ပြည်သူလည်ချောင်းသွေးနှင့်အာဏာပလ္လင် ဆေးတဲ့နည်း

Maung Maung

၏ Fb မှ ကူးယူပါသည်

ပြည်သူလည်ချောင်းသွေးနှင့်အာဏာပလ္လင် ဆေးတဲ့နည်း
ဇွန် ၂၆၊ ၂၀၁၇

“၁၉၄၇ အခြေခံဥပဒေ” ကို လေ့လာတဲ့အခါ လက်ခံနိုင်တဲ့ ပြဋ္ဌာန်းချက်တွေပါရှိသလို၊ လက်မခံနိုင်တဲ့ ပြဋ္ဌာန်းချက်တွေလည်း ပါရှိနေတာကို သတိပြုမိကြမှာပါ။ အဲဒီအထဲကမှ ဘာသာသာသနာဆိုင်ရာပြဋ္ဌာန်းချက်ကိစ္စကို သာဓကတစ်ခုအဖြစ် ဆွဲ ထုတ်တင်ပြချင်ပါတယ်။

၁၉၄၇ အခြေခံဥပဒေ။ ပုဒ်မ ၂၁ (၁) ဗုဒ္ဓဘာသာ သာသနာတော် သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ် သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာကြီးဖြစ် သည်ဟု ပြည်ထောင်စုနိုင်ငံတော်က အသိအမှတ်ပြုသည်။

အဲဒီပြဋ္ဌာန်းချက်ရဲ့ နောက်ခံသမိုင်းအချက်ကို အခုလိုဖတ်ရပါတယ်။

• ကောက်နုတ်ချက်

(အစ)

ကျွန်တော်ဟာ ဗိုလ်ချုပ်ရဲ့အနီးအနားမှာရှိပြီး ကျွန်တော့်နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတဲ့ တစ်သက်တာမှာ ဘယ်လိုမှမေ့ပျောက် လို့မရအောင် စွဲနေတဲ့စကားတွေရှိပါသေးတယ်။ အဲဒီအထဲမှာ ကျွန်တော့်အတွက် ရယ်လည်းရယ်စရာ၊ မှတ်လဲ မှတ်သားစရာကောင်းတဲ့ စကားတစ်ခွန်း ရှိပါတယ်။

ဒါက ကျွန်တော်တို့ အခြေခံဥပဒေ (၁၉၄၇) ကို တပိုဒ်စီ၊ တပိုဒ်စီ စပြီးဆွေးနွေးကြတဲ့ အခါက ဖြစ်ပါတယ်။ အခြေခံဥပဒေ သာသနာရေးအပိုင်းကို ဆွေးနွေးကြတဲ့အခါမှာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် လုပ်ချင်တဲ့ အုပ်စုက တစု၊ ဗုဒ္ဓဘာသာကို မြန်မာနိုင်ငံမှာ လူအများစုက ကိုးကွယ်တာမှန် ပေမဲ့ အခြားဘာသာတွေလည်း ထွန်းကားနေတဲ့အတွက် နိုင်ငံတော် ဘာသာအဖြစ် မလုပ်သင့်ဘူးလို့ ယူဆတဲ့အုပ်စုကတစ်စု၊ နှစ်စု ကွဲနေပါတယ်။ နိုင်ငံတော်ဘာသာ လုပ်ချင်တဲ့အုပ်စုက လူများစုဖြစ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးနဲ့ ဘာသာရေးကို ခွဲခြားထားရ မယ်ဆိုတဲ့ အယူအဆကို ခိုင်ခိုင်မာမာ စွဲကိုင်ထားတဲ့တွက် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာလုပ်ချင်တဲ့ အုပ်စုက အလျှော့ပေးခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ ဗုဒ္ဓ ဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ပြဋ္ဌာန်းတဲ့အထိ မလုပ်နိုင်သော်လည်း —

“ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံ သည့် ဘာသာကြီးဖြစ်သည်ဟု ပြည်ထောင်စု နိုင်ငံတော်က အသိအမှတ်ပြုသည်” ဆိုတဲ့အပိုဒ်ကို အခြေခံဥပဒေ ပုဒ်မ (၂၁) ပုဒ်မခွဲ (၁) အဖြစ်နဲ့ ထည့်ဖြစ်အောင် ထည့်လိုက်ကြပါတယ်။ အဲဒီပုဒ်မကို ဆပ်ကော်မတီ အစည်းအဝေးမှာ ဆွေးနွေးကြတဲ့အခါ ဗမာ- မူဆလင် ကိုယ်စားလှယ်တွေက ကန့်ကွက်ကြပါတယ်။ ဦးဆောင်ကန့်ကွက်သူက ဦးဖေခင် ဖြစ်ပါတယ်။ ကိုဖေခင်က အခု ပုဒ်မဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာလို့ဆိုတာနဲ့ သိပ်မထူးပါဘူးလို့ အကြောင်း ပြပြီး ကန့်ကွက်ခဲ့ပါတယ်။

ဆပ်ကော်မတီသဘာပတိက ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်။

အုပ်ချုပ်ရေးအကြံပေးအရာရှိ ဦးချန်ထွန်းက ဗမာ- မွတ်ဆလင် တွေရဲ့ ကန့်ကွက်ချက်နဲ့ပတ်သက်လို့ ဖြေကြားရာမှာ ဒီပုဒ် မဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာတာမဟုတ်ကြောင်း Statement of Fact တည်ရှိနေတဲ့ အခြေအနေကို အရှိ အတိုင်းဖော်ပြခြင်းသာ ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းသွားပါတယ်။

ဒီအခါ သဘာပတိဗိုလ်ချုပ်က “ဒီမှာ ဦးချန်ထွန်း Statement of Fact ဆိုတိုင်း ကောင်းတာမဟုတ်ဘူး။ ဥပမာ ဦးချန်ထွန်းသည် ချီးမစားပါ ဆိုတာ Statement of Fact ပဲပေါ့။ ဒါဟာ ကောင်းသလား”လို့ မျက်နှာထားတည်တည်နဲ့ ပြောလိုက်ပါတယ်။

ဥပဒေပညာရှင်ကြီး ဦးချန်ထွန်းကတော့ ခေါင်းငုံ့ပြီး မချိုမချဉ် ပြုံးနေပါတယ်။ ဆပ်မကော်မတီ အဖွဲ့ဝင်တွေကတော့ ပါးစပ် ကို လက်ဝါးနဲ့အုပ်ပြီး ကျိတ်ရယ်နေကြပါတယ်။

ဗိုလ်ချုပ်ဟာ အများဆန္ဒကို လိုက်လျောတဲ့အနေနဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ပုဒ်မ (၂၁) ပုဒ်မခွဲ (၁) လောက်တော့ ဖော်ပြဖို့ သဘောတူလိုက်ပါတယ်။ (အဆုံး) [ရှမ်းနိုင်ငံရေးသမားတစ်ဦး၏ သဲတစ်ပွင့်အုတ်တစ်ချပ် (နိုင်ငံရေး အတွေ့အကြုံများ) – စာမျက်နှာ ၄၄၆ ကြည့်]

အဲဒီ ပုဒ်မ (၂၁) ပုဒ်မခွဲ (၁) ကို ပဲ “၂၀၀၈အခြေခံဥပဒေ” ထဲမှာ စကားလုံးအချို့ အနည်းငယ်ပြောင်းလဲပြီး အခုလို ထည့်သွင်း ပြဋ္ဌာန်းထားပါတယ်။

၂၀၀၈ အခြေခံဥပဒေ။ ပုဒ်မ ၃၆၁ “ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြု သည်”

သူ့ကိုယ်သူ ဒီမိုကရေစီသမားပါလို့ ဆိုလေ့ရှိတဲ့ ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်းဦးနုဟာ ဘာသာရေးကို သူ့နိုင်ငံရေးအတွက် အသုံးချခဲ့သူဖြစ်ပါတယ်။ ထူးခြားတယ်လို့ပဲဆိုရမလား – သမိုင်းရဲ့လှောင်ပြောင်သရော်ချက်ပေလားဆိုတာတော့ စာဖတ် သူများကပဲ အဆုံးအဖြတ်ပေးကြပါတော့ ဘာသာရေးသမားဆိုတဲ့ (ဆဋ္ဌသင်္ဂယနာတင်ခဲ့တဲ့) ဦးနုဟာ ထိုင်းနယ်စပ်မှာ လက်နက်ကိုင်တော်လှန်ရေး ကိုလည်း စတိ ဖြစ်ဖြစ်တော့ လုပ်သွားခဲ့သူဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြစ် အောင်လုပ်ဖို့ ကြံစည်ကြိုးစားခဲ့သူဟာလည်း ဦးနုပါပဲ။ အခုချိန်မှာ ဓမ္မစစ် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်ကြသူ တွေအများကြားမှာ စိတ်ပျက်ရွံရှာဖွယ်ဖြစ်နေတဲ့ “အမျိုးဘာသာ သာသနာ လှုပ်ရှားမှု” လို့ ခုတုံး လုပ်နေသူတွေထက် ဝန်ကြီးချုပ်ဟောင်းဦးနုက အများကြီးပိုစော/ ပိုဝါရင့်တာပေါ့။

အုပ်စိုးသူများရဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး အထွေထွေထိုးစစ်မှာ “ဘာသာရေး” ကို လက်နက် သဖွယ် (ထိုစဉ်က ဦးနုအစိုးရနဲ့ စစ်တပ်ရဲ့စိတ်ဓာတ် စစ်ဆင်ရေးဌာနတို့က တကျိတ်ထဲတဉာဏ်ထဲ) ခုတုံးလုပ် အသုံးချခဲ့ ကြတာပါ။

“ဘာသာရေးကိုဗန်းပြပြီး နိုင်ငံရေးမှာ ခုတုံးလုပ်အသုံးချမှုအစ ဦးနုက” လို့တောင် ဆိုစမှတ်ပြုလို့ ရနိုင်ပါတယ်။ ဦးနုရဲ့ “နိုင် ငံတော် ဘာသာကိစ္စ” ဟာ (KIO) ကချင်လက်နက်ကိုင် တော်လှန်မှုအတွက် ရေခံမြေခံတစ်ခုသဖွယ်ဖြစ်ခဲ့ပါတယ်။

အခုတော နိုင်ငံရေးမှာ ဘာသာရေးကို ခုတုံးလုပ်အသုံးချတဲ့ ဦးနုရဲ့ အမွေကို စစ်အုပ်စုနဲ့ ကြံ့ဖွံ့ပါတီတို့ ကလည်း သူ့နည်း သူဟန်နဲ့ဆက်ခံပြီး “အမျိုးဘာသာသာသနာ” ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး ၂၁ ရာစုမှာ အသုံးချနေပြန်ပါတယ်။

“ လူမျိုးရေး၊ ဘာသာရေး ခုတုံးလုပ် အသုံးချတယ်” ဆိုတာကို အုပ်စိုးသူတွေကပဲလုပ်နိုင်တာဖြစ်တယ်။

အုပ်စိုးသူတွေက သူတို့အုပ်စိုးမှုကို ပြည်သူတွေက ညီညီညွတ်ညွတ်နဲ့ အုံကြွဆန့်ကျင်လာတဲ့အခါ ပြည်သူအချင်းချင်း ရန်တိုက် သွေးခွဲပစ်ဖို့ အသုံးချတဲ့ မရိုးနိုင်တဲ့ လက်သုံးနည်းဟောင်း တခုသာဖြစ်ပြီး၊ ပြည်သူတွေရဲ့လည်ချောင်းသွေးနဲ့ သူတို့ အာဏာပုလ္လင်ကို ဆေးကြောတဲ့ အယုတ်မာအကောက် ကျစ်ဆုံး နည်းလည်းဖြစ်တယ်။

ညွန်း

– ရှမ်းနိုင်ငံရေး သမားတစ်ဦး၏ သဲတစ်ပွင့် အုတ်တစ်ချပ် (နိုင်ငံရေး အတွေ့အကြုံများ) – ဦးထွန်းမြင့် (တောင်ကြီး)
[ပထမ အကြိမ်၊ ၂၀၁၆ သြဂုတ်၊ လောကသစ် စာအုပ်တိုက်]

မိုးမခ မှကူးယူဖော်ပြပါ သည်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s