ဦးအံ့ကြီး ခန္ဓာကိုယ်အပါး ကိုအံ့ကြီးအသံကတော့လိုက်ပါမသွား

Win Aung Gyi 

ကျနော်တွေးမိသလို ရေးပါမည် (၂၆၉)
မောင်အောင်မွန်
ဦးအံ့ကြီး ခန္ဓာကိုယ်အပါး ကိုအံ့ကြီးအသံကတော့လိုက်ပါမသွား
(၁)
ကျနော်တို့ငယ်စဉ် ဗမာ့အသံက အသံလွှင့်သော တူရိယာအဖွဲ့ကြီးများနှင့်အပြိုင် ချိုတေးဆက်၊ ဘီတီဘရာားသား ကဲ့သို့သော အပျော်ထမ်းအဖွဲများကလည်း လူကြီုက်များပါ၏။ ကိုအောင်ကိုး၏ ချိုးတေးဆက်တွင် မင်းနောင်၊ မဉ္ဇူမြင့်၊ ရီးလေ၊ နွဲ့လေး စသူတို့ဆိုကြပြီး ဘီတီဘရားသားအဖွဲ့၌မူ ကိုအံ့ကြီးကပင်တိုင်အဆိုရှင်။
တညတွင် Announcer က –“ကိုယ့်ဒူးကိုယ်ချွန်” သီချင်းးကို ကိုအံ့ကြီးက သီဆိုပါတော့မယ်ဟု ကြေညာအပြီး မဆိုသေးပဲ “ဒီသီချင်းနဲ့ ကွယ်လွန်သူ မန္တလေးအမျိုးသားကျောင်းအုပ်ကြီး ဦးရာဇတ်အား ကန်တော့လိုက်ပါတယ်” ဟူ၍ ကိုအံ့ကြီးပြောဆိုခြင်းမျိုး ထိုတကြိမ်သာကြားဖူးပါသည်။

Image may contain: 1 person, playing a musical instrument

Image may contain: 1 person

(၂)
၁၉၅၃ ခု၊ ကျနော်တက္ကသိုလ်ရောက်လာပြီး ဖန်ရှင်ပွဲများတွင် ဧည့်သည်တော် ကိုအံ့ကြီး အကော်ဒီယံနှင့် သီချင်းဆိုလေ့ရှိရာ ကိုယ့်ဒူးကိုယ်ချွန် ပါစမြဲပါ။ “–သူများအားကိုး ခါးကျိုး နလံမထူ တကယ့်လူဆိုတာ အတ္တာဟိ အတ္တနော နာတော မိမိကိုယ်သာ ကိုးကွယ်ရာ–” စသဖြင့် ကြားရုံမက သူ့ကိုပင်မြင်ရလေပြီ။
ကြည့်–၊ အသက် ၃၀ ကျော်လောက် ရုပ်ကခပ်ချောချော၊ စင်အောက်မှာက ရွှေပွဲလာ တက္ကသိုလ်ကျောင်းသူချောလေးတွေ။ ကျနော်တို့တောင်းဆို၍” ပြုံးတဲ့မေ” အဆုံး “အသည်းနှလုံးဟာ မေ့ဆီမှာသာ ကျန်ရစ်ခဲ့ပေါ့လေ-” ကိုအံ့ကြီးမျက်နှာကို မကြည့်မိ၊ ပြုံးစိစိ ကျောင်းသူတို့ဆီသာ ကျနော်တို့မျက်လုံးတွေ ရောက်နေကြသည်။
“ကျောင်းသွားဖော်” “ယဉ်တကိုယ်မယ်” တို့လည်းကြားရလေ့ရှိ၏။
ကိုအံ့ကြီး မကြာခဏလာဆို၊ ကျနော်တို့ကလည်း အလွတ်မပေး။
(၃)
၁၉၅၉ ခု၊ ဗမာ့အသံတွင် စက်မှုလက်ထောက် အလုပ်ရ၍ အဆိုအတီးများကို အသံသွင်းပေးရသည်။ RCA, Ampex Recorders များသည် US လုပ်၊ VOA, Washington DC တွင် ၉ နှစ်လောက်လုပ်ခဲ့သူ ဦးသန်းမြင့်က တွဲဘက်ဗမာ့အသံကို ကြီးကြပ်နေသောကြောင့် USIS နှင့် အထူးသဖြင့် တေးဂီတအသံသွင်း နယ်ပယ်ဝယ် ပူးတွဲလုပ်ကိုင်လေ့ရှိ၏။ ပန်းသာ ဦးထွန်းရီ၊ အသံဖမ်း အင်ဂျင်နီယာ ဦးတင်အေး တို့နှင့်ခင်မင်ခွင့် ကျနော်လည်းရလိုက်သည်။
အမေရိကန် ဂီတပညာရှင် ၂ ယောက်ရန်ကုန်ရောက်လာပြီး”ဟိုကောင်မလေး မှောင်ရိပ်မှာငို၊ ဘာဖြစ်လို့ငို၊ သူ့အမေရိုက်လို့ငို–ဘာဖြစ်လို့ရိုက်၊ ရည်းစားထားလို့ရိုက်” ဟုဆိုင်းဝိုင်းကြီးနှင့်ဆိုပြီး၊ ကိုအံ့ကြီးက ဘင်ဂျိုတီးပြီး Mr Banjo သီချင်းကိုပီပြင်စွာဆိုပြလိုက်သည့် သတင်းကား ရုပ်ရှင်ရုံများတွင် ပြသ၏။
၁၉၆၀ ခုတွင် ပြည်လမ်း မြန်မာ့အသံလွှင့်ရုံကြီးပြီးသွားလေပြီ။
ကိုအံ့ကြီးဆိုထားသော “စစ်ကိုင်းတောင်” နှင့်” ရွှေမင်းဂံ” သီချင်း Tape ခွေ နားထာင်လိုက်ရပြီး လူပြောသူပြောများလာ၏။ ဦးတင်အေး အသံသွင်းဟုဆို၍ ကျနော်ချဉ်းကပ်ပြီး သူနှင့်လိုက်သွားသည်။ ဘီတီဘရာားသား (အောက်မြန်မာပြည်) ၏ ဆင်တူတိုက်လေးလုံး ဦးဘဖြူနှင့် ဒေါ်မြခင် တို့ကပ်လျက်၊ ပြည်လမ်းအခြားတဖက်၌ ဦးအံ့ကြီးနှင့် ဦးဘသိန်း တို့ကလည်းကပ်လျက်။
ဦးဘသိန်းတိုက် ဧည့်ခန်းတွင် မန္တလေးမှ အတီးအမှုတ်ပညာရှင်များနှင့် ဆိုခြင်းဖြစ်သည်။
ကျနော် B.Sc (Part B) တက်ရင်းနေသော ပင်းယဆောင်သို့ ဦးဘဖြူ ကိုယ်တိုင်မောင်းပြီး လာခေါ်သော ကားနောက်ခန်းဝယ် သူ့သား စိန်လွင်နှင့်သန်းနိုင်တို့ ပါလာလေ့ရှိသည်။ သီချင်းတပုဒ်ကို အသံသွင်းပြီး ၀ိုင်းနားထောင်ထင်မြင်ချက်ပေး ဆွေးနွေးကြ၊ ထပ်သွင်းနှင့် မိုးသာလင်း၊ စိတ်တိုင်းကျ ရချင်မှရ။
အကြိမ်ကြိမ်ရောက်သွား၏။ ကျနော်က ဦးတင်အေးဘေးမှ ဧည့်သည်မို့ ကိရိယာများကို မထိမတို့။
သို့သော်လည်း”ကသစ်ပန်း” အသံသွင်းစဉ် အသူရာတို့ မြင်းမိုရ်သို့ စစ်တက်တိုက်သည့်အပိုဒ် ဒရမ်သံ နည်းနည်းမြှင့်ချင်စိတ်ပေါက်၍ ဦးတင်အေးအား လက်မလက်ညိုးကြား ဆံခြည်တမျှင်လောက်ပါဟု အရိပ်ပြရာ၊ ခေါင်းညိတ်၍ တင်လိုက်သည်ကို သီချင်းဆိုနေသော ကိုအံ့ကြီးမြင်သွားသည်၊ ဘာမှမပြော။ အသံသွင်းအပြီး မနက်ဖက် မြို့ထဲထွက်လက်ဖက်ရည်သွားသောက်ကျတော့မှ စစ်တိုက်ခန်းက ဒရမ်သံသိပ်ကောင်းတာပဲဗျာဟု ရယ်ကာပြောသည်။
(၄)
ထိုသို့အသံသွင်းကြပုံ ရုံးတွင်ပြန်ပြောပြရာ ကိုမင်းရှင်က ရေးဗျာဟုဆို၍ မောင်အောင်မွန်၏ “အံ့ကြီးဘာလဲ အံ့ကြီးဘယ်လဲ” ဆောင်းပါး သောတရှင်မဂ္ဂဇင်းထဲပါလာသည်။ မြန်မာ့အသံတွင် အသံသွင်းခြင်းမဟုတ်သော ကိုအံ့ကြီးသီချင်းများ အသံလွှင့်ရလေပြီ။
သူ၏ မြိုင်ထသီချင်း ဆိုင်း စိန်ဘမောင်နှင့် ဘယ်မှာအသံသွင်းမှန်း ကျနော်မသိ။
ပြုံးတုံ့လှယ်” နှင့် “ရက်မြတ်သင်္ကြန်” တို့ကိုမူ ၁၉၅၃ ခု၊ လောက် သူဂျပန်သို့ ပထမကြိမ်သွားစဉ်က NHK သံစုံတီးဝိုင်းကြီးနှင့် ဆိုခဲ့ကြောင်းသိရသည်။ “သုံးရာသီ” မှစန္ဒရားသံ သေချာစွာနားထောင်ကြည့်၊ မလေးရှားမှာ အသံသွင်းခဲ့တာ။ အင်ဒိုနီးရှားရောက်တုန်း ၀ါးနှင့်လုပ်ထားသည့် တူရိယာများနှင့် ကိုအံ့ကြီးဆိုခဲ့ပုံကိုတော့ ပေါ်လွင်ရှင်းလင်းအောင် ရေးမပြတတ်ပါ။
ကိုအံ့ကြီးသီချင်း ကြိုက်လာခဲ့သည်မှာ ၁၉၅၂ ခု၊ကစတင်ခဲ့၍ ၆၅ နှစ်ရှိပါပြီ။
“အောင်ပင်လယ်” ” ကျေးရွာဝါဒ” ” ရွှေဘိုသနပ်ခါး” စသည်တို့ကို ကြားရဖို့ဝေးစွ ပြန်ရှာပြန်ဆိုရန် စိတ်မကူးရဲလောက်သည့် သီချင်းများ သူတကာနည်းတူ ကြားလိုက်ရသည်။ နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း၊ဦးဘသိန်း စသူတို့၏ သီချင်းများဖြစ်၍လည်း ကိုအံ့ကြီသီိချင်းတွေထဲ မကောင်းဟု သို့မဟုတ် မကြိုက်ဟုပြောနိုင်ရန် အလွန်ခက်ခဲပါသည်။

(၅)
၁၉၇၀ ခု၊ ကျနော်နှင့်အိမ်ထောင်ကျသူက မန္တလေးသူ၊ မိသားစုလိုက်ခင်၍ ကိုအံ့ကြီးကို အန်ကယ်ဟုခေါ်၏။ နောက် ရွှေမန်းမယ် ရင်ရင်မြအား ဂုဏ်ပြုပြီး မြို့မငြိမ်းရေးပြီး ကိုအံ့ကြီးဆိုသည့် ယဉ်တကိုယ်မယ် ။ ကျနော့ဇနီး အစ်ကို ကထိက လုပ်နေသည့် RIT တွင် “ယဉ်တကိုယ်မယ် ရင်ရင်မြ” က အင်္ဂလိပ်စာဆရာမ လာဖြစ်နေရာ ကမ္ဘာကြီးပိုသေးးလာပြီဟု ဆိုရလေမလား။
ဦးဘတူ သမီး ဒေါ်သိင်္ဂီညွန့် မြန်မာ့အသံသို့ ရောက်လာစဉ် Play Boy Than Naing အဖွဲ့မှ အဆိုတော်ပုလဲဖြစ်နေပြီ။ ဇနီးနှင့်ပါ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်လာ၏။ နောက် ဒေါ်မြခင် (ဦးဘဦး) တို့၏သား ဦးမြင့်လွင် လွှင့်သံထောက်အလုပ်ရသည်။
စတီရီယိုတေးကာ လူကြိက်များသည်ထက်များလာပြီ။
တေးသံသွင်းလုပ်ငန်းလည်း အပြိုင်အဆိုင်၊ Stage Show တွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်။ ကျနော်တို့ အသံသွင်းခဲ့သော ဦးဘသိန်း၏ ခြံတွင်း အဆင့်မြင့်စတူဒီယိုဆောက်ကာ ကိုယ်တိုင် အသံဖမ်းနေကြပြီ။ ဘီတီဘရားသား အပျော်ထမ်းအဖွဲ့ထောင်ကာ အသက် ၂၀ ကျော် လူငယ် ကိုအံ့ကြီးသီချင်းဆိုရာကနေ ခုတော့ သူတို့ဆွေမျိုးတသိုလက် ဘီတီ ကော်ဖီမသောက်ဖူးရင်သာနေမည်၊ ဂီတ အဆို အတီးအမှုတ်နှင့် ကင်းသူဟူ၍ ရှိနိုင်ပါ့မလးဟု ဆိုရမလောက်အောင် အောင်မြင်ကျယ်ဝန်း အင်အားတောင့်တင်းသော ဂီတမျုးနွယ်စုကြီး ဖြစ်နေလေပြီ။
(၆)
မြန်မာပြည်တွင် နှေးချင်နှေး မြန်ချင်မြန် အပြောင်းအလဲတွေက မှန်မှန်ဖြစ်နေ၏။ လူတွေအခြေပျက် အခြေမဲ့ဖြစ်စေ၍ လွတ်ရာကင်းရာသို့ ပြေးနိုင်သူများ ရောက်ကုန်ကြသည်။ ပုလဲကိုအကြောင်းပြုပြီး ရင်းနှီးရသူ ဦးဘတူ ရန်ကုန်ကမထွက်မီ မှာသွားသည်များ မှတ်မိနေသေး၏။ ဦးဘဖြူလည်းAustraliaသို့ရောက်သွားပြီ။ ၁၉၉၂ ခု၊ မြန်မာပြည်ထွက်ကာ ဘန်ကောက်တွင် ၃ နှစ်သတင်းထောက်လုပ်ပြီး ၁၉၉၅ ခု၊၌ VOA,Washington DC သို့ရောက်လာ၏။
မြန်မာပြည်ပြင်ပ၌မူ ရှာဖွေဆက်သွယ်ရသည်မှာ လွယ်ကူအဆင်ပြေလှပါဘိ။
ပုလဲနှင့် မကြာခဏ အချိန်ကြာစွာ တယ်လီဖုန်းဆက် စကားပြောကြရင်း သိချင်တာတွေမေး ပြောချင်တာပြောဖြစ်ကြ၏။ ဖြတ်ပြောရရင် ကျနော့်သမီး Green Card အတွက် Interview လုပ်သူ US Imigration Officerက ကျနော့်အား အလွတ်သဘော မေးဖူးသည်၊ ပုဂံက ဦးဘိုကေနှင့် သီချင်းဆိုသော ကိုအံ့ကြီးကိုသိလားဟု။
ထို့နောက် ကိုအံ့ကြီး အမေရိကန်တွင် ရှိနေသည့် သတင်းနံ့ထွက်လာလေပြီ။
တိုတိုရေးပါရစေတော့၊ ပုလဲထံမှ သူ့သမီး ခင်မေအံ့ကြီး တယ်လီဖုန်းနံပါတ်ရ၏။ ဆက်လိုက်တော့ ၀မ်းသာအားရ ဘီတီဆွေမျိုးတွေ အကြောင်းမေးကြပြောကြပေါ့။ မတွေ့ကြမဆုံကြသည်မှာ နှစ်များစွာကြာမို့ ကိုအံ့ကြီးလိုပုဂ္ဂိုလ် ကျနော့်အား မှတ်မိနိုင်ပါ့မလား။ သူလျှောက်လှမ်းခဲ့သည့် လမ်းတလျှောက် ကျနော့်လိုလူ ထောင်းသောင်းမက ရှိခဲ့မည်လေ။
နောက်တချက်က အသက်ကြီးကန်တော့ခံ ဦးအံ့ကြီးဖြစ်နေပြီ။
ခင်မေအံ့ကြီးက အားပေးစီစဉ်ပေး၍ သူနှင့်စကားပြာရပါ၏။ ကျနော့်နာမည်ပြောပြခါရှိသေး–“မှတ်မိတာပေါ့–၊ ကိုဝင်းအောင်ကို ဘယ်မေ့လို့ဖြစ်ပါ့မလဲ” ဟုပြောရင်းရယ်သည်။ ကသစ်ပန်း အသံသွင်းစဉ် ကျနော် ဒရမ်အသံမြှင့် နောက်တနေ့မနက် ပြန်ပြောရင်းရယ်သံမျိုးပါ။
ကိုအံ့ကြီးအား ချစ်ခင်နေရာက ကြည်ညိုလေးစားရလေပြီ။
(၇)
မြန်မာပြည်က အပြောင်းအလဲကြောင့် လူတွေလည်း ဟိုရောက်သည်ရောက် ဖြစ်ကြရပြန်သည်။ Facebook ပေါ်တွင် သူ့ပုံနှင့်သူ့သတင်းမြင်နေရ၏။ အသက်ကြီးလှပါပကော၊ ကျနော် အသက် ၂၀ ကျော်က ရေးခဲ့သော အံ့ကြီးဘာလဲ အံ့ကြီးဘယ်လဲ ဆောင်းပါးသူဖတ်သွားရ၏။ သူရှင်နေဆဲ ပြည့်ပြည့်စုံစုံရေးဖို့ ဆန္ဒကမူ မပြည့်ခဲ့။
၂၃-၆- ၂၀၁၇ နေ့က ပါရမီဆေးရုံတွင် ကွယ်လွန်၍ ၂၅-၆-၂၀၁၇ နေ့တွင် မီးသင်္ဂြိုဟူသော သတင်းနှင့်အတူ သူ့အားချစ်ခင်ကြသူတို့က Facebook ပေါ်တွင် ဓာတ်ပုံများနှင့် ဖော်ပြကြသည်မှာ အားရစရာကောင်းပါဘိ။
အသက် (၉၅) နှစ်ရှိ ဦးအံ့ကြီး၏ ခန္ဓာကိုယ်ကား ပျာဖြစ်ခဲ့လေပြီ၊ သို့သော် အသက် (၂၀) ကျော် ဘီတီဘရားသား အပျော်ထမ်းအဆိုတော် ကိုအံ့ကြီးအသံကမူ လိုက်မသွားပဲ သူ့သီချင်းကြိုက်သူများနှင့် နေရစ်ခဲ့ဟု တွေးမိ၍ သူ့အားပထမဆုံး တွေကဖူးစဉ်ကသူ့အရွယ်ဓာတ်ပုံ၊ သူ့အကြောင်းရေးခဲ့သည့် မဂ္ဂဇင်းပုံ-အမှတ်တရနှင့် ကိုအံ့ကြီးအား ကန်တော့လိုက်ရကြောင်းပါ။
၂၀၁၇ ခု၊ ဇွန်လ (၂၇) ရက်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s