” ကျဆုံးနေသော နိုင်ငံတော်အား အလေးပြု”

” ကျဆုံးနေသော နိုင်ငံတော်အား အလေးပြု”

ကမ္ဘာမကြေ ဗမာတွေ
ကျဆုံးလေပြီးသော ဗမာပြည်
ပန်းခွေ လှလှ ချကြရအောင်။

ငတို့လွတ်လပ်ရေးနဲ့ ငတို့အချုပ်အခြာအာဏာ
ငတို့ကိုယ်တိုင်
ဒါန်အိုးဒါန်ခွက် ပဲကြီးလှော်နဲ့ လဲစားသလို
လန်ခရူဇာနဲ့လဲ၊
သုံးထပ်တိုက်နဲ့လဲ၊
ဝင်ဒါမီယာနဲ့ လဲခဲ့ပြီးတဲ့ အခါ။

ကမ္ဘာမကြေ ဗမာတွေ
ကျဆုံးလေပြီးသော ဗမာပြည်
ပန်းခွေ လှလှ ချကြရအောင်။

လွန်ခဲ့သောနှစ်တရာဝန်းကျင်က
မြောက်အမေရိက မှာ
နီဂရိုးကို ချိန်တွယ်ဈေးကွက်ခင်းခဲ့သလို
ဗမာပြည်သားတွေအတွက်
အလုပ်အကိုင်အေဂျင်စီတွေဖွင့်
အင်ဂျင်နီယာ ရမယ်
ဆရာဝန် ရမယ်
ကွန်ပြူတာပရိုဂရမ္မာ ရမယ်
အိမ်ဖေါ်ရမယ်
ရွှေ့ပြောင်း ရမယ်
သင်္ဘောသား လဲ ပါတယ်နော်
ဟောသည်မှာ အာရှသားချင်း ကျွန်ခံ
ဒို့ပြည်ကို စစ်မခင်းဘဲ
ဝပ်ဆင်းပြီး ကျွန်ဖြစ်နေရ
ဧရာဝတီဆန်
စစ်သင်္ဘောတွေ ဂေါဝိန်ထိမတက်
ကျည်တချက် မဖေါက်
တိုင်းပြည် ပျောက်ဆုံးသွားပြီ။
“ပညာတတ်ရင် သူ့အလိုလို ကျွန်လာခံလိမ့်မယ်”
လီကွမ်ယု လက်ညှိုး က ငတို့ကို တည့်တည့်ထိုး၊
သုံးရောင်ခြယ်ပေါ်က ကြယ်ပွင့်အလံဟာ
ကျွန်အမျိုးတွေကို ကိုယ်စားပြု
အရှေ့တောင်အာရှက အများဆုံးကျွန်ထုကြီး ရဲ့ သင်္ကေတ။

“တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ ဒို့ပြေ”
နိုင်ငံတော်ကတော့ ‘ကျွန်ပွဲခ’ နဲ့
လွတ်လပ်ရေးနေ့ နှစ်ပါတ်လည်ညစာတည်ခင်း
ဂုဏ်ပြုသတဲ့။

ကမ္ဘာမကြေ ဗမာတွေ
ကျဆုံးလေပြီးသော ဗမာပြည်
ပန်းခွေလှလှ ချ ကြ ရအောင်။

ပင်လယ်ဓါးပြတယောက်ရဲ့ မျက်နှာပေါ်က
ကန့်လန့်ဖြတ် ဓါးခုတ်ရာ လို
ဗမာပြည်မြေပုံပေါ် က
ကန့်လန့်ဖြတ် ဂက်စ်ပိုင်းလိုင်းကြီးဟာ
စစ်ဗိုလ်ချုပ်တွေ၊
အင်ဂျင်နီယာတွေ၊
အမြတ်ခွန်၊ တရားရေးနဲ့ လဝက က အစ၊
ကျူရှင်ပြ တဲ့ ဆရာမ နဲ့ ဆေးရုံပေါက်စောင့်အဆုံး
ဗမာပြည်သားအားလုံး အကျင့်ပျက်ခြင်း နဲ့ ရခဲ့တဲ့ ဒဏ်ရာ၊
ဟောဟိုက တိုက်အကောင်းစားကြီးနဲ့ နေ၊
ကားအကောင်းစားကြီး စီး နေကြသူတွေကတော့
ကိုယ့်အမေကိုယ် မုဒိန်းကျင့် ခဲ့ တာကို
မြိန်ရည်ယှက်ရည် စားမြုံ့ပြန်နေသူတွေ ပ။

ကမ္ဘာမကြေ ဗမာတွေ
ကျဆုံးလေပြီးသော ဗမာပြည်
ပန်းခွေလှလှ ချ ကြ ရအောင်။

ဒီခေတ်မှာ ဘာမဆို ပြည်တွင်းက ဖြစ်တယ်
ကိုလိုနီ လဲ ပြည်တွင်းဖြစ်
ဖက်ဆစ် လဲ ပြည်တွင်းဖြစ်
ချစ်တီး လဲ ပြည်တွင်းဖြစ်
တိုင်းတပါးရန် ကာကွယ်ဖို့
သင်တန်းဆင်းလာတဲ့ စစ်ဗိုလ်တွေဟာ
ကိုလိုနီ လဲ ဖြစ်
ဖက်ဆစ် လဲ ဖြစ်
ချစ်တီး လဲ ဖြစ်သွားတယ်
ဘာမဆို တပ်မတော် က ကျွန်ပြု
ပြည်ထောင်စု နာမည်ခံ နေကြ ရ ပေါ့။
၁၃၅ မျိုးထဲ ထပ်ဖြည့်သင့်တာ ‘တပ်မတော်’
တပ်မျိုး တပ်ဆွေ တပ်နွယ်တွေ က
ဗမာနဲ့ ကျောမွဲ
ကချင် ကယား ကရင် ချင်း ပြည်ထောင်စုကြီး
ကိုလိုနီ ပြုထားတဲ့ တိုင်းပြည်။

ကမ္ဘာမကြေ ဗမာတွေ
ကျဆုံးလေပြီးသော ဗမာပြည်
ပန်းခွေလှလှ ချ ကြ ရအောင်။

ဗမာပြည် မှာ
ကျဆုံးစရာ မရှိ
နောက်ဆုံး တော်လှန်ရေးတောင် ကျဆုံးစေတယ်
မိန်းမတယောက် သွေးဆုံးသလို
တော်လှန်ရေးဟာလဲ
ပေါ်ပြူလာ လက်ခုပ်သံတွေနဲ့ ပြီးဆုံးသွားတယ်
နိုင်ငံရေး ဟာ ပွဲတက်ဖက်ရှင်ပြပွဲ
စင်ပေါ်တက် ကျဗန်းစကားပြောပွဲအဆင့်ဖြစ်သွားတယ်
ခေါင်းပေါင်းဆောင်း တိုက်ပုံဝတ် လွှတ်တော်ထဲ
အသံမထွက်ဘဲ ထိုင်နေတာ ဖြစ်သွားတယ်
ပြည်တွင်း ပြည်ပ က ရေဒီယို နားထောင်သူတွေ
ရုပ်ရှင်ကြည့်သူတွေ ဟာ
အဲဒီနိုင်ငံရေး အဲဒီဒီမိုကရေစီ ကို
ဝမ်းပန်းတသာ ကြိုဆိုကြတယ်
ဒီမိုကရေစီခေတ်သစ်ကြီးမှာ
ဗိုလ်ချုပ်ကြေးရုပ်တွေ ပေါလာတယ်
စကားလုံးတွေ ကြီးလာတယ်
မီးပိုပြတ်လာတယ်
ကျန်တာတော့ ပလုံပဲ
ရေမြုပ်နေလို့ ပလုံပဲ။

ကမ္ဘာမကြေ ဗမာတွေ
ကျဆုံးလေပြီးသော ဗမာပြည်
ပန်းခွေလှလှ ချ ကြ ရအောင်။

နိုင်ငံရေးသမား ဆိုသူတွေက
ညနေအရက်သောက်တယ်
တယောက်တလှည့် အသုဘလိုက်ပို့တယ်
တခုခုဖြစ်ရင် ကမန်းကတမ်း စတိတ်မန့်ထုတ်တယ်
နောက် ကိုယ်ရည်ကိုယ်သွေး စာအုပ်ထုတ်ကြတယ်
အဆက်အသွယ်ရရင် ပရိုပိုဆယ်တင်ပြီး ဒေါ်လာစားကြတယ်
ညစ်ပြီး ပိတ်နေ ဘူနေ တဲ့ ပြည်သူတွေအတွက်
စင်္ကာပူ က အိမ်ဖေါ်မလေးနဲ့
ပေါင်နှစ်ချောင်း ဖြဲပြတဲ့ လယ်သူမကြီး လောက်တောင်
လမ်းပြ မပေးနိုင်ကြတဲ့ အကောင်တွေ ဟာဟ။

အိုဘယ့်

ကမ္ဘာမကြေ ဗမာတွေ
ကျဆုံးလေပြီးသော ဗမာပြည်
ပန်းခွေလှလှ ချ ကြ ရအောင်။ ။

ချိုတူးဇော်

Advertisements

One thought on “” ကျဆုံးနေသော နိုင်ငံတော်အား အလေးပြု”

  1. Martin Swe added 5 new photos.Follow
    20 hrs ·
    ပြန်လည်မျှဝေပေးပါတယ်
    .
    တော်လွန်းပါတယ်ကွာ
    ================
    မြန်မာနိုင်ငံ ကာချုပ်က

    သူ့အထက်မှာနေမဲ့

    ကာကွယ်ရေးဝန်ကြီးကို သူဘဲခန့်တယ်

    ပြီးတော့ သူ့အထက်မှာနေမဲ့ ဒုသမတ

    တစ်ယောက်ကိုလည်း သူဘဲခန့်တယ်

    ပြီးတော့ သူ့နေရာကိုဆက်ခံဘို့ ကာချုပ်အသစ်ကိုလည်း

    သူဘဲခန့်တယ် ( ခုချိန်ထိတော့ သက်တမ်းပြည့်သွားလို့

    ဘယ်သူ့ကိုမှမခန့်ဘဲ သူ့ကိုယ်သူပြန်ခန့်ထားသေးတယ် )

    ဒါတင်မကဘူး…. ပြည်ထဲရေး ၊နယ်စပ်ရေးရာ ဆိုတဲ့

    တရားဥပဒေစိုးမိုးရေးအတွက်အရေးအပါဆုံး

    ဝန်ကြီးနှစ်ပါးကိုလည်း သူဘဲခန့်တယ်

    ပြီးပြီလားဆိုတော့ မပြီးသေးဘူး

    ဥပဒေပြုမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်အင်အားရဲ့ ၄ ပုံ ၁ ပုံကိုလည်း

    သူဘဲ ပိုင်တယ် ။

    မြန်မာနိုင်ငံမှာ အဲလောက် လုပ်ပိုင်ခွင့် အာဏာရှိတာ

    သူကလွဲပြီး တစ်ယောက်မှ မရှိဘူး ။

    အဲဒီနိုင်ငံမျိုး ကို ဒီမိုကရေစီနိုင်ငံလို့ပြောလာရင် ပြောတဲ့လူ

    ရူးနေတာဘဲဖြစ်မယ် ။

    Credit …Zaw Bala via ဥာဏ်လှိုင်(ခ)ရန်ငြိမ်းသူ
    .
    ပြန်လည်မျှဝေပေးပါတယ်
    လေးစားလျှက်
    Martin Swe
    15-07-2017

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s