ကမ္ဘာ့ပထမဆုံး သိပ္ပံပညာရှင် – အိဗ်နု အလ် ဟိုင်သမ် (Alhazen)

ကမ္ဘာ့ပထမဆုံး သိပ္ပံပညာရှင် – အိဗ်နု အလ် ဟိုင်သမ် (Alhazen)

မတ်လ ၊ ၁၉ ၊ ၂၀၁၃ M-Media စုစည်းတင်ပြသူ – ဂျူလိုင်ရဲရင့်

ibn_al-haythamအတိတ်ခေတ်က မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေအကြောင်းကို လေ့လာကြည့်လိုက်ပါ။ သူတို့ရဲ့ ထက်မြက်မှု၊ ကျွမ်းကျင်လိမ္မာစွာ အကောင်အထည်ဖော်မှု၊ ပညာမျှဝေပေးမှုတွေက ကမ္ဘာကြီးကို ခေတ်မှီသွားစေတာကို တအံ့တသြကြီး တွေ့ကြရပါလိမ့်မယ်။ သူတို့ တစ်ဦးချင်းစီဟာ ဒီနေ့ခေတ်ကာလ နဲ့ သူတို့ခေတ်ကာလကို ကမ္ဘာ့အပြောင်းအလဲဖြစ်သွားစေတဲ့ အမွေတစ်ရပ်စီ ထားရစ်ပေးခဲ့ကြတယ်။ ဒီလို သမိုင်းမှတ်တိုင်ထူခဲ့ကြတဲ့သူတွေထဲက သိပ္ပံပညာရှင်တစ်ဦးရှိတယ်။ သူကတော့ စူးစမ်းတီထွင်ပညာရှင်ကြီး အိဗ်နု အလ် ဟိုင်သမ် ( ၉၆၅ – ၁၀၄၀) ပါဘဲ။

အဘ္ဘာစစ် ခလီဖာမင်းဆက်ကာလ၊ အီရတ်နိုင်ငံက ဘဆ်ွရာမြို့မှာ သူ့ကို မွေးဖွားခဲ့တယ်။ ဘဂ္ဂဒက်မြို့မှာ ပညာ့ဗိမာန် တည်ထောင်ပြီး နှစ်ပေါင်း ၁၀၀ နီးပါးမှာပေါ့။ သူ့ဘ၀အစောပိုင်းမှာ အဲ့ဒီအချိန်က မွတ်စ်လင်မ် ကမ္ဘာမှာရှိနေတဲ့ လေ့လာရေး၊ တိုးတက်ရေး ယဉ်ကျေးမှုတွေကို တော်တော် အထင်ကြီးခဲ့တယ်။ အစ္စလာမ့်ရေးရာပညာရပ်တွေသင်ကြားပြီး သိပ်မကြာခင် ဘဆ်ွရာရဲ့ မြို့တော်ဝန် ဖြစ်လာခဲ့တယ်။ မြို့တော်ဝန်ဘ၀မှာလဲ သူဟာ သိပ္ပံနဲ့အခြား လက်တွေ့ကျတဲ့ဒဿနိကဗေဒ ဘာသာရပ်တွေကို လေ့လာ မပျက်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ မွတ်စ်လင်မ်ဒေသ တစ်နေရာရောက်သွားပြီး ပြင်ပလောကနဲ့ခေတ္တ အဆက်ပြတ်သွားရာကနေ ကြီးကျယ်မှုတွေ ပွင့်ထွက်လာပါတော့တယ်။

အီဂျစ်ပြည်ရောက် အိဗ်နု အလ် ဟိုင်သမ်

သူ ဘဆ်ွရာမြို့တော်ဝန်ဖြစ်နေချိန် အီဂျစ်ပြည်မှာ ဖာသွိမိုဒ် ခလီဖာ က အလ် ဟကီးမ် ဖြစ်တယ်။ သူဟာ အီရတ်က စွန္နီမွတ်စ်လင်မ် အဘ္ဘာစစ်မင်းတွေရဲ့ ပြိုင်ဖက် အစ္စမာအီလီ ရှီအဟ် ခလီဖာခေါင်းဆောင် ဖြစ်တယ်။ အလ် ဟကီးမ်က အိဗ်နု အလ် ဟိုင်သမ်ဟာ နိုင်းလ်မြစ်ကို ပိတ်ဆို့နိုင်တဲ့ အကြံကောင်း ရှိနေတယ်လို့ ကြားရတယ်။ သူဟာ ရှေ့နောက်မညီ အငြင်းသန်လွန်းသူတစ်ဦး၊ ရှီအဟ်ဝါဒအစဉ်အလာကနေခွဲထွက်လာတဲ့ အစ္စမာအီလီဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်ပေမယ့် မိမိနယ်မြေအတွက် အကျိုးပြုသူမှန်သမျှကို လက်ကမ်းကြိုဆိုတတ်သူဖြစ်တယ်။ နိုင်းလ်မြစ်ကို ပိတ်မယ့်အတွေးအမြင်နဲ့ပတ်သက်ပြီး ချဉ်းကပ်ဖို့ အလ် ဟကီးမ်က အိဗ်နု အလ်ဟိုင်သမ်ကို အီဂျစ်လာဖို့ ဖိတ်ခေါ်ခဲ့တယ်။ အလ်ဟိုင်သမ်ဟာ နိုင်းလ်မြစ် တစ်လျှောက် လေ့လာပြီးတဲ့အခါ အဲ့ဒီခေတ်ကာလက နည်းပညာနဲ့ အထမြောက်အောင်ဆောင်ရွက်လို့မဖြစ်နိုင်ကြောင်း ရိပ်စားမိသွားတယ်။ ဒါက ပြဿနာ တက်ရပါပြီ။ အလ် ဟကီးမ်ဟာ အဆင်ခြင်မဲ့ ရက်စက်တတ်သူ ၊ စိတ်မမှန်ဘဲ ရူးသွပ်စွာပြုမူဆက်ဆံတတ်သူလို့ ကျော်ကြားတယ်။ ဒီတော့ သူ့အန္တရာယ်ကလွတ်အောင်
အလ်ဟိုင်သမ်ဟာ အဲ့ဒီပုဂ္ဂိုလ်ထက် ပိုပြီး ရူးနှမ်းသူအဖြစ် ဟန်ဆောင်ပစ်လိုက်တယ်။ အဲ့ဒီလို ရဲရဲတောက် ရူးချင်ယောင်ဆောင်လိုက်တဲ့အခါ အသက်ဘေးက သီသီလေး လွတ်သွားရပေမယ့် ကိုင်ရိုမြို့မှာ အကျယ်ချုပ်အကျဉ်းစံဘ၀ ရောက်သွားခဲ့တယ်။ အဲ့ဒါ အလ်ဟိုင်သမ်ရဲ့ နောက်ဆုံး ဘ၀သက်တမ်း ၁၀ နှစ်ပါဘဲ။

ထက်မြက်လှတဲ့ သိပ္ပံပညာရှင်ကြီးဟာ အဲ့ဒီ ၁၀ နှစ်တာကာလကို ဒုက္ခလို့ မမြင်ခဲ့ဘူး။ သူလုပ်ချင်နေတဲ့ သူ့ရဲ့သုတေသနအလုပ်တွေကို ငြိမ်းချမ်းစွာ တိတ်တဆိတ်လုပ်ခွင့် ရသွားလို့လေ။ အဲ့ဒီအတော အတွင်း အလင်းနဲ့ပတ်သက်ပြီး စူးစူးစိုက်စိုက် လေ့လာပါတော့တယ်။ အလင်း /အလင်းရောင်ဆိုတာ ဘာလဲ၊ ဘယ်လို လုပ်ဆောင်ချက်တွေရှိလဲ၊ အရာဝတ္ထုတွေကို လူသားတွေက ဘယ်ပုံဘယ်နည်းနဲ့မြင်တွေ့ရတာလဲ ဆိုပြီး သူ သိချင်ခဲ့တယ်။ သူ့ရဲ့လေ့လာမှုနဲ့ရှာဖွေတွေ့ရှိမှုတွေဟာ အပြောင်းအလဲတစ်ရပ်သာဖြစ်ပေမယ့် သူ သုတေသနပြုလိုက်တဲ့လမ်းကြောင်းဟာ အကြီးမားဆုံး အထောက်အကူပြုပညာရပ်ကြီးတစ်ရပ် ဖြစ်သွားခဲ့ပါတယ်။

သိပ္ပံနည်းကျ ပညာရပ်

ဘယ်အရာမဆို သက်သေပြချက်ရှိရမယ်ဆိုတဲ့အချက် ကနေ့သိပ္ပံပညာသင်ကြားသူတိုင်း နားလည်ထားပြီးသားပါ။ လက်တွေ့စမ်းသပ်ချက် မပါဘဲ ယူဆချက်သက်သက်ကိုသာ အခြေခံပြီး သိပ္ပံဆိုင်ရာ သီအိုရီများကို ဖော်ထုတ်တင်ပြလို့ မရနိုင်ပါဘူး။ အိဗ်နု အလ်ဟိုင်သမ်ရဲ့ အလျင်က ဒီအချက်ဟာ အရေးပါအရာရောက်မှု မရှိခဲ့ပါဘူး။ ရှေးခေတ် ဂရိတွေရဲ့ သိပ္ပံအတွေးအခေါ်တွေက အားကောင်းနေခဲ့တယ်။ ဂရိတွေဟာ သိပ္ပံ အချက်အလက်ကို ဆင်ခြင်တုံတရားအားဖြင့် ရှာဖွေနိုင်တယ် သို့တည်းမဟုတ် နတ်ဘုရားတွေရဲ့ ဆောင်ရွက်ပေးမှုလို့ယုံကြည်ခဲ့ကြတယ်။ ဒါကို အိဗ်နု အလ်ဟိုင်သမ် ကောင်းကောင်းနားလည်ထားပါတယ်။ ဒီကြားထဲကနေ အချက်အလက် အသစ်တစ်ရပ်အတွက် သက်သေပြချက်ပေးနိုင်ရမယ် ဆိုတဲ့ သိပ္ပံနည်းကျပညာရပ်အဆိုကို ချပြခဲ့တာကတော့ ရာဇ၀င်မှာ အိဗ်နု အလ်ဟိုင်သမ်က ပထမဆုံးသောသိပ္ပံပညာရှင် ဖြစ်ခဲ့တယ်။

ဒီလို သိပ္ပံနည်းကျပညာရပ်သမိုင်းနဲ့ပတ်သက်လာယင် ကနေ့ခေတ် အနောက်တိုင်းသင်ရိုးစာအုပ်တွေထဲမှာ မဆိုစလောက်လေးသာဖော်ပြ တတ်ကြတယ်။ ရှေးဂရိ အတွေးအခေါ်တွေကိုသာ ပုံကြီးချဲ့ထားကြတယ်။ ခေတ်သစ်သိပ္ပံဟာ ရော်ဂျာဘေကဲန်၊ ဂလီလီယို ဂါလီလေး နဲ့ အိုင်းဇက် နျူတန် တို့ကြောင့် ဖြစ်လာသယောင်ယောင်နဲ့ပေါ့။ သူတို့မေ့လျော့နေတဲ့ အမှန်တရားတစ်ခုရှိတယ်။

အဲ့ဒါကတော့ အဲ့ဒီ ဥရောပသားပညာရှင်တွေဟာ အိဗ်နု အလ်ဟိုင်သမ် (နဲ့အခြား မွတ်စ်လင်မ်သိပ္ပံပညာရှင်တွေ)ရဲ့ ပုခုံးပေါ်တက်ရပ်ခြင်းဆိုတဲ့ အကြောင်းပါ။ (တစ်နည်းဆိုရယင် စိန်နားကပ်ရောင်နဲ့ ပါးပြောင်ကြတာပါ)။ တကယ်လို့သာ သက်သေပြနိုင်မှသိပ္ပံသီအိုရီများ ဖြစ်တယ် ဆိုတဲ့ သူ့အိုင်ဒီယာ မရှိလာခဲ့ယင် – အခြေခံသိပ္ပံဆိုတာက ရမ်းတုပ်မှန်းဆမှုတွေ၊ အယူသည်းမှုတွေ၊ သက်သေပြမရတဲ့ဒဏ္ဍာရီတွေဖြစ်နေတဲ့ ခေတ်ဆွေးကြီးထဲ ကျွန်တော်တို့အားလုံး နေထိုင်နေကြရဦးမှာ မလွဲပါဘူး။

စက္ခုဗေဒကျမ်း

အိဗ်နု အလ်ဟိုင်သမ်ဟာ သူရဲ့သိပ္ပံဆိုင်ရာတော်လှန်ရေးအမြင်ကို အသုံးပြုပြီး စက္ခုဗေဒပညာရပ်နယ်ပယ်ထဲ တိုးတက်မှုနဲ့ အနားသတ်ပေးနိုင်ခဲ့တယ်။ အလင်းဟာ မျက်စေ့ထဲ ကထွက်ပြီး အရာဝတ္ထုတွေအပေါ်ခုန်ပေါက်ရောက်ရှိသွားတယ်၊ တစ်ခါ မျက်စေ့ထဲ ပြန်ဝင်လာတယ် ဆိုတဲ့ ရှေးဟောင်းဂရိအတွေးအခေါ်ကြီး မှားယွင်းနေကြောင်း သူက ပထမဆုံး သက်သေပြခဲ့သူပါ။ ဒါ့အပြင် မျက်စေ့ရဲ့လုပ်ငန်းစဉ်ကိုလည်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖော်ထုတ်ခဲ့တယ်။ တစ်ချိန်က ပညာရှင်တို့ရဲ့ဗဟုသုတနဲ့ခွဲခြမ်းစိပ်ဖြာမှုအတတ်ကို အသုံးပြုပြီး မျက်လုံးထဲ အလင်းရောင်ဝင်ရောက်ပုံ၊ အလင်းစုစည်းပုံ၊ မျက်လုံးနောက်ဖက်မှာ ပုံရိပ်ထွက်ပုံကို ပထမဆုံး ရှင်းပြနိုင်ခဲ့တယ်။

pinhole-camera

အလားတူစွာဘဲ သူက ကင်မရာရဲ့သဘောသဘာဝကို ပထမဆုံး လေ့လာတင်ပြခဲ့သူလည်း ဖြစ်ပြန်တယ်။ ကင်မရာရဲ့အယူအဆက ရှင်းရှင်းလေးပါ။ ဘူးခွံတစ်ဖက်မှာ အပေါက်သေးသေးလေးဖောက်ထားတယ်။ ဘူးခွံအတွင်းထဲကနေ အပြင်ဖက်အရာတွေကို ခြုံလွှမ်းမြင်တွေ့နိုင်ဖို့သာ ဖြစ်တယ်။ ဒါက ခုခေတ်ကင်မရာတွေရဲ့ အလုပ်လုပ်ဆောင်ပုံ အတိုင်းပါဘဲ။ ခုခေတ်မှာကတော့ မှန်ဘီလူးတွေ ထပ်ဖြည့်ထားတာပဲ ကွာခြားချက် ရှိတာပါ။ ကျွန်တော်တို့သိရှိထားတဲ့ ခေတ်မှီဓါတ်ပုံပညာရပ် မတိုင်မီ နှစ်ရာပေါင်းများစွာကတည်းက ဒီလိုပုံစံမျိုးကို အိဗ်နု အလ်ဟိုင်သမ်က တည်ဆောက်နိုင်ခဲ့ပြီးပါပြီ။

ဒါတင်မကသေးပါဘူး။ ရေပြင် သို့မဟုတ် ဖန်သား စတဲ့ ကြားခံနယ်တစ်ခုခုထဲ အလင်းဖြတ်သန်းပုံစံနစ် (အလင်းယိုင်ခြင်း) ကိုလည်း လေ့လာဖော်ထုတ်ခဲ့သူပါ။ ဒီတင်ပြချက်ကနေတဆင့် ဆည်းဆာချိန်မှာ ဘာကြောင့်ကောင်းကင်အရောင်ပြောင်းသွားသလဲဆိုတာကို ရှင်းပြသွားနိုင်ခဲ့ပါတယ် ( နေရဲ့အလင်းတန်းက လေထုကို ထောင့်ချိုး တစ်ခုကနေ ထိခတ်တဲ့အခါ ရောင်ခြည်လမ်းလွဲမှု ဖြစ်သွားစေတယ်)။

ဒီအချက်ကနေထပ်ဆင့်ပြီးတော့ ကမ္ဘာ့လေထုရဲ့ထုထည်ကို တွက်ပြနိုင်ခဲ့တယ်။ ဒါဟာ အာကာသယာဉ်နဲ့ လက်တွေ့မပြနိုင်ခင် နှစ်ပေါင်း ၁၀၀၀ လောက်က ဖြစ်ပါတယ်။ အဲ့ဒီ စက္ခုဗေဒကျမ်းကို ဘာသာပြန်လိုက်တဲ့ခါ ဥရောပတစ်ခွင် ဟိုးလေးတကျော် ဖြစ်သွားတယ်။ နောက်ပိုင်း ဥရောပသားပညာရှင်တွေက ဒီကျမ်းကို အခြေပြုလို့ အလင်းနဲ့စက္ခု အလုပ်လုပ်ဆောင်ချက်၊ သူတီထွင်ချပြခဲ့တဲ့ ကိရိယာများကို ပေါ်ထွက်လာအောင် လုပ်နိုင်ခဲ့ကြတာပါ။

နောက်တစ်ဆင့်တက်ပြီး မျက်ကပ်မှန်တို့၊ မှန်ဘီလူးတို့၊ အဝေးကြည့်မှန်ပြောင်းတို့၊ ကင်မရာတို့ စသဖြင့် တိုးမြှင့်ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ အလင်း ၏ အလွန် အလင်းအကြောင်း နဲ့ အလင်းဆိုင်ရာပစ္စည်းပစ္စယတွေအကြောင်း နားမလည်ယင်၊ မသုံးယင် ၂၁ ရာစုမှာ ကျွန်တော်တို့ လူဖြစ်ရကျိုးမနပ်သလို ၊ မပြည့်စုံသလို ဖြစ်နေပါပြီ။ အလင်းဆိုင်ရာ အကြောင်းအရာတင် မကသေးဘူး – အိဗ်နု အလ်ဟိုင်သမ်ဟာ တခြားပညာရပ်နယ်ပယ်တွေမှာ စဦး လမ်းဖောက်သူလည်း ဖြစ်ခဲ့တယ်။

သူဟာ ၁၀၂၀ နဲက ၁၀၃၀ ခုနှစ်များမှာ အာကာသလေ့လာရေးပညာ (Astronomy) ကျမ်းများစွာကိုလည်း ရေးသားခဲ့တယ်။ ကြယ်၊ ဂြိုလ်တွေ ရွေ့လျားမှု ဆိုင်ရာ တော်လမီရဲ့တွေးလုံးတွေ မှားယွင်းကြောင်း သူက ထောက်ပြခဲ့တယ်။ စကြ၀ဠာအလုပ်လုပ်ပုံစံနစ်ကို ယုတ္တိဆန်တဲ့ အမြင် တစ်ရပ်ကိုလည်း  ချပြနိုင်ခဲ့တယ်။  ကမ္ဘာဂြိုလ်ဟာ စကြ၀ဠာရဲ့ဗဟိုချက်မ ဆိုတဲ့ ဂရိအတွေးအခေါ်ကို ရိုက်ချိုးပစ်လိုက်တာပါ။

GodfreyKneller-IsaacNewton-1689

စင်စစ်မှာတော့ နျူတန်ပြောတဲ့ ကမ္ဘာ့ဆွဲအားအကြောင်းဟာ သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့
ပန်းသီးကြောင့် မဟုတ်ပါဘူး – အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကျမ်းဂန်တွေထဲက အချက်အလက်တွေသာဖြစ်ပါတယ်။

နက္ခတ္တဗေဒ (Astrology) ဟာ သိပ္ပံပညာရပ် မဟုတ်ကြောင်း ပြတ်ပြတ်သားသား ချေပခဲ့တယ်။ သက်သေပြချက်လိုအပ်တယ်ဆိုတဲ့ သူ့ရဲ့ကိုယ်ပိုင် သိပ္ပံအတွေးအမြင်ကို မြဲမြံစွာ ဆုပ်ကိုင်လို့ နက္ခတ္တဗေဒဟာ မည်သည့်သိပ္ပံဘာသာရပ်နဲ့ ဆက်နွှယ်မှု မရှိကြောင်း၊နက္ခတ္တဗေဒသမားတွေရဲ့ ထင်လုံးနဲ့ခံစားချက်တွေသာဖြစ်ကြောင်း သုံးသပ်ပြခဲ့တယ်။ ဖန်ဆင်းရှင်သာလျှင် ခပ်သိမ်းသောအရာတွေရဲ့ အကြောင်းရင်းခံဖြစ်တယ် – ဂြိုလ်နက္ခတ်သွားလာလှည့်ပတ်မှုအပေါ် အရင်းမခံဘူး ဆိုတဲ့ အစ္စလာမ့်မဏ္ဍိုင် အယူဝါဒတစ်ခုနဲ့ ပြဿားတစ်လမ်းသံတစ်လမ်း ဖီလာဆန့်ကျင်နေကြောင်း နက္ခတ္တဗေဒပညာအပေါ် ဝေဖန်ခဲ့သူဖြစ်တယ်။

အလ်ဟိုင်သမ်ရဲ့ကျမ်းတွေကို ဖတ်ထားတဲ့ အိုင်းဇက် နျူတန် ဟာ ဒီအတွေးအခေါ်တွေအပေါ် အတော်ဘဲ အားထားခဲ့တယ်။ နျူတန်ဟာ ကနေ့ အသုံးပြုနေတဲ့ အင်ဂျင်နီယာ ဖော်မြူလာနဲ့နည်းစံနစ်ကို ဦးဆောင်မှုပေးမယ့် Calculus သင်္ချာပညာအခြေခံကို လေ့လာခဲ့တယ်။အရာဝတ္ထုတို့ရဲ့ရွေ့လျားမှုနိယာမ ( နောက်ပိုင်း နျူတန်ရဲ့ တတိယနိယာမ လို့ ကျော်ကြားလာတယ်)၊ အရာဝတ္ထုအချင်းချင်းဆွဲငင်အား (ကမ္ဘာ့ဆွဲအား)ကိုလည်း ရေးထုတ်ခဲ့တယ်။ စင်စစ်မှာတော့ နျူတန်ပြောတဲ့ ကမ္ဘာ့ဆွဲအားအကြောင်းဟာ သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့ ပန်းသီးကြောင့် မဟုတ်ပါဘူး – အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကျမ်းဂန်တွေထဲက အချက်အလက်တွေသာဖြစ်ပါတယ်။

အလ်ဟိုင်သမ်ဟာ အစ္စလာမ့်ပညာရေးမှာလည်း ခေသူ မဟုတ်ခဲ့ဘူး။ တမန်တော်အတုအယောင်များကို ဖော်ထုတ်နည်း၊ မက္ကဟ်မြို့တော်ဖက် မျက်နှာမူဝတ်ပြုနိုင်အောင် လားရာတွက်ချက်မှု ပညာ စာအုပ်များကိုလည်း ကျမ်းပြုရေးသားနိုင်ခဲ့သူပါ။ ခေတ်သစ်စိတ်ပညာရပ်နဲ့ပတ်သက်လို့ လူနဲ့တိရစ္ဆာန်တွေ အပေါ် တေးဂီတအသုံးချ ကုထုံးအကြောင်းကို ရှေ့ပြေး သုတေသနပြုခဲ့သူလည်း ဖြစ်နေပြန်ပါတယ်။

အမွေအနှစ်

အိဗ်နု အလ်ဟိုင်သမ်ရဲ့ ကြိုးပမ်းမှု နဲ့ တင်ပြမှုတွေဟာ ခရီးရှည်ကြီးကို ဖြတ်သန်းနေဆဲပါဘဲ။ သူပြုစုခဲ့တဲ့ကျမ်းဂန်များဟာ ၂၀၀ ကျော်အထိ ရှိခဲ့ပေမယ့် ယနေ့မှာတော့ ကျမ်းပေါင်း ၅၀ ၀န်းကျင်သာ ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေဟာ ယနေ့ကာလတိုင်အောင် ကျွန်တော်တို့ လက်လှမ်းမမီနိုင်လောက်တဲ့အထိ ရှိခဲ့မှာ အမှန်ပါဘဲ။ ကံမကောင်းအကြောင်း မလှစွာနဲ့ သူကွယ်လွန်ခဲ့ပြီးကတည်းက သူ့ရဲ့တင်ပြချက်တွေဟာ လျစ်လျူရှုခံလိုက်ရတယ်။ သူဟာ ပညာရှင်ကြီးတွေနဲ့တွဲလျက်ရှိတတ်တဲ့ ကျော်ကြားလိုမှု၊ သိက္ခာတင်မှုတွေကို လုံးဝ ဂရုမစိုက်ခဲ့သူ ဖြစ်လို့ပါဘဲ။ ဒါကြောင့်လဲ ယနေ့ကမ္ဘာမှာ သူ့ကျမ်းတွေနဲ့ပတ်သက်ပြီး သတိမထားမိကြတာပါ။ အီဗာရီယန်ကျွန်းဆွယ်က မွတ်စ်လင်မ်နယ်မြေတွေကို စပိန်တွေ ကြီးစိုးတော့ သူ့စာအုပ်တွေကို လက်တင်ဘာသာပြန်ဆိုခဲ့ကြတယ်။ ဒါပေမယ့် သူ့နာမည်ရင်းမဟုတ်ဘဲ Alhazen လို့ ဖော်ပြလိုက်ကြတယ်။ ဥရောပ ပညာနိုးကြားရေးခေတ်အတွင်း ထိပ်တန်းမွတ်စ်လင်မ်ပညာရှင်ကြီးတွေရဲ့ အမည်နာမများဟာ ဥရောပလေယူလေသိမ်းအသွင်နဲ့ ပြောင်းလဲလိုက်တဲ့အစဉ်အလာတစ်ရပ် ဖြစ်ခဲ့တယ်။ ဥရောပတိုက်က ခရစ်ယာန်တွေအကြား မွတ်စ်လင်မ်တွေကို ချိုးနှိမ်လိုတဲ့အတွက် -သူတို့ရဲ့တင်ပြချက်တွေကို ဖျောက်ဖျက်လိုတဲ့အတွက်ကြောင့်ပါဘဲ။

သူ့ရဲ့ထက်မြက်တောက်ပြောင်လှတဲ့ အသိဥာဏ်စဉ်ကို မရေတွက်နိုင်တဲ့လူတွေက ခုတုံးလုပ်ခဲ့ကြပြီးပါပြီ။ သူ့ရဲ့သုတေသန သာ မရှိခဲ့ယင် ဒီကနေ့ ကျွန်တော်တို့ သိရှိကြတဲ့ ခေတ်သစ် သိပ္ပံပညာရပ် နယ်ပယ်ဆိုတာလည်း ဖြစ်ထွန်းလာစရာအကြောင်း ရှိတော့မှာ မဟုတ်တော့ပါဘူး လို့ဘဲ ဆိုချင်ပါတော့တယ်။

Sources:
Morgan, M. (2007). Lost History. Washington D.C. : National Geographic Society.
Masood, E. (2006). Science and Islam. Icon Books.
“Ibn al-Haytham.” The Columbia Encyclopedia, 6th ed.. 2012.
Encyclopedia.com:http://www.encyclopedia.com/doc/1E1-IbnalHay.html
Steffens, B. (2007). Ibn al-Haytham : first scientist. Greensboro, N.C. : Morgan Reynolds Pub.
http://lostislamichistory.com/ibn-al-haytham-the-first-scientist/

8

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s