ဘယ်အမျိုးကိုချစ်မှာလဲ
Tharawon Pyay
ဘယ်အမျိုးကိုချစ်မှာလဲ
သရ၀ဏ်(ပြည်)
မ.ဘ.သ ဆိုင်းဘုတ်များဖြုတ်ချရန် မ.ဟ.န ဆရာတော်ကြီးများထံမှညွှန်ကြားချက်ထွက်လာသောအခါ အချို့သော မျိုးချစ်ဆိုသူများသည်ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားလေသည် ။ ရိုးရိုးသားသားအမျိုးချစ်သူများ၊ရိုးရိုးသားသား ဘာသာ သာသနာစောင့်ရှောက်လိုသူများအတွက်ကတော့ဤမျှပူစရာမရှိ ။ ဗုဒ္စသာသနာကိုစောင့်ရှောက်ထိမ်းသိမ်းရန် ငြိမ်းချမ်းသောနည်းလမ်းများ မြန်မာနိုင်ငံတွင်အများအပြားရှိသည် ။တရားပွဲများကိုနိုင်ငံအနှံ့ ခြိမ့်ခြိမ့်သဲသဲကျင်းပကြသည် ။ တောင်တန်းဒေသ သာသနာပြုအသင်းကြီးရှိသည် ။ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ ဗုဒ္စသာသနာပြန့် ပွားစေရန်ဆောင်ရွက်နေကြသော ပြည်တွင်း ပြည်ပသာသနာပြုအဖွဲ့ များရှိသည် ။ပြည်တွင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူသောအဖွဲ့ များရှိသည် ။မလွန်ဆန်လှူအသင်းကြီးလို နိုင်ငံရေးမပါသော သာသနာပြုအဖွဲ့များရှိသည် ။ သဲအင်းဂူ ၊ မဟာစည် ၊မိုးကုတ် ၊ ချမ်းမြေ့ရိပ်သာ ၊ နိုင်ငံတကာဝိပသနာရိပ်သာ ( IMC )၊ ဦးဂိုအင်ဂါဝိပဿနာတရားရိပ်သာ စသည်ဖြင့် တရားဓမ္မနှင့်စပ်လျဉ်းသောအဖွဲ့များစွာရှိသည် ။ထို့ ကြောင့်ရိုးရိုးသားသား မြတ်စွာဘုရား၏သာသနာအတွက်ဆာင်ရွက်လိုသူများအတွက်ပူပင်စရာမရှိပေ ။ သို့ သော် ဗုဒ္စဘာသာတရားတော်နှင့်မျိုးချစ်စိတ်ဓာတ်ကိုဟန်ပြရှေ့ တန်းတင်၍ မိမိအကျိုးစီးပွားအတွက်ဆောင်ရွက်နေသူတို့အတွက်ဆိုလျှင်တော့ မ.ဘ.သ ဖျက်သိမ်းခံရခြင်းအတွက်အနာပေါ်တုတ်ကျသလိုဆတ်ဆတ်ခါအောင်နာကြသည် ။ အဘယ့်ကြောင့်ဆိုသော် ဤအသင်းကြီးရှိပါမှ စာေးပါက်ချောင်မည့်သူများစွာရှိနေသောကြောင့်ဖြစ်သည် ။
စာရေးဆရာတစ်ယောက်ကလည်း ဤအသင်းကြီးမရှိတော့လျှင်ကမ္ဘာကြီးပျက်တော့မလောက်တုန်းလှုပ်ပြကာ စမ္မ၀ံသာနုမျိုးချစ်အဖွဲ့ ကိုဖွဲ့စည်းမည်ဖြစ်ကြောင်း ၁၃၅ မျိုးချစ်ညီညွတ်ရေးပါတီ တည်ထောင်မည်ဟုဆိုလာပြန်သည် ။ ပြောရလျှင်ထိုသူများသည် သူတို့လွှမ်းမိုးကြိုးကိုင်၍ရသော အဖွဲ့အစည်းတစ်ခုမရှိပဲမနေတတ်သောသူများဖြစ်သည် ။ ထိုသူများ၏ရည်မှန်းချက်မှာ မျိုးချစ်သလိုလို ၊ဘာသာသာသနာလိုလိုဖြင့် တကယ်တန်း၌ မိမိကိုယ်ကျိုးစီးပွားကို ကာကွယ်လိုခြင်းသာဖြစ်ကြောင်းတွေ့ ရ၏ ။စာရေးဆရာတစ်ယောက်ဆိုလျှင် ယခင်က ဒေါ်အောင်ဆန်းစုကြည်အကြောင်း စာအုပ်တစ်အုပ်ရေးသားကာ အတော်ပင်စီးပွားလမ်းဖြောင့်တန်းခဲ့၏ ။ထိုစာအုပ် အရောင်းအေးသွားချိန်တွင် (ဒေါ်အောင်ဆန်းစုကြည်ကိုအကြောင်းပြုကာလုပ်စား၍အားရသွားချိန်တွင် ) ဗုဒ္စဘာသာရဟန်းတော်အချို့နှင့်ချိတ်ဆက်မိ၏ ။ ဘာသာသာသနာအတွက် ဂျာနယ်တစ်စောင်ထုတ်လိုသော ဘုန်းတော်ကြီးများမှာ စာပေလောကတွင် အစိမ်းသက်သက်ဖြစ်နေသဖြင့်ထိုစာရေးဆရာကို အယ်ဒီတာချုပ်ခန့် ကာ ဂျာနယ်တစ်စောင်လုံးကိုဦးစီးလုပ်ကိုင်စေသည် ။ စာရေးဆရာလည်း ဂျာနယ်အယ်ဒီတာချုပ်ရာထူးကလည်းလစဉ်လခ မက်လောက်အောင်ရ ၊ မိမိကလောင်အပြင်ကလောင်ခွဲအမျိုးမျိုးနှင့်ရေးသားရာမှလည်း စာမူခများအတော်မြက်မြက်ကလေးရ ၊ ဘုန်းတော်ကြီးများကစာပေလုပ်ငန်းအတွေ့ အကြုံမရှိသဖြင့် မိမိစီမံသမျှ ရနေရာမှလည်း ဟန်ကျနေပေရာ ထိုနေရာ ထိုရာထူးသည် မိမိကိုရွှေဥတစ်လုံးမှန်မှန်ဥပေးနေသော ငန်းတစ်ကောင်သဖွယ်ဖြစ်နေပါတော့သည် ။ထို စာစောင်ပြုတ်မသွားရေး၊ မိမိထိုရာထူးမှာတည်မြဲနေရေး သည် မြန်မာနိုင်ငံ၌ အမျိုးဘာသာစောင့်ရှောက်ရေးလို ၊မျိုးချစ်လိုလို ၊ သာကီဝင်များလိုလို ၊ ၀ံသာနုလိုလိုအဖွဲ့တစ်ဖွဲ့တော့ဆက်ရှိနေဖို့လိုသည် ။ ထိုအစွန်းရောက်အဖွဲ့ တွေရှိမှ ဘာသာရေးလိုလို မျိုးချစ်လိုလို ဂျာနယ်ဆက်လက်ရှင်သန်နိုင်မည် ။မိမိလည်းအယ်ဒီတာချုပ်ရာထူးတွင်ဆက်မြဲနေမည် ။ စီးပွားဝင်ငွေဖြောင့်မည် ။ဤအခြေခံကိုယ်ကျိုးစီးပွားမူဝါဒအရ ဒီအဖွဲ့ ပျက်လျှင်ဟိုအဖွဲ့ထောင်မလိုလို ၊ သူတို့အဖွဲ့ကြီးမရှိတော့လျှင်ပဲ မြန်မာနိုင်ငံ၌ ဗုဒ္စဘာသာ နှင့်မြန်မာလူမျိုးပျောက်ကွယ်တော့မလိုလို ဟန်ရေးပြကြလေသံပစ်ကြသည် ။ တကယ်တော့ ထိုအယ်ဒီတာချုပ်စိုးရိမ်နေမှုမှာ ဘာသာပျောက်မှာကိုမဟုတ် ၊မိမိပုံမှန်အဆင်ပြေနေသော အယ်ချုပ်ရာထူးမှ ခါနာပျောက်မှာကိုဖြစ်သည် ။
အရာရာတွင်ရိုးသားဖို့လို၏ ။ ဗုဒ္စဘာသာ ကိုကာကွယ်စောင့်ရှောက်ခြင်းသည်ကောင်း၏ ။ သို့ သော် လုပ်ရပ်ကောင်းဖို့ လိုသလို ၊ ကိုယ်ကျိုးအတွက်သွယ်ဝိုက်၍မျှမပါဖို့လိုသည် ။ ဗုဒ္စဘာသာကိုကာကွယ်သည်ဆိုပြီးအခြားဘာသာများကိုရန်မရှာဖို့လို၏။ သူတို့ အပြောနှင့်သူတို့လုပ်ရပ်မှာ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေ၏ ။ ဗုဒ္စဘာသာကာကွယ်စောင့်ရှောက်မည်ဟုဆို၏ ။ ၁၃၅ မျိုးချစ်ညီညွတ်ရေးဟုဆိုပြန်သည် ။ ၁၃၅ မျိုးသော မြန်မာနိုင်ငံသားတိုင်းရင်းသားထဲတွင်အစ္စလာမ်ဘာသာကိုးကွယ်သော ကမန်လူမျိုးများလည်းပါ၏ ။ထိုကမန်များကိုရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှ အားလုံးမောင်းထုတ်ပစ်လိုက်သောကိစ္စဖြစ်ခဲ့ဖူး၏ ။ထိုအခါ ၀ံသာနုဆိုသောသူများသည် ထိုကမန်များသူတို့ဒေသပြန်လာနိုင်အောင်ဟောပြောလုပ်ဆောင်မည်လားဆိုသည်မှာလည်းမရှုပ်မရှင်းဖြစ်သည် ။ ထို ၁၃၅ ခုသောတိုင်းရင်းသားထဲတွင် ချင်းလူမျိုးခရစ်ယန်ဘာသာဝင်များပါရှိ၏ ။ ကချင်လူမျိုးခရစ်ယာန်များပါ၏ ။ အချို့သောကရင်ခရစ်ယန်များပါ၏ ။ ၁၃၅ မျိုးဘက်ကရပ်လျှင်ထိုလူတွေကိုးကွယ်သောဘာသာကိုလည်းလေးစားရမည် ။ ဗုဒ္စဘာသာဘုန်းတော်ကြီးတစ်ပါးနှင့် သူ၏နောက်လိုက်များက ကရင်ပြည်နယ်ဘက်တွင် ခရစ်ယာန်ဘုရားကျောင်းဝင်အတွင်းမင်းမဲ့စရိုက်ဆန်ဆန်အတင်းဝင်ရောက်ကာ ဘုရားတည်ခြင်းကိုပြုလုပ်ခဲ့ကြဖူး၏ ။ဤအဖြစ်အပျက်ကို ၁၃၅ တိုင်းရင်းသားညီညွတ်ရေးပါတီဖွဲ့မည်ဆိုသော မျိုးချစ်များသည်မည်သို့ မည်ပုံမည်သူ့ ဘက်ကရပ်တည်ကြမည်နည်း။ သေချာသည်က မြန်မာနိုင်ငံသားဆိုတိုင်း ဗုဒ္စဘာသာဝင်တွေမဟုတ် ၊အခြားဘာသာဝင်များလည်းရှိသည် ။နှစ်ပေါင်းထောင်ချီ၍ဤမြေမှာအတူနေခဲ့ကြသူတွေဖြစ်သည် ။ ဗုဒ္စဘာသာသက်သက်ဆောင်ရွက်မည့်ရည်ရွယ်ချက်နှင့် ၁၃၅ မျိုးသောတိုင်းရင်းသားများအရေးဆောင်ရွက်မည့်ရည်ရွယ်ချက်သည် မတူညီပါ။ကွဲပြားပါသည် ။ထို့ အတူပင် ဘာသာရေးခေါင်းဆောင်တစ်ယောက်၏ရည်ရွယ်ချက်နှင့် နိုင်ငံရေးခေါင်းဆောင်တစ်ယောက်၏ရည်ရွယ်ချက်ကွဲပြားပါသည် ။ ဘာသာရေးခေါင်းဆောင်ဆိုသည်မှာ မိမိကိုးကွယ်ရာဘာသာသက်သက်ကိုပဲ အလေးထားဆောင်ရွက်သူများဖြစ်သည် ။အခြားဘာသာများကိုပြိုင်ဘက်အဖြစ်ယူဆကာတတ်နိုင်သ၍ ကိုယ်အသာစီးရအောင်လုပ်ကြလေ့ရှိသည် ။ နိုင်ငံရေးခေါင်းဆောင်ဆိုသည်မှာဤသို့ မဟုတ် ။ မိမိနိုင်ငံတွင် နိုင်ငံသားဖြစ်ပြီးသူမှန်သမျှကိုကာကွယ်စောင့်ရှောက်ဖို့ သည် နိုင်ငံရေးခေါင်းဆောင်၏တာဝန်ဖြစ်သည် ။ ဗုဒ္စဘာသာဖြစ်စေ ၊မူဆလင်ဖြစ်စေ၊ဟန္ဒူဖြစ်စေ ၊ ခရစ်ယာန်ဖြစ်စေ ၊ဘာသာမဲ့ဖြစ်စေ အားလုံးကိုဥပဒေနှင့်အညီတစ်တန်းတစ်စားတည်း သတ်မှတ်အုပ်ချုပ်ရသည် ။ ဥပဒေကိုကျော်လွန်၍မည်သူ့ ကိုမှအခွင့်အရေးပေး၍မရ ။ ထို့ ကြောင့်နိုင်ငံရေးခေါင်းဆောင်သည် ဘာသာရေးခေါင်းဆောင်မဖြစ်နိုင်သလို ၊ဘာသာရေးခေါင်းဆောင်သည် နိုင်င့ရေးခေါင်းဆောင်မဖြစ်နိုင်ပါ ။ သူတို့ ရည်ရွယ်ချက်မှာမတူညီသောကြောင့်ဖြစ်သည် ။ ထိုမတူညီသောကိစ္စရပ်နှစ်ခုကိုရောထွေး၍ မျိုးချစ်ဟုကိုယ့်ဘာသာထင်နေသူများ က နိုင်ငံရေးပါတီထောင်မည်ဆိုတော့ ဘာသာရေးအမြင်နှင့်နိုင်ငံရေးလုပ်၍မရဘူးဆိုတာသိမှသိပါလေစဟုမေးချင်သည် ။ ၁၃၅ လူမျိုးတွင် ဗုဒ္စဘာသာကိုချန်ကာ အခြားဘာသာဝင်လူမျိုးများကိုဖယ်ထုတ်ပြီးမှဝံသာနုရက္ခိတလုပ်မည်လား ။ ဗုဒ္စဘာသာကော ၊မူဆလင်ရော၊ခရစ်ယန်ရော ၊ ဟန္ဒူကော ၁၃၅ ဖြစ်လျှင်ပြီးရော ပေါင်းစုပြီး ၀ံသာနုလုပ်ကြမည်လား ။ ၀ံသာနုရက္ခိတ၏အဓိပါယ်သည်အမျိုးစောင့်ခြင်းဖြစ်ရာ ဗမာဟူသောအမျိုးကိုစောင့်မည်လော ၊ ခရစ်ယန်များဖြစ်သဖြင့် ကချင်၊ကရင်၊ချင်း စသောတောင်ပေါ်သားတို့ကိုချန်ထားခဲ့မည်လား ၊ အစ္စလာမ်ဘာသာဝင်ဖြစ်သဖြင့် ကမန်များကိုလည်းဖယ်ထုတ်မည်လားဟု ရှင်းရှင်းလင်းလင်းကြေငြာသင့်သည် ။ မိမိကိုယ်၌ကမရှင်းပဲ ၀ံသာနုရက္ခိတလုပ်ခြင်းလိုလို ၁၃၅ ညီညွတ်ရေးပါတီလုပ်ခြင်းသည် ဇိမ်ခေါင်းကပြည့်တန်ဆာပပျောက်ရေးလုပ်သလိုဖြစ်နေသည် ။
ဓမ္မ၀ံသာနုရက္ခိတအတွင်းရေးမှူးဆိုသူကအင်တာဗျူးတစ်ခုတွင်ပြောသည် ။ No Money No Talk ပိုက်ဆံမရှိရင် စကားမပြောပါနဲ့ ဆိုတဲ့စကားလိုပဲ ဟုထည့်ပြောသွားသည် ။ ဒီလူသည် အဓိပါယ်သေသေချာချာမသိပဲထင်ရာလျှောက်ပြောခြင်းဖြစ်သည် ။ အင်္ဂလိပ်စာ၌ No Money No Talk ဆိုသည်မှာ သူထင်နေသလို ပိုက်ဆံမရှိရင်စကားမပြောပါနဲ့ဆိုသောအဓိပါယ်မဟုတ်ချေ ။ အခကြေးငွေမရလျှင် တန်ရာတန်ကြေးမရလျှင် စကားမပြောနိုင် (၀န်ဆောင်မှုမပေးနိုင် )ဟူသော အဓိပါယ်ဖြစ်သည် ။ဝန်ဆောင်ခရမှအလုပ်လုပ်မည်ဆိုသည့်သဘောဖြစ်သည် ။ ဥပမာ ရှေ့နေတစ်ယောက်ထံသို့ သွား၍အကြံဥာဏ်တောင်းမည်ဆိုပါစို့  ၊ရှေ့ နေက No Money No Talk ဟုပြောသည်မှာ ပိုက်ဆံမရှိရင်စကားမပြောပါနဲ့ဟူသောအဓိပါယ်မဟုတ် ၊ သူ၏ရှေ့ နေခမရလျှင် သူ အကြံဥာဏ်ပေးလိမ့်မည်မဟုတ်ဟူသောသဘောဖြစ်သည် ။ပိုက်ဆံမရှိလျှင်စကားမပြောပါနဲ့ဆိုလျှင် ပိုက်ဆံမရှိသူများ အားလုံးဝစီပိတ်ကျင့်ရမည့်သဘောဖြစ်နေသည် ။ နားမလည်ပဲ ထင်ရာကိုအဓိပါယ်ကောက်ယူခြင်းဖြစ်သည်။ ဒီလူတွေသည် ဗုဒ္စတရားတော်များကိုလည်း မိမိထင်ရာတွေကိုဘယ်လောက်များ အဓိပါယ်ကောက်လွဲကာတလွဲတွေယူဆလုပ်ကိုင်နေသလဲမသိ ။ ဘုရားဟောပိဋကတ်သုံးပုံထဲတွင် ဘာသာခြားတွေကို လိုက်လံတိုက်ခိုက်နှိမ်နှင်းဖို့  တစ်လုံးတစ်ပါဒမျှမပါတာတော့သေချာသည် ။ ကာလာမသုတ်အရမိမိဘာသာစိစစ်လက်ခံရန်အားလုံးကိုလမ်းဖွင့်ပေးထားသည် ။ ဗုဒ္စဓမ္မသည် အချို့သောလူတွေထင်နေသလို လူမျိုးတစ်မျိုးအတွက်သက်သက်မဟုတ်ပဲ လူနတ်ဗြဟ္မာသတ္တ၀ါအားလုံး၏အကျိုးစီးပွားအတွက်ဖြစ်သည် ။ နိုင်ငံရေးတွင်ဘာသာရေးရောယှက်မည်ဆိုလျှင်လဲ မိမိကိုယ်ကျိုး တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေမပါဝင်သော ဘာသာရေးသန့်သန့်အဖွဲ့အစည်းတွေများစွာရှိရာ မရှုပ်မရှင်းတွေနှင့်မပါတ်သက်ရန်အားလုံးတွင်တာဝန်ရှိပါကြောင်း။
သရ၀ဏ်(ပြည်)
သူရိယအလင်းဂျာနယ်
၅.၆.၂၀၁၇
Advertisements
One thought on “ဘယ်အမျိုးကိုချစ်မှာလဲ
  1. Zaw Min with Venus Flytrap.
    6 hrs ·
    မန်းမဘသ(အထက်​မြန်​မာပြည်​)က​တော့
    မဘသနာမည်​ကိုပဲ ဆက်​သုံးမယ်​လို့ ဆုံးဖြတ်​လိုက်​ကြတယ်​ ။
    11.6.2017မှာ ဇွဲကပင်​ဆရာ​တော်​ကြီး ၊ မြ​စေတီဆရာ​တော်​ကြီး ၊ ​မြေပုံဆရာ​တော်​ကြီး ၊ ဆရာ​တော်​ဦးဝီရသူတို့ ဦး​ဆောင်​ပြီး အင်​အားငါး​သောင်း​ကျော်​နဲ့ကျင်းပမယ့်​ ၊ DKBA, BGF တို့ ဝန်းရံမယ့်​ ကရင်​ပြည်​နယ်​ မဘသရဲ့ ဘားအံညီလာခံကြီးက သူတို့ရဲ့ ရပ်​တည်​ချက်​ကို ဘယ်​လိုထုတ်​ပြန်​မလဲ ?
    မွန်​ပြည်​နယ်​ မဘသရဲ့ ညီလာခံကြီးတစ်​ခုကလည်း ဖြစ်​လာဖို့များပြီး သူတို့ကလည်း ဘားအံညီလာခံရဲ့ ဆုံးဖြတ်​ချက်​အတိုင်းပဲ ထွက်​လာဖို့ ကျိန်း​သေတယ်​ ။
    အစိုးရဘက်​ကလည်း ဗုဒ္ဓဓမ္မပရဟိတ​ဖောင်​​ဒေးရှင်းကို​တောင်​ ရပ်​တည်​ချက်​တင်​ပြရမယ်​​တွေဘာ​တွေ ထပ်​ကြပ်​​ပေးလာတာ ​တွေ့​နေရတယ်​ ။
    ပြီးခဲ့တဲ့ အဖြစ်​အပျက်​​တွေကို ပြန်​သုံးသပ်​ကြည့်​ရင်​ တက်​ကြွတဲ့ အမျိုးသား​ရေး​ခေါင်း​ဆောင်​​တွေကို ​စောက်​မြင်​ကပ်​ပုဒ်​မတပ်​ပြီး ​ထောင်​ထဲထည့်လိုက်​မှု​ ၊ မဘသအမည်​ ဖျက်​သိမ်းခံရမှု ၊ အမျိုးသား​ရေးအ​ကောင့်​​တွေကို FB Myanmar Term က ပိတ်​ပင်​မှု​တွေဟာ နှစ်​ပါတ်​အ​တောအတွင်း ဆက်​တိုက်​ဖြစ်​ခဲ့တာမို့ သာမန်​တိုက်​ဆိုင်​မှု​တွေ မဟုတ်​ဘူး ။
    အဲဒီရည်​ရွယ်​ချက်​က ဘယ်​​လောက်​​တောင်​လဲ ?
    လက်​ရှိအချိန်​ထိ​တော့ ဖိအားကိုရပ်​​တောင်​မထားပဲ ထပ်​တိုး​ပေးလာ​နေတယ်​ ။
    အမှန်​အတိုင်းဝန်​ခံရရင်​ မဘသဘက်​မှာလည်းဗဟိုညီလာခံမှာကတည်းက မဘသအမည်​ကို မဖြုတ်​​ပေးလိုသူ​တွေက ပိုများခဲ့တာ ။ ဒါ​ပေမယ့်​ ဦး​ဆောင်​ဆရာ​တော်​ဟာ သံဃာ့ညီညွတ်​​ရေးကို ငဲ့ကွက်​ပြီး ​ဖျောင်းဖျနားချခဲ့ကြလို့ တိတ်​ဆိတ်​ငြိမ်​သက်​​နေခဲ့ကြရ​ပေမယ့်​ ရင်​ထဲမှာက ​တော်​​တော်​ခု​နေကြတယ်​ ။
    ဇွဲကပင်​ဆရာ​တော်​ကြီးဆိုရင်​ ဖြုတ်​မ​ပေးနိုင်​ပါဘူး ၊ အ​သေပဲရမယ်​လို့ ဗဟိုညီလာခံမှာကတည်းက သူ့သ​ဘောထားကို ပွင့်​ပွင့်​လင်းလင်း ထုတ်​ပြန်​ပြီးသား ။
    ခုဆို မဘသအမည်​ကို ဟိုဘက်​ကလည်း ခါးခါးတူးတူး နားမခံသာ ၊ ဒီဘက်​ကလည်း မဘသအမည်​ကို ဖြုတ်​မ​ပေးနိုင်​ဆိုတဲ့ လမ်း​ကြောင်း​ပေါ် ပြန်​​ရောက်​သွားပြီ ။
    အစိုးရဘက်​က သံဃာ့ညီညွတ်​မှုကို အကြိမ်​ကြိမ်​အားစမ်းလာမှုနဲ့ ဘက်​လိုက်​မီဒီယာ​တွေရဲ့ တဘက်​သတ်​ဖိနှိပ်​မှု​တွေကို ဒီဘက်​ကလည်း ပြင်းပြင်းထန်​ထန်​ တုန့်​ပြန်​ကြ​တော့မယ်​ ။
    သံဃာညီညွတ်​မှုအ​ရေးကြီးလာပြီ ။
    ဆရာ​တော်​ရဲ့ တိတိကျကျ လမ်းညွှန်​ဦး​ဆောင်​မှု ​ပေါ်ထွက်​လာ​တော့မယ်​ထင်​တယ်​ ။
    ဒါ​ကြောင့်​ မြ​စေတီဆရာ​တော်​ကြီးက မိန့်​ခဲ့တာ
    မဖြစ်​မ​နေ တက်​နင်းရ​တော့မယ်​ဆိုရင်​ အားရှိဖို့လိုတယ်​ ။
    * အားစုထား * တဲ့ ။
    Credit #Ven_Tejavinta
    Like
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s