဏာရှင်တွေအုပ်ချုပ်တဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဒီတိုင်းရင်းသားလူမျိုးစာရင်း အတိအကျကို ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

မြန်မာနိုင်ငံရေးရာကျွမ်းကျင်သူ မာတင်စမစ်ဟာ ၁၉၉၄ ခုနှစ်က “Ethnic Groups in Burma: Development, Democracy and Human Rights” (မြန်မာနိုင်ငံမှ လူမျိုးစုများ – ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး) ဆိုတဲ့ လေ့လာမှုစာတမ်းမှာ SLORC ဟာ ‘တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး’ လို့ ဖော်ပြပေမယ့် ‘ခိုင်မာတဲ့အချက်အလက်တွေ ဒါမှမဟုတ် အဲဒီတိုင်းရင်းသားစာရင်းတွေကို မထုတ်ပြန်ခဲ့ဘူး’ လို့ ရေးသားထားပါတယ်။

တိုင်းရင်းသား ၁၃၅ မျိုးဆိုတာကို အစောဆုံးဖော်ပြမှုဟာ အမည်မဖော်တဲ့ ‘စစ်တပ် ထိပ်တန်းအရာရှိတစ်ဦး’ က ၁၉၉၁ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ထုတ် လုပ်သားပြည်သူ နေ့စဉ်သတင်းစာမှာ ရေးသားထားတဲ့ ဆောင်းပါးမှာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး နေထိုင်တယ်ဆိုတဲ့အချက်ဟာ ‘လူမျိုးစုကြီးတွေ’ ကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရမယ်ဆိုတဲ့ အယူအဆကို အဟန့်အတား ဖြစ်စေပါတယ်” လို့ ဖော်ပြထားတာပါ။

ဒီဆောင်းပါးမှာ ပါးပါးလေးဖော်ပြသွားတာက ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းတွေလို လူမျိုးစုကြီးတွေကို အသိအမှတ်ပြုရတာမျိုး၊ သူတို့နဲ့ ဆွေးနွေးရတာမျိုးကို ရှောင်ရှားဖို့အတွက် အဲဒီ အဓိကလူမျိုးတွေကို လူမျိုးစုငယ်လေးတွေအဖြစ် ခွဲထုတ်လိုက်ရမယ် ဆိုတာပါပဲ။

တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရဲ့စာရင်းကို ပထမဆုံး တာရားဝင်ထုတ်ပြန်တာက ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မကောက်ခင်အရင် ဖြစ်ပါတယ်။ အဲဒီစာရင်းမှာ ကချင်ပြည်နယ်အတွင်း တိုင်းရင်သားလူမျိုးစု ၁၂ စု၊ ကယားပြည်နယ်မှာ ၉ စု၊ ကရင်ပြည်နယ်မှာ ၁၁ စု၊ ချင်းပြည်နယ်မှာ ၅၃ စု၊ ဗမာလူမျိုးစု ၉ စု၊ မွန်ပြည်နယ်မှာ
တစ်စု၊ ရခိုင်ပြည်နယ်မှာ ၇ စုနဲ့ ရှမ်းပြည်နယ်မှာ ၃၃ စုလို့ ဖော်ပြထားပါတယ်။

ဒီလို အုပ်စုခွဲမှု အားလုံးနီးပါးမှာ လူမျိုးသတ်မှတ်မှုတွေဟာ ရေရာမှု မရှိပါဘူး။ ဥပမာအားဖြင့် ရှမ်းလူမျိုးစုကို ကြည့်လိုက်ရင် ‘ရှမ်းကြီး’ လို့ခေါ်တဲ့ တိုင်းလုံကို တစ်နေရာမှာ ‘တိုင်းလုံ’ နောက်တစ်နေရာမှာ ‘ရှမ်းကြီး’ အဖြစ် နှစ်ခါဖော်ပြထားပါတယ်။ တိုင်းလုံဆိုတာက ရှမ်းဘာသာစကားအရ ရှမ်းကြီးကို ခေါ်ဆိုတာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာလည်း ခခူ (Hkakhu) ကို သီးခြားလူမျိုးအဖြစ် ဖော်ပြထားပါတယ်။ တကယ်တော့ ခခူဆိုတာ နိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ဖြစ်တည်ရာ မေခနဲ့ မလိခ မြစ်နှစ်ခုဆုံတဲ့နေရာရဲ့ အထက်ပိုင်းမှာ နေထိုင်တဲ့သူတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးဆိုတာထက် မျိုးနွယ်စုလောက်သာ
ရှိတဲ့ ဂေါ်ရီ (Gauri) ကိုလည်း သီးခြားလူမျိုးအဖြစ် သတ်မှတ်ထားပါတယ်။

ချင်းပြည်နယ်က တိုင်းရင်းသားလူမျိုး ၅၃ မျိုးဆိုတာကလည်း ချင်းလူမျိုးတွေကြားထဲမှာ ပြောတဲ့စကားမတူတဲ့ အုပ်စုတွေကို ခွဲထားတာဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသားမျိုးနွယ် စာရင်းတွေမှာလည်း တိုင်းရင်းသားလူမျိုးစုကြီးတွေကနေ လူမျိုးငယ်တွေကို ဒီလိုပဲ မသေချာ၊ မရေရာ ခွဲထုတ်ထားတာပါ။

တစ်ချို့တွေကလည်း စစ်တပ်ဟာ ဒီတိုင်းရင်းသားမျိုးနွယ်စုတွေကို ဗေဒင်ကိန်းခန်းအရ တွက်ချက် ထုတ်ပြန်တာလို့ သံသယရှိကြပါတယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က တိုင်းရင်းသား ၁၃၅ မျိုးစာရင်းကို ထုတ်ပြန်တဲ့အခါ အချို့သော လေ့လာဆန်းစစ်သူတွေက ၁၊ ၃၊ ၅ ဆိုတဲ့ နံပါတ် ၃ လုံးကို ထောက်ပြပါတယ်။ အဲဒီ နံပါတ် ၃ လုံးပေါင်းခြင်းဟာ ၉ ဖြစ်ပြီး ညီညွတ်မှုဆိုတဲ့အယူနဲ့ စစ်တပ်ရဲ့ လက်ကီးနံပါတ်လို့ ယူဆရပါတယ်။

အရင် စစ်အာဏာရှင်တွေလက်ထက်မှာ အဓိက ဆုံးဖြတ်ချက်တွေအားလုံးနီးပါးကို ပေါင်းခြင်း ၉ ရတဲ့ ရက်တွေမှာ ချမှတ်ပါတယ်။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုဟာ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဖြစ်ပွာခဲ့ပြီး ဒီမိုကရေစီလိုလားသူ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်
ချခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ အနိုင်ရခဲ့ပြီး နောက်ပိုင်းမှာ ပယ်ဖျက်ခြင်းခံလိုက်ရတဲ့ ၁၉၉၀ ရွေးကောက်ပွဲဟာလည်း မေလ ၂၇ ရက်နေ့မှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံမှာ ၄၅ ကျပ်တန်နဲ့ ၉၀ ကျပ်တွေ ထုတ်ဝေတာပါ။

မတူကွဲပြားတဲ့ တိုင်းရင်းသားတွေအများကြီး ရှိနေပြီး လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်ကတည်းက ပြည်တွင်းစစ်ဖြစ်လာခဲ့တဲ့ မြန်မာနိုင်ငံလို နိုင်ငံတစ်ခုမှာ ဗေဒင်ကိန်းခန်းကို ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေး လမ်းညွှန်အဖြစ် အသုံးပြုတာဟာ ယုတ္တိခပ်ကင်းကင်းပါပဲ။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး အရင်က ကြိုးစားခဲ့တာတွေ ဘာ့ကြောင့် မအောင်မြင်ခဲ့တာလဲဆိုတာ ဆန်းစစ်သူတစ်ယောက်အနေနဲ့ လက်တွေ့ပိုကြပြီး၊ အချက်အလက်အခြေခံတဲ့ ချဉ်းကပ်မှုမျိုး လိုအပ်မယ်ဆိုတာ မလွဲဧကန်ပါ။

တိုင်းရင်းသား အများစုက တောင်းဆိုသလို ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရမလား၊ လူမျိုးစုတွေအလိုက် တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာကွဲသွားတာကို တားဆီးဖို့လိုတယ်လို့ ယုံကြည်နေတဲ့ စစ်တပ်က လိုလားတဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကိုပဲ ဆက်ထားရမလားဆိုတဲ့ ပြဿနာဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုင်းရင်းလူမျိုးစု ၁၃၅
မျိုး ရှိနေသမျှတော့ လတ်တလောမှာ ပြေလည်ဖို့ မရှိကြောင်းပါ။

(Asia Times တွင် Bertil Lintner ရေးသားသည့် A question of race in Myanmar ဆောင်းပါးကို လေးမောင်က ဘာသာပြန်ဆိုသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s