“ဘက်စုံကျွမ်းကျင်သူများ ပေါများသည့် ကျွန်တော်တို့တိုင်းပြည်”
ဆောင်းပါးရှင် -သရ၀ဏ် (ပြည်)
“သီဟတင်စိုးတွင်လည်း စစ်ရေး အမြင်ရှိသည်။ မိုရှေဒါယန်းတွင်လည်း စစ်ရေးအမြင်ရှိသည်။ ကလင့် အိစ်ဝုဒ်တွင်လည်း စစ်ရေးအမြင်ရှိသည်။ သို့သော် အမြင်ဆိုသည်မှာ တိုင်းတာ၍ မရပေ။…”
အင်္ဂလိပ် အီဒီယမ်တခု ရှိသည်။ Jack of all trades but master of none ဟူ၏။ ဟိုစပ်စပ်ဒီစပ်စပ်တော့ အားလုံးလုပ်တတ်သည်။ သို့သော် ဘာတခုမှ ဖြစ်ဖြစ်မြောက်မြောက် ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းသူမဟုတ်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ကျွန်တော်တို့နိုင်ငံမှ စစ်အစိုးရအရာရှိ ကြီးများနှင့်တော့ အတော်ကိုက်ညီသည်။ မြန်မာပြည်ကို အုပ်စိုးကြသူများသည် သူတို့ကိုယ် သူတို့ အားလုံးသိသည်ဟုထင်နေ သူများဖြစ်သည်။ စစ်လည်း တိုက်တတ်သည်၊ စီးပွားရေးတွင်လည်း ဘေလ်ဂိတ်ထက်ပင် တော်သည်။ စိုက်ပျိုးရေးတွင်လည်း ကြက်ဆူပင်များကို တနိုင်ငံလုံးစိုက်ခိုင်းသည်အထိ ကျွမ်းကျင်ခဲ့သည်။ မီဒီယာဆိုလည်း သူတို့သိလိုက်ပြန်သည်။ နိုင်ငံရေးတွင်လည်း ချောက်ထဲကျမှာစိုး၍ ၀င်ကယ်သည်တို့ ဘာတို့ပြောတတ်သည်။
အုပ်ချုပ်ရေးတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှသည် သမ္မတအထိ သူတို့ပဲဖြစ်သည်။ မြန်မာပြည်သည် တခုကောင်းကို နှစ်သက်သော တိုင်းပြည်မဟုတ်၊ ဟိုစပ်စပ် သည်စပ်စပ်နေရာတကာ ၀င်ပါချင်သောသူတို့ ထွန်းကားရာအရပ် ဖြစ်သည်။ နိုင်ငံတကာတွင် ဆပ်ကပ် ပြပွဲများ ဖျော်ဖြေသောအခါ ဆပ်ကပ်တမျိုးတည်းသာ ကျွမ်းကျင်စွာ ဖျော်ဖြေကြသည်။ မြန်မာနိုင်ငံတွင်တော့ ဆပ်ကပ်ကမည့်သူသည် ဆပ်ကပ်တမျိုးတည်းသာ ဖျော်ဖြေပြသပါလျှင် လူတွေက မကြိုက်လို့လားမသိ တခန်းရပ်ပြဇာတ်တွေ၊ ယိမ်းတွေ၊ စတိတ်ရှိုးတွေပါ ထည့်ပြရသည်။ မျက်လှည့်ပြပွဲတွေမှာလည်း ထိုနည်းနှင်နှင်။ ဒေးဗစ်ကော်ပါဖီးလ်တို့လို မျက်လှည့်ချည်း သီးသန့် ပြသူကို အထင်မကြီး၊ မျက်လှည့်နှင့်ပြဇာတ်၊ မျက်လှည့်နှင့် အော်ပရာ ပူးတွဲကပြလိုက်မှ လူတွေက လက်ခံသည်။ ဒါ့ကြောင့်လားမသိ မြန်မာနိုင်ငံတွင် တခုကောင်းတတ်ထားသော ပညာရှင်တို့ထက် ဟိုစပ်စပ်သည်စပ်စပ် အကုန်တတ်သည် ဆိုသော လူတွင်ကျယ်များနေ ရာရလာသည်။ အသုံးဝင်လာသည်။ အပေါ်သို့ရောက်လာသည်။ ကျောင်းများတွင် ဘက်စုံထူးချွန်ဆိုသော စီမံကိန်းပေါ်လာသည်။ ကျောင်း သားသည် ကျောင်းစာလည်း တော်ရမည်၊ အားကစားလည်း တော်ရမည်၊ အနုပညာဘက်တွင်လည်း စမ်းချင်သလိုစမ်း ထွန်းပေါက်နေရမည်။ လူမှုပရဟိတဘက်တွင်လည်း မကျန်စေရ။ ထိုသို့ အားလုံး ကျွမ်းကျင်သူများ ကိုသာ လူတော် အဖြစ် သတ်မှတ်သည်။
ထိုစနစ်အရရွေးပါလျှင် ဗန်းဆင့် ဗန်ဂိုးသည် လည်းကောင်း၊ ဗီသိုဗင်သည်လည်းကောင်း၊ အိုင်းစတိုင်းသည်လည်းကောင်း၊ ရှိတ်စပီးယားသည်လည်းကောင်း ဘက်စုံထူးချွန်ကျောင်းသားအဖြစ် အရွေးခံရမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် ထိုသူများသည် တမျိုးကောင်းသာ ထူးချွန်ကြသောသူများဖြစ်ခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာကလက်ခံသောစနစ်မှာ တမျိုးကောင်း ထူးချွန်သောပါရမီရှင် များ ဖြစ်သည်။ လူသည် အရာရာမှာမတော်နိုင်။ သင်္ချာပညာရှင်သည် ပန်းချီ ပါရမီရှင် တယောက် ဖြစ်လာနိုင်မည်မဟုတ်။ စီးပွားရေးကျွမ်းကျင် ပညာရှင်သည် ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီး ဖြစ်လာနိုင်မည်မဟုတ်။ ဆိုက္ကားသမားက လေယာဉ်မမောင်းတတ်သလို၊ လေယာဉ်ပိုင်းလော့က ဆင်ဦးစီးလုပ်တတ် မည်မဟုတ်။
စစ်သားသည် ပိဋကတ်သုံးပုံကို သိနိုင်မည်မဟုတ်သလို၊ သာသနာ့ဝန်ထမ်း ရဟန်းသည် လည်း AK47 ကို ပစ်ခတ် တတ် မည်မဟုတ်ပေ။ ဘက်စုံကျွမ်းကျင်ဟူသော စီမံကိန်းသည် စိတ်ကူးယဉ်ဆန်လွန်းပြီး ထိုစီမံကိန်းမှ ထွက်လာသူများသည် Jack of all trades လို အားလုံးသိသလိုလို တတ်သလိုလို ယောင်စိန်များသာ ဖြစ်လာပေလိမ့်မည်။
ထိုစီမံကိန်း မျိုးသည် ဒေါက်တာသန်းထွန်းကို ဂေါက်ရိုက်သင်ပေးပြီး တိုက်ဂါးဝုဒ်ကို ပျုကျောက်စာဖတ်နည်း သင်ပေးသလိုသာ ရှိပေလိမ့်မည်။ လူတို့၏ မူလရှိပြီးသား အရည်အသွေးပင် နိမ့်ကျသွားပေလိမ့်မည်။ သို့သော်စစ် အစိုးရအရာရှိကြီးများမှာ သူတို့ကိုယ်သူတို့ အားလုံးတတ်သည်ဟု ထင်နေကြသည်။
ကျွန်တော်ငယ်စဉ်က ဇာတိပြည်မြို့တွင် ‘ပန်းတပွင့် အစ်မကြီး ထမင်းဆိုင်’ဆိုတာရှိလေသည်။ ထိုထမင်းဆိုင်သည် ကျွန်တော်တို့ အိမ်ရှေ့မျက်နှာချင်းဆိုင်တွင် ရှိသည်။ ဆိုင်ပိုင်ရှင်မှာ မရွှေဆိုသည့် အဒေါ် ကြီးဖြစ်သည်။ သူ့ကိုအရွှေကြီးဟု ရပ်ကွက်ထဲက ခေါ်ကြသည်။ အရွှေကြီးသည် ဆိုင်နာမည်နှင့်လိုက်အောင် ခေါင်းတွင်အမြဲတမ်း ပန်းတပွင့်ပန်ထားလေ့ရှိသည်။ အရွှေကြီး၏ပန်းတပွင့်အစ်မကြီးထမင်းဆိုင်သည် အတော်နာမည်ကြီး၏။ မြို့ခံများကတော့ သူ့ဆိုင်တွင် စားလေ့မရှိ။ ကားဂိတ်အနီးတွင်ရှိသဖြင့် နယ်မှလာသာဧည့်သည်များသာ သူ့ဆိုင်မှာ စားတတ်သည်။ နာမည်ကြီးပုံမှာ အရွှေကြီးဆိုင်သည် မြန်မာထမင်းဟင်း ရောင်းသောဆိုင်ဖြစ်သော်လည်း သူ့ဆိုင်သို့လူတယောက် ၀င်သွားလျှင် ဘာမေးမေး မရဘူးဆိုတာ မရှိစေရ။
”အစ်မရေ၊ ကော်ရည်ခေါက်ဆွဲ ရလား”ဟုမေးလည်း ရတယ်ဟု သာဖြေသည်။
”ကြက်သားပလာတာ ရသလား”ဟု မေးလျှင်လည်း ရသည်ပင်။
”ကုန်းဘောင်ကြီးကြော် ရသလား”မေးလျှင်လည်း မလွတ်စေရ။ ဘာမြူဒါတြိဂံဒေသသို့ ရောက်လာသော လေယာဉ်၊ သင်္ဘောဟူသမျှ စက်ကွင်းမှမလွတ်သကဲ့သို့ ပန်းတပွင့်အစ်မကြီးထမင်းဆိုင်သို့ ယောင်မှား ၍ရောက်လာသော စားသုံးသူလည်း သူ့အိတ်ကပ်ထဲမှငွေကို အရွှေကြီးထံတွင် မထားခဲ့ရဘဲ ပြန်ထွက်လာရရိုး ထုံးစံမရှိပေ။ အရွှေကြီးသည် အံ့သြဖွယ်ကောင်းလောက်အောင် ဘာမေးမေး အကုန်လုပ်တတ်သည်။ သို့သော်ဘယ်အရာမှ ဌာန်ကရိုဏ်းကျအောင် ကောင်းပါသည်ဟူ၍ကား လုပ်တတ်သည်မရှိသဖြင့် သူ့ဆိုင်တွင် တခါစားဖူးသူသည် နောက်တခါပြန်လာဖို့ အတော်ပင် ခဲယဉ်းမည်ဖြစ်သည်။ သို့သော် အရွှေကြီးသည် ဒီလူမလာလည်း အရေးမကြီး။ သူမလာလျှင် သူ့ဘကြီးလာလိမ့်မယ် ဟူသောသဘောဖြင့် လာသည့်ဧည့်သည် တွယ်သာတွယ်ဆောင်ပုဒ်ကို လက်ကိုင်ပြုကာ တွယ်လိုက်နှံလိုက်စမြဲ ဖြစ်သည်။ ယခုခေတ်စကားနှင့် ဆိုသော် အရွှေကြီးသည် ဘက်စုံထူးချွန်သူဖြစ်၏။ ဘက်စုံထူးချွန်စီမံကိန်းတွင် ပါဝင်နိုင်လောက်သော အရည်အချင်းနှင့်ပြည့်စုံသူတည်း။
ဆားပုလင်းနှင်းမောင် ၀တ္ထုထဲတွင်လည်း ဆားပုလင်းနှင်းမောင်သည် စုံထောက်ပညာတွင် တဖက်ကမ်းခတ်တတ်မြောက်၏။ ထိုမျှသာမကသေး ကိုယ်ခံပညာ အသတ်အပုတ်တွင်လည်း လက်ဝှေ့ချန်ပီယံပင်ရှုံးလောက်အောင် စွမ်းဆောင်နိုင်၏။ တယောထိုးရာတွင် တယောဦးတင်ရီ ပင်အရှုံးပေးရမည်။ ရုပ်ချောရာတွင်လည်း ရုပ်ရှင်မင်းသား ရှုံး၏။ အင်္ဂလိပ်စကားကို ဘိလပ်သားလေသံနှင့် ပြောနိုင်၏။ ပိဋကတ်စာပေဘက်တွင် နှံ့စပ်ပုံ၌ ဘုန်းကြီးလူထွက်လားဟုပင် မေးရလောက်၏။ စစ်တုရင်ထိုးရာ ၌ သူ့ကိုနိုင်သူ ခပ်ရှားရှားဖြစ်သည်။ ဓာတုဗေဒဘက်တွင်လည်း နှံ့စပ် ၏။ ရှေးဟောင်းကျောက်စာများကို ဖတ်ရာ၌လည်း ဂျီအိပ်ခ်ျလုစ်တို့၊ ဒေါက်တာထင်အောင်တို့ထက်ပင် သာသေးသည်။ လက်နက်အမျိုးမျိုး ကိုလည်း ကိုင်တွယ်ပစ်ခတ်တတ်သေး၏။ ဤမျှတော်သော ဆားပုလင်း နှင်းမောင်ဖြစ်ပါသည်။ ဘက်စုံကျွမ်းကျင်ပုံကား ဆိုဖွယ်ရာပင်မရှိတော့။ အကယ်စင်စစ် ဤမျှလောက်သောပညာများကို ဆားပုလင်းနှင်းမောင်သာ တကယ်တတ်ရိုးမှန်လျှင် သူ့အသက်သည် အနည်းဆုံးအနှစ်သုံးရာ ခန့်ရှိရမည်ဖြစ်သည်။ ထိုမျှလောက်ရှိမှသာ အားလုံးကိုသိမည်၊ တတ်မည်၊ ဘက်စုံကျွမ်းကျင်မည်ဖြစ်သည်။ ထိုထက်ပို၍လည်း ကြာကောင်း ကြာနိုင်သေး၏။ လူ့သက်တမ်းတခုအတွင်း အားလုံးသိဖို့တတ်ဖို့ဆိုသည် မှာ မဖြစ်နိုင်ပေ။
သို့သော် မြန်မာနိုင်ငံ၌ အချို့သောပုဂ္ဂိုလ်များသည် သူတို့အသင်းအဖွဲ့က သင်ကြားပေးလိုက်၍ သင်တန်းပြီးဆုံးသွားပြီဆိုလျှင် ဆားပုလင်းနှင်းမောင်လို အားလုံးကိုသိပြီတတ်ပြီဟု ထင်တတ်ကြသည်။ ထိုသူများသည် စိုင်ကော်၍ချုံပေါ်ရောက် တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရသောအခါ သူတို့ကိုယ်သူတို့ အားလုံးသိအားလုံးတတ်ထင်ကာ ဘ၀င်မြင့်တတ်ကြသည်။ လောက၌ ငါတို့လောက်သိသူ တတ်သူမရှိဟုဆိုကာ ထင်ရာစိုင်းတတ်ကြသည်။ နေရာတကာ တလွဲအမိန့်ပေးတတ်ကြသည်။ ထိုသို့ဖြင့် ကောင်းနေသမျှအရာကို ဆိုးစေသော(ကောင်းဆိုးစီမံကိန်းများ)ပေါ်ပေါက် လာစေတော့၏။ မြို့လယ်ကောင်တွင် သွားရေးလာရေးအဆင်ပြေနေသော တက္ကသိုလ်များကို မြို့ပြင်သို့ပို့ပစ်ခြင်း၊ လေးနှစ်သင်ရမည့်ဘွဲ့ကို သုံးနှစ်သာသင်စေခြင်း၊ ပါရဂူဘွဲ့ကို နိုင်ငံခြားသို့သွားယူမည့်အစား ပြည်တွင်းမှာပင် ဖောဖောသီသီပေးခြင်း၊ သင်္ချိုင်းကုန်းကိုဖျက်ပြီး နိုက်ကလပ်လုပ်ခြင်း၊ ပလက်ဖောင်းအကောင်းများကို ဖျက်ခြင်း၊ အမျိုးသားစာကြည့် တိုက်မြေနေရာနှင့် အဆောက်အဦကို ခရိုနီသို့ လက်လွှဲရောင်းချခြင်း၊ ဌာနဆိုင်ရာများတွင် မိုးကျရွှေကိုယ်များ ခန့်အပ်ခြင်း၊ ဘာမှမတတ်သူကို ဦးစီးမှူး၊ ညွှန်မှူးများခန့်အပ်ခြင်း၊ ရှေးဟောင်းဘုရားများကို အတင်း အဓမ္မပြုပြင်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲ၌ ဟိုတယ်ဆောက်ခြင်း၊ မျှော်စင်ဆောက်ခြင်း စသော ကောင်းဆိုးစီမံကိန်းများကို အနှီပုဂ္ဂိုလ်များက ဖော်ဆောင်လေ၏။ အဆိုးဆုံးမှာ န၀တ/နအဖ စစ်အစိုးရ လက်ထက်က ပညာရေးကော်မတီဥက္ကဋ္ဌဆိုသူက တက္ကသိုလ်၊ ကောလိပ်များသို့ရောက်လာလျှင် ပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိကများကို ထိုင်ခိုင်းကာ မိန့်ခွန်းခြွေသြ၀ါဒပို့ချခြင်း ဖြစ်သည်။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဆရာကြီး၊ ဆရာမကြီးများကို ဘာမှရေရေရာရမသိသောသူက လက်ချာရိုက်နေခြင်းပေတည်း။ ဘက်စုံကျွမ်းကျင်သင်တန်းဆင်းများ ကြီးစိုးနေပုံဖြစ်သည်။ ထိုသို့ ဘက်စုံဆရာကြီးများ ကြီးစိုးလိုက်ရာ မြန်မာ နိုင်ငံသည် အနှစ်၅၀ အတွင်း မွဲပြာကျသွားခြင်းမှာ အံ့သြစရာမရှိပေ။
နိုင်ငံတကာတွင်တော့ တခုကောင်းတတ်သူ ကျွမ်းကျင်ပညာရှင်ကို အလွန်လေးစားတန်ဖိုးထားကာ နေရာပေးကြပေ၏။ တခုကောင်း ကျွမ်းကျင်သူကို မည်မျှနေရာပေးသနည်းဟူမူ ၀ိုင်အရက်ချက်သောစက်ရုံ များတွင် ၀ိုင်အရက်၏အရသာကို မြည်းစမ်းသောက်ကြည့်ပြီး ဝေဖန် အကြံပေးရသော Wine taster ခေါ် အရသာမြည်းတတ်သူများကို တခုတ်တရ လခကောင်းကောင်းပေးကာ အလုပ်ခန့်ထားတတ်ကြသည်။ Tea taster ခေါ် လက်ဖက်ရည် အရသာကောင်းမကောင်းမြည်းပေးသူများကိုလည်း လက်ဖက်ခြောက်ကုမ္ပဏီများက ခန့်ထားကြသည်။ ဒါလေးပဲကွာ၊ ငါတို့မိုးကျရွှေကိုယ်အဖွဲ့က လုပ်တတ်ပါတယ်၊ သူ့လခပေးမယ့်အစား ကိုယ့်ဘာသာမြည်းမှာပေါ့။ ငါတို့မှာလည်း လျှာပါတာပဲဆိုသူများနှင့်တွေ့ပါက ၀ိုင်မြည်းသူများ အလုပ်ပြုတ်မှာသေချာပေသည်။ ၀ိုင်အရသာလည်း မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းမရှိသဖြင့် လူကြိုက်နည်းကာ စက်ရုံပြုတ်မှာ သေချာလေသည်။ ပုဂံတွင် ဟိုတယ်တခုမှာ နိုင်ငံခြားသား မန်နေဂျာကွယ်လွန်သွားသောအခါ မြန်မာရှယ်ယာပိုင်ရှင်များက နိုင်ငံခြားသားငှားလျှင် ပိုက်ဆံကုန်သည်ဆိုကာ ဟိုတယ်ပညာမတတ်ပါဘဲ သူတို့ ဘာသာ မန်နေဂျာဝင်လုပ်ကြ၏။ ခရစ္စမတ်နှင့် နှစ်သစ်ကူးအခါသမယသို့ရောက်သောအခါ အခြားဟိုတယ်များက နှစ်သစ်ကူးအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကျင်းပပေးပြီး နှစ်သစ်ကူးညစာကို ဈေးကြီးကြီးနှင့် ရောင်းချကြသည်။ ထိုဟိုတယ်ကလည်း သူများလုပ်သလို လိုက်လုပ်သည်။ လက်မှတ်များဈေးကြီးကြီးနှင့် ရောင်းသည်။ သို့သော် သူများဟိုတယ်တွေက ငွေကုန်ကြေးကျခံကာ ဂီတဖျော်ဖြေပွဲတွေ၊ Dancer အဖွဲ့တွေ၊ အဆိုတော်တွေငှားတာလုပ်သောအခါ ထိုမန်နေဂျာလက်သစ်တို့သည် ငွေကုန်မခံချင်သဖြင့် ဖျော်ဖြေရေးအစီအစဉ်များကို တော်ရိလျော်ရိအဖြစ် သဘောလောက်ကျင်းပသည်။ ငွေကုန်ကြေးကျနည်းသော ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ နွားလှည်းမောင်းပွဲ စသည်များကိုသာ ထည့်သွင်းကျင်းပကာ နှစ်သစ်ကူးပါတီပွဲ ကျင်းပသည်။ နိုင်ငံခြား ဧည့်သည်များက Compliant တက်ကြသဖြင့် နောက်နှစ်တွင် ခရစ္စမတ်ကာလ၌ ထိုဟိုတယ်မှာ ကျီးနှင့် ဖုတ်ဖုတ်ဖြစ်နေလေသည်။ ဘက်စုံထူးချွန် သူများအဖြစ် နေရာတကာ တတ်ချင်ယောင် သိချင်ယောင်ဆောင်ကြသော အကျိုးကျေးဇူးပေတည်း။
လူသည် ဘက်စုံမထူးချွန်နိုင်။ ထိုသို့ မထူးချွန်သည်ကိုလည်း ရှက်စရာမလို။ တယောက်တည်းက ဘက်စုံမတော်နိုင်သောကြောင့်သာ ဆေးပညာတွင် အရိုးအကြော အထူးကု၊ နှလုံးအထူးကု၊ အစာအိမ်နှင့် အူလမ်းကြောင်း အထူးကု၊ ဦးနှောက်နှင့် အာရုံကြောအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု၊ ကလေး အထူးကု စသည်ဖြင့် ခွဲခြားထားကြခြင်း ဖြစ်သည်။ တယောက်တည်းက အားလုံးတတ်နေလျှင် Specialist ဆိုသည်မှာရှိတော့မည်မဟုတ်။ အဓိကကျသည်မှာ ဘယ်အလုပ်သည် ဘယ်ကျွမ်းကျင်သူနှင့်သာ သင့်လျော်သည်ဟူသော ဆုံးဖြတ်ချက်ကို ချနိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် နိုင်ငံတနိုင်ငံကို အုပ်ချုပ်မည့်သူသည် ကိုယ့်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များကို သိထားရပေမည်။ ဘယ်သူသည် ဘယ်အလုပ်နှင့်တော်သည်။ မည်သူသည် မည်သည့်ဌာနနှင့် သင့်တော်သည်။ ဘယ်အလုပ်ဆိုလျှင် ဘယ်သူ့ကို ခိုင်းရမည်ဆိုခြင်းကို သေချာပေါက်သိရပေမည်။ ကိုယ့်ပါတီ ကိုယ့်အဖွဲ့မှလူများကိုသာ ဇွတ်နေရာမပေးသင့်ပေ။ ထိုသို့မဟုတ်ပါက သွားကိုက်သူကို ခြေထောက်ဖြတ်ခိုင်းသလို ရှိပေလိမ့်မည်။ တနိုင်ငံလုံး၏ အရေးကိစ္စကို သမ္မတသည် ကိုယ်တိုင်လိုက်လုပ်နိုင်သည် မဟုတ်။ ဘောလုံးပွဲတပွဲလို ပွဲထွက်လူစာရင်း (First line-up) လူထုတ်ပုံမှန်လျှင် မှန်သလို စွမ်းဆောင်ရည် မြင့်မားပေလိမ့်မည်။
မြန်မာနိုင်ငံဝယ် ၁၉၆၂ မှစကာ ယနေ့အချိန်အထိ ထိုက်ထိုက်တန်တန် မတိုးတက်ရခြင်းမှာ မှန်ကန်သောလူရွေးချယ်မှုမလုပ်နိုင်ဘဲ၊ ငါသာသိ ငါသာတတ် ဘက်စုံထူးချွန်ဆိုသော အတ္တကြီးသလောက် အမြော်အမြင် မကြီးသည့် လူများ၏လက်ချက်ကြောင့် ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် သမ္မတလုပ်မည်ဆိုလျှင် သမ္မတအရည်အချင်းများစွာထဲမှ အချို့မှာ
– အသက် ၄၅ နှစ်ပြည့်ရမည်
– နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးအမြင်များရှိရမည်
– မြန်မာနိုင်ငံတွင် နှစ် ၂၀ နေဖူးရမည်
– နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူ နိုင်ငံသားဖြစ်ရမည်
– ဇနီး၊ခင်ပွန်း၊ သားသမီး၊ ချွေးမ၊ သမက်များသည် နိုင်ငံခြားသားမဖြစ်စေရဟူ၍ဖြစ်သည်။
ထူးဆန်းသည်မှာ ပညာအရည်အချင်းနှင့်ပတ်သက်ပြီး တိကျရေရာသော သတ်မှတ်ချက်ပြဋ္ဌာန်းထားခြင်းမရှိပေ။ နိုင်ငံတနိုင်ငံ၏ ခေါင်းဆောင်သည် ပညာတော့တတ်ကိုတတ်ရပေမည်။ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်။ ကမ္ဘာကြီးကို ပညာကကြီးစိုးထား၏။ ထိုမျှအရေး ကြီးသောပညာကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်သတ်မှတ်မှတ်အရည် အချင်းကန့်သတ်ချက်ထည့်မထားခြင်းမှာ ထူးဆန်းလှသည်။ စစ်ရေးအမြင်ရှိရမည်ဆိုခြင်းကိုတော့ မဖြစ်မနေထည့်သွင်း ထားပေသည်။ တကယ်တော့ အမြင် (Vision)ဆိုသည်မှာ တိုင်းတာ၍ရသောကိစ္စမဟုတ်။ မည်သူမဆို အမြင်တော့ရှိကြသည်သာ ဖြစ်သည်။ သီဟတင်စိုးတွင်လည်း စစ်ရေးအမြင်ရှိသည်။ မိုရှေဒါယန်းတွင်လည်း စစ်ရေးအမြင်ရှိသည်။ ကလင့် အိစ်ဝုဒ်တွင်လည်း စစ်ရေးအမြင်ရှိသည်။ သို့သော် အမြင်ဆိုသည်မှာ တိုင်းတာ၍မရပေ။ ပညာကတော့ ထိုသို့မဟုတ် တိုင်းတာသတ်မှတ်၍ ရသည်။
ဥပမာ သမ္မတလုပ်မည့်သူသည် ပြည်တွင်း(သို့မဟုတ်) ပြည်ပ တက္ကသိုလ်တခုခုမှ ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့တခုခု ရရှိရမည်။ သမ္မတ လုပ်မည့်သူသည် အနိမ့်ဆုံး နိုင်ငံခြားဘာသာစကားတခုခု (အထူးသဖြင့် နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာ စကားကို) စကားပြန် မလိုဘဲ ပြောဆိုနိုင်ရမည်ဟု သတ်မှတ်ဖို့ကောင်းလှသည်။ အဘယ့်ကြောင့် ဆိုသော် ဘောလိဝုဒ်မှ ကုလားသရုပ်ဆောင်များ အကယ်ဒမီဆုယူရာတွင်ပင် အင်္ဂလိပ်လိုကျေးဇူး တင်စကားပြောနေနိုင်သောခေတ်တွင် ကမ္ဘာ့ခေါင်းဆောင်များအလည်တွင် စကားပြန်မှတဆင့် စကားပြောနေရသောအဖြစ်သည် မတင့်တယ်သောကြောင့် ဖြစ်သည်။ ရယ်စရာပြော၍ ငါးမိနစ်ကြာမှ ရယ်မောသောသူ၊ ၀မ်းနည်းစရာပြော၍ အချိန်အတော်ကြာမှ မျက်နှာပျက်ရမှန်းသိသူနှင့် မည်သူကမျှ ရင်းရင်းနှီးနှီး စကားပြောချင်မည်မဟုတ်ပေ။
ထို့ကြောင့် နိုင်ငံ့ခေါင်းဆောင်ရွေးကြသောအခါ ဆားပုလင်းနှင်းမောင်လို ဘက်စုံထူးချွန်သူကို ရဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။ သို့သော် ကမ္ဘာ့အလည်တွင် ချပြစရာ ပညာတခုရေရေရာရာရှိ၍ နိုင်ငံတကာအလည်တွင် မျက်နှာမငယ်ရသော ပညာတတ်ပုဂ္ဂိုလ်ဖြစ်ဖို့ အရေးကြီးပါသည်။ ဘက်စုံမထူးချွန်လဲနေပါ။ သမ္မတလုပ်မည့်သူသည် ဘွဲ့ရပညာတတ်တယောက်ဖြစ်ရမည်၊ အင်္ဂလိပ်လိုစကားပြန်မလိုဘဲ အသင့်အတင့်ပြောတတ်ရမည် ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ တွင် နောက်ဆက်တွဲအဖြစ်ထည့်သွင်း ဖော်ပြသင့်ပါသည်။ တကယ်တော့ နိုင်ငံ တနိုင်ငံကို ခေါင်းဆောင်မည်ဆိုလျှင် ပန်းတပွင့်အစ်မကြီးထမင်းဆိုင်မှ ဒေါ်အရွှေကြီးလို ဘာလာလာရသော၊ မွေးကတည်းက အဋ္ဌာရသဆယ့်ရှစ်ရပ်တတ်လာသည်ဟု ကိုယ့်ဘာသာထင်နေသည့် ဘက်စုံထူးချွန်သင်တန်းဆင်းများ၊ အရာရာသိသော ကိုတတ်ပ၊ မတတ်ပများ မလိုအပ်ပါ။ ထိုကိုတတ်ပများကြောင့် တိုင်းပြည် ဆင်းရဲမွဲတေသွားရခြင်းဖြစ်ပါသည်။ အကောင်းအဆိုးကို ခွဲခြားနိုင်သော ဥာဏ်ပညာနှင့်ပြည့်စုံသည့် အရပ်သားပညာတတ်သမ္မတ တယောက်သာ မြန်မာနိုင်ငံက လိုအပ်နေပါသည်။ တိုင်းပြည်တခုထွန်းကားချင်လျှင် စစ်အစိုးရအရာရှိကြီးများလို Jack of all trades တတ်ယောင်ကားတွေ ရှိနေရုံဖြင့် အလုပ်ဖြစ်လိမ့်မည်မဟုတ်။ ဘာသာရပ်တခုချင်းကို ကျွမ်းကျင်သေချာစွာတတ်မြောက်သော Professioanl တွေ နေရာရဖို့ လိုအပ်ပါကြောင်း။
from-News Watch
BrainWave
Credit – Aung Ko Ko Aung