မောင်အောင်မွန် အပြန်တရာခွင့်လွှတ်ခြင်းဖြင့်

No automatic alt text available.

Win Aung Gyi

ကျနော်တွေးမိသလို ရေးပါမည် (၂၆၆)
မောင်အောင်မွန်
အပြန်တရာခွင့်လွှတ်ခြင်းဖြင့်
(၁)
အဖေ့အပေါ် စောစောကပြစ်မှားမိခဲ့သည်တို့ကို မတောင်းပန်ဖြစ်ပေ။ တခါတောင်းပန်ပါက တခါသာခွင့်လွှတ်မည်ဖြစ်ပြီး၊ မတောင်းပန်ပါက အပြန်တရာ ခွင့်လွှတ်ထားသောကြောင့်တည်း။ သို့သော်–သို့သော်—။
(၂)
၁၉၇၃ ခု၊ အောက်တိုဘာလထုတ် ငွေတာရီမဂ္ဂဇင်း၌ မောင်အောင်မွန်၏ အပြန်တရာခွင်လွှတ်ခြင်းဖြင့် ၀တ္ထုပါလာသည်။ ရှုမ၀မဂ္ဂဇင်းမှာကတည်းက ကျနော့်ဝတ္ထုအတော်များများကို သရုပ်ဖော်ပုံရေးဆွဲနေကျ ဆရာ ဗဂျီအောင်းစိုးက ၀တ္ထုဖတ်ပြီး ခံစားချက်နှင့်ဆွဲသည်ဟု အယ်ဒီတာကပြောပြ၏။ နှစ်သက်ကျေးဇူးတင်ကြောင်း ပြောခွင့်မကြုံ၍ ဤနေရာကနေ ရေးသားလိုက်ပါ၏။ ၀တ္ထုတပိုင်းတစ ဖော်ပြရသော်–။
(၃)
ကျနော့်သား ၂ နှစ်မပြည့်သေး၊ ဇနီးသည်က နောက်ကိုယ်ဝန်နှင့် အိမ်ဖော်ကထွက်သွား၊ အသစ်ရှာမရသေးမီ ကသီလင်တဖြစ်နေချိန် ရန်ကုန်တွင် အဖြစ်များသော မျက်မှေးရောင်ရောဂါ ဘယ်ပေါက်က ၀င်လာသည်မသိ၊ ခုလိုမကောင်းသော ရောဂါဆန်းကျတော့ ပြန့်ပွါးကူးစက်သည်မှာ မြန်ဆန်လွယ်ကူပါဘိ ++++++++ သားကတအိမ်လုံးမင်းမူနေ၏၊ တကယ်တော့သူ မျောက်ပွဲမကြည့်ဖူးပါ၊ တိရစ္ဆာန်ရုံသို့လည်း မရောက်ဖူးသေးပါ၊ သို့ပေမယ့် ထိုမျောက်အပေါင်းက အရှုံးပေးရမည်ထင်ပါသည်။ ခြေရော လက်ရော ပါးစပ်ရော ဘာတခုမှ အငြိမ်မနေ။ သားကိုချီချင် ပွေ့ချင် သားနှင့်ဆော့ကစား ချင်သောဆန္ဒကြီးမားပါဘိ။ မျက်စိနာနေ၍ သားအနားမကပ်ရသည့် တဒင်္ဂ–မိဖ၏မေတ္တာအတိမ်အနက်ကို ပိုသိလာ၏။ ++++ ရောဂါသက်သာရေး၊ထမင်းတနပ် အဆင်ပြေပြေစားရရေး၊ ညတညကုန်မြောက်အောင် အိပ်ပျော်နိုင်ရေး အတွက်သာကြိုးစားရမည် မဟုတ်ပါလား။ လကုန်ရက်မို့ အလိုလိုငွေပြတ်နေရသည့်ထဲ ဆရာဝန်အားဆေးထိုးခအပြင် ခြေကြွခပါပေးနေရသေးသည်။++++++ သည်လိုအခြေမျိုးတွင် ဆေးဝယ်ခိုင်းရန် အမေရောက်လာ၏။ အသက်ကြီးပြီဖြစ်သော တယောက်တည်း သွားလာနိုင်းခြင်း အလျင်းမရှိသော အဖေ့ကိုအပါခေါ်လာလိုက်သေးသည်။ အခြားခိုင်းစရာများလည်း—-။
(၄)
မြေးကိုကြည့်ချင်လွန်းလို့ တောကလာသော အဖေနှင့်အမေအား မြို့ထဲက ဆွေနီးမျိုးစပ်အိမ်မှာ သွားတွေ့ပြီး ခရီးသွားရတာ ဒီလောက်ခက်ခဲနေတဲ့အခါမှာ အဖေက မကြီးမငယ်နဲ့ လိုက်လာရသေးလား ဟုရန်ထောင်လိုက်ရာ အမေက မင်းအဖေက အားလုံးဝိုင်းပြောကြပေမယ့် မရဘူး၊ သူ့မှာ ဒီသားတယောက်ပဲ ရှိတယ်တဲ့၊ အဲဒီသားကမွေးတဲ့ မြေးဦးကိုကြည့်ချင်တယ်တဲ့၊ တနင်္ဂနွေနေ့တိုင်း မင်းတို့လာမထင်တယ်ဆိုပြီး ဘူတာရုံမှာ သွားစောင့်တယ်၊ သောကြာညဆို သားတို့လာတယ်လို့အိပ်မက်မက်တာကလည်း အပတ်စဉ်မှန်နေတာပဲ++++++ ခုလည်း ထမင်းစားဖို့ခေါ်တာ မထပဲ သားကိုစောင့်ဦးမယ်ဆိုပြီး ဇွတ်ထိုင်နေရင်း အိပ်ပျော်သွားတာ+++++ ကျနော်တို့ စကားပြောသံကြောင့် အဖေနိုးသွားသည်၊ စိတ်တွင်းမဖော်ပြနိုင်သော ခံစားမှုရလိုက်၏။ သုံးဘီးကားနှင့် ၃ ယောက်သား အိမ်ကိုလာခဲ့ကြ၏။+++++++ အိမ်ရောက်တော့ အိပ်ရာပေါ် ပစ်လှဲလိုက်စဉ် သားသည် လူကြီး ၃ယောက်ကြား တလက်မှတလက်ပြောင်းနေ၏။ မြေးချီရသောကြောင့် ရွှင်ပျနေသည့် အဖေ့အပြုံးကို သူ၏အရေတွန့်နေပြီဖြစ်သော၊ သွားများကျိုး၍ ချိုင့်နေပြီဖြစ်သော ပါးနှစ်ဖက်ပေါ်ဝယ် မျက်မှန်နက် တပ်ထားသည့်ကြားမှ မထင်းသားမြင်နေရ၏။ ++++ အဖေ့ပေါ် သားသေးပေါက်ချလိုက်၍ ငါ့မြေးကြီးက တယ်ဆီးရွှင်တာကိုး ဟုရယ်ပြီးပြောရင်း ရယ်သံမောသံများကြား ကျနော်အိပ်ပျော်သွားသည်။ မျက်စိကိုက်၍ အိပ်မရသည်မှာကြာပြီ။
(၅)
၁၉၇၃ ခု၊ မြန်မာပြည်တွင် လစာနည်း အစိုးရ၀န်ထမ်းတို့၏ ဘ၀အခက်အခဲကို ပီပြင်စေသည့် သရုပ်ဖော်ဝတ္ထုတို အဖြစ်ထင်ရှားလူကြိုက်များခဲ့သည်။ မောင်အောင်မွန်၏ အရေးကို ဗဂျီအောင်စိုးက ပိုမိုပီပြင်အောင် သရုပ်ဖော်ပုံဆွဲပေးသည်။
စကားလုံးများကိုကြိုက်သော မြန်မာ့အသံ ဦးဇော်ဝင်းက ဘ၀ကြေးမုံ ဇာတ်လမ်းစုံအခန်းကနေ ဇာတ်ညွှန်းရေး အသံလွှင့်သည်။ သူကိုယ်တိုင် အဖေနေရာက သရုပ်ဆောင်မည်မို့ အဖေဇာတ်ဖြစ်အောင် ရေးထားသည်။ လူကြိုက်များသော အသံလွှင့်ဇာတ်လမ်းဖြစ်ပြန်ပြီ။
သတင်းစာဆရာကြီဖြစ်နေပြီဖြစ်သော ပီ-ဂျီ စိုးမင်း ( သတင်းထောက်ဈာန်ရ) က သူ့အဖေကိုလွမ်းကြောင်း ဖုန်းဆက်ပြီးနောက်၊ လူချင်းတွေကတိုင်း ဤ၀တ္ထုအကြောင်းပြော၏။ မြန်မာ့အသံကလည်း သောတရှင်များတောင်းဆို၍ ထပ်တလဲလဲ ပြန်ပြန်လွှင့်ပေးရသည်။
(၆)
ကျနော်မျက်စိနာ အခက်ကြုံနေစဉ် စိတ်ကူးပြီးရေးသားသော ၀တ္ထုဖြစ်သည်။ ၀တ္ထုထဲက ကျနော်သည် မောင်အောင်မွန်မဟုတ်၊ စာရေးမလုပ်ဖူးသူ ဦးဝင်းအောင်မဟုတ်။ သို့သော်လည်း လစာနည်း ၀န်ထမ်းမို့ အခက်အခဲချင်းက ထပ်တူ။
+++ အပြန်တရာ ခွင့်လွှတ်ထားခြင်းကြောင့်တည်း။ တခုတော့ရှိပါသည်။ ထိုသည်တို့ကို အခွင့်ကောင်းယူပြီး မဆိုးသွမ်းရန် သားအား ကျနော်တို့ ကြိုတင်ဆုံးမ လေ့ကျင့်ပေးထားရပေမည်၊ ဟုဝတ္ထုကို မောင်အောင်မွန်က အဆုံးသတ်ထား၏။
(၇)
၁၉၇၃ ခု၊ အောက်တိုဘာလထုတ် ငွေတာရီမဂ္ဂဇင်း၌ အပြန်တရာခွင့်လွှတ်ခြင်းဖြင့် ၀တ္ထုပါလာသည်။ နောက် ၄ နှစ်နီးအကြာ ၁၉၇၇ ခု၊ ဧပြီလ ၃၀ ရက်နေ့ လခထုတ်နေ့၌ ကျနော့်အဖေကွယ်လွန်သည်။ လကုန်ရက် ငွေပြတ်ချိန်မို့ ရွာမပြန်နိုင်၊ အသက်မမီ၊ ယုဂ်ကလပ်မြှေမှုတ်ရာမှာပင် မပါဝင်နိုင်ခဲ့။
အပြန်တရာခွင့်လွှတ်ခြင်းဖြင့် ကို လမ်းထပ်ကဘိုလင်မယား ၀တ္ထုတို(၂၀)စာအုပ်ထွက်လျှင် အပြည့်အစုံ ဖတ်နိုင်ကြပါမည်။
အဖေ့ အကြောင်း မဟုတ်သည့်တိုင် လာတိုက်ဆိုင်နေသည်ဟု အဖေနေ့တွင်တွေးမိ၍ အပြေးအလွှား ရေးလိုက်ရကြောင်းပါ။
၂၀၁၇ ခု၊ ဇွန်လ ၁၈ ရက် (အဖေနေ့)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s