မဘသ၏ မွတ်စလင် ဆန့်ကျင်ရေးအလွန် ဒီမိုကရေစီနှင့် အမျိုးသားရင်ကြားစေ့ရေး အကျိုးဆက်များ

Institute for Strategy and Policy

မဘသ၏ မွတ်စလင် ဆန့်ကျင်ရေးအလွန် ဒီမိုကရေစီနှင့် အမျိုးသားရင်ကြားစေ့ရေး အကျိုးဆက်များ

ဒေါက်တာစိုင်းလတ် ၁

■ ၁။   နိဒါန်း

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)အား အစွန်းရောက် ဗုဒ္ဓ္ဓဘာသာအဖွဲ့ဟု လည်းကောင်း၊ အစ္စလာမ် ဘာသာဝင် မွတ်စလင်များ ဆန့်ကျင်ရေးအဖွဲ့ဟု လည်းကောင်း လူသိများကြသည်။ မဘသ အနေဖြင့်လည်း မွတ်စလင်ဆန့်ကျင်ရေး ကိစ္စများကို လူသိထင်ရှား ဟောပြောစည်းရုံး ထုတ်ဝေသည်သာမက ယဉ်ကျေးလိမ္မာ စာသင်ကျောင်းအမည်ဖြင့် ကလေးသူငယ်များအား မွတ်စလင်မုန်းတီးရေး သင်ကြားလျက်ရှိသည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ အချို့ဒေသများ၌ မွတ်စလင်ကင်းစင် နယ်မြေများ ထူထောင်လျက်ရှိသည် (ပုံ-၁)။ သို့သော် အမှန်စင်စစ်တွင် မဘသသည် ဘာသာတရား လှုပ်ရှားသည့် အဖွဲ့အစည်းထက် နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သည်။ မဘသလှုပ်ရှားမှု၏ လတ်တလော ရည်ရွယ်ချက်မှာ (Immediate aim) မှာ မွတ်စလင်များအား ခွဲခြားခြင်း (Exclusion)နှင့် ဖိနှိပ်ခြင်း (Oppression) ဖြစ်သော်လည်း ပိုမို ကျယ်ပြောသည့် နိုင်ငံရေးရလဒ် (Broader political outcomes) မှာ ဒီမိုကရေစီ ပြောင်းလဲရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးကို လူထုအားဖြင့် ဟန့်တား ဆန့်ကျင်မည့် လူထုစည်းရုံးရေးမဏ္ဌိုင် (Mass mobilization mechanism) ပေါ်ထွန်းလာခြင်းဖြစ်သည်။ ဤစာတမ်းတွင် မဘသ အမျိုးသားရေးလှုပ်ရှားမှုသည် ဒီမိုကရေစီ အင်အားစုများအား စစ်အစိုးရ၏ ရန်သူ (Enemy of the state) အဖြစ်မှ ပြည်သူ့ရန်သူ (Public enemy) အဖြစ် လူထုအားဖြင့် ပြောင်းလဲလိုက်ပုံ၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ၏ အတွေးအခေါ် လက်သည်တရားခံ ဖြစ်သည့် မဟာလူမျိုးကြီးဝါဒကို ထပ်မံအားဖြည့် (Reinforce) လိုက်ပုံနှင့် မွတ်စလင်ဆန့်ကျင်ရေးမှ ဒီမိုကရေစီအင်အားစု ဆန့်ကျင်ရေး ဖြစ်သွားပုံကို ဥပမာယူပြီး မဘသ အနေဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့် ဖက်ဒရယ် ဆန့်ကျင်ရေး ဆက်လက်ဖြစ်သွားနိုင်ပုံကို သုံးသပ်တင်ပြထားသည်။ မဘသ၏ အမျိုးသားရေးနှင့် အချုပ်အခြာအာဏာ ကာကွယ်ရေးသည် ယခင်အစိုးရအဆက်ဆက်၏ အချုပ်အခြာ ကာကွယ်ရေး ခေါင်းစဉ်အောက် ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအား ဖြိုခွဲရာတွင် အသုံးချသည့် အတွေးအခေါ်များနှင့် အတူတူပင်ဖြစ်ကြောင်းလည်း တင်ပြထားသည်။

■ ပုံ(၁) စာညွှန်း – Ven Suriya Itbmu Facebook (မတ်လ ၂၆၊ ၂၀၁၆)

■ ၂။   ဘာကြောင့် ဘာသာရေးလှုပ်ရှားမှု မဟုတ်သလဲ

မဘသ၏ ဆောင်ရွက်မှုများကို ဆန်းစစ်ပါက ဗုဒ္ဓ၏ အယူအဆများ (Philosophy) နှင့် ယုံကြည်သက်ဝင်မှု (Spiritual) များ ထွန်းကားစေရန်၊ Missionary ကဲ့သို့ ဗုဒ္ဓ၏ သွန်သင်မှုများ ပျံ့နှံ့စေရန် ရည်ရွယ် စည်းရုံးသည့် “ဘာသာတရားရေးရာ” လှုပ်ရှားမှု မဟုတ်ပါ။ မြန်မာ/ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်များအား လူမျိုးခြား၊ ဘာသာခြားများ လွှမ်းမိုးခြင်းမှ ကာကွယ်ရန် ရည်ရွယ်ပြီး ဘာသာခြား၊ လူမျိုးခြားများကို နိုင်ငံတော်၏ စီးပွား-နိုင်ငံရေး (Political economy)၊ နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုရေးရာ ထက်အောက် ဖွဲ့စည်းမှု (Hierarchy) များတွင် ဒုတိယတန်းစားများ (သို့) ထိုထက်နိမ့်သည့် အတန်းစားများနှင့် အပြင်လူများ ဖြစ်အောင် ပုံဖော်ခြင်း၊ ကန့်သတ်ခြင်း စသည်တို့ကို ဦးစားပေး ဆောင်ရွက်သည့် “လူမျိုး ဘာသာ အခြေပြု နိုင်ငံရေးလှုပ်ရှားမှု” ဖြစ်သည်။ လူတစ်စုအား ခွဲခြားကန့်သတ်ခြင်းကို နေ့ချင်းညချင်း ထလုပ်၍ မရနိုင်ပါ။ လူအများအမြင်တွင် ထိုလူစု၏ လူ့တန်ဖိုးအဆင့် ကျဆင်းပျက်ပြယ်မှ၊ လေးစားခံရမှုနှင့် ယုံကြည်စိတ်ချရမှု ပျက်ပြယ်မှ ခွဲခြားနှိပ်ကွပ်ရန် ဖြစ်နိုင်သည့်အတွက် ထိုလူစုအား အန္တရာယ်ရှိသောလူများ၊ အပြင်လူများအဖြစ် ပုံဖော်သည့် လုပ်ရပ်များသည် မဘသ အဖွဲ့အစည်း ၏ ၀ိသေသ လက္ခဏာဖြစ်သဖြင့်  မဘသသည် ဘာသာရေးကျင့်စဉ်၊ အယူဝါဒနှင့် သက်ဆိုင်သည့် Spiritual နှင့် Philosophical လှုပ်ရှားမှု မဟုတ်ပါ။

■ ၃။   ဘာကြောင့် နိုင်ငံရေးလှုပ်ရှားမှုလဲ

မဘသ၏ ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်သည့် ဦးဝီရသူသည် ပဋိကတ် ၃ ပုံနှင့် ဘုရားဟော တရားများကို ဟောမည် မဟုတ်ဘဲ အမျိုးသားရေး တရားကိုသာ ဟောမည်ဖြစ်ကြောင်း အတိအလင်း မိန့်ပြီး ဖြစ်သည်။

ဦးဝီရသူ၏ မိန့်ကြားချက်သည် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အပြောနှင့် ဆင်တူသည်။ အကျယ်ချုပ် ကျနေရာမှ လွတ်မြောက်လာသော ဦးခင်ညွန့်က ပါတီနိုင်ငံရေး လုပ်မည် မဟုတ်ဘဲ တစ်မျိုးသားလုံးနှင့် ဆိုင်သည့်ကိစ္စများသာ  လုပ်တော့မည်ဟု ဆိုသည်။  န၀တ၊ နအဖ သက်တမ်းတလျှောက် အမျိုးသားရေး၊ ဇာတိသွေးဇာတိမာန် တက်ကြွရေး၊ မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေးကို နည်းပေါင်းစုံဖြင့် ဆောင်ရွက်ခဲ့သည့် ဦးခင်ညွန့်သည် ဦးဝီရသူအား သွားရောက်ကန်တော့ခြင်း (ပုံ-၂)၊ ၂၀၁၃ ခုနှစ် မတ်လတွင် ပဲခူး “၉၆၉” ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း (ပုံ-၃)၊ စစ်အစိုးရ လက်ထက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဦးအောင်သောင်း သည်လည်း ဦးဝီရသူအား ရခိုင်အရေးမခင်း မဖြစ်မီ တစ်ပတ်အလိုတွင် သွားရောက် ကန်တော့ခြင်း (ပုံ-၄)၊ သမ္မတဟောင်း ဦးသိန်းစိန်က ဦးဝီရသူအား ကာကွယ်ခြင်း  စသည်တို့သည် မဘသနှင့် အာဏာပိုင်(ဟောင်း) များအကြား ဆက်နွယ်မှုကို ညွှန်ပြလျက်ရှိသည်။ ၎င်းတို့၏ သဘောတူညီချက်နှင့် ဆက်နွယ်မှု အတိအကျကို တိတိကျကျ သိရှိရန် ဓမ္မဓိဌာန်ကျသည့် သုတေသနများ ဆက်လက်ပြုလုပ်ရန် လိုအပ်သေးသော်လည်း ၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးမှုကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား မဲမပေးရန် ဟောပြောစည်းရုံး လှုံ့ဆော်ခြင်း၊  ဦးသိန်းစိန် အစိုးရကို ထောက်ခံရန်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ကို မဲပေးရန် မဲဆွယ်ပေးခြင်း၊ မဘသ ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်သည့် ဦးပါမောက္ခက မဘသသည် ကြံ့ခိုင်ရေးပါတီ၏ လက်ကိုင်တုတ် ဖြစ်နေသည့်အတွက် မဘသအဖွဲ့မှ နှုတ်ထွက်မည်ဟု မိန့်ခြင်း စသည့် ကိစ္စတို့သည် မဘသနှင့် အာဏာပိုင်များအကြား နိုင်ငံရေးဆက်နွယ်မှုကို ညွှန်ပြနေသည်။

ပုံ(၂) ဦးခင်ညွန့် ဆရာတော် ဦးဝီရသူအား ကန်တော့။ ( စာညွှန်း – M Media)

(ပုံ-၃) ဦးခင်ညွန့် ၉၆၉ ဖွင့်ပွဲအခမ်းအနား တက်ရောက်စဉ် (မတ် ၁၆၊ ၂၀၁၃) ( စာညွှန်း – ဌေးတင့် (http://htaytintnl.blogspot.ca/2013/06/blog-post_22.html)

(ပုံ-၄) ဦးအောင်သောင်းမှ ဆရာတော် ဦးဝီရသူအား ကန်တော့ (မေ ၃၀၊ ၂၀၁၂) ( စာညွှန်း – Citizen Journalist)

အချုပ်ဆိုရလျှင် မဘသ၏ သဘောသဘာဝသည် “ဘာသာတရား”ဒိုင်းအောက်တွင် လှုပ်ရှားသည့် နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သည်။ ဘာသာရေးသည် သင်္ကေတ (Symbolic) သာဖြစ်ပြီး ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များမှာ နိုင်ငံရေးဖြစ်သည်။

မဘသ ထောက်ခံသူများအနေဖြင့် “နိုင်ငံရေးလှုပ်ရှားမှု” ကို Spiritual/Philosophical ပိုင်းဆိုင်ရာ “ဘာသာတရား” လှုပ်ရှားမှုနှင့် ကွဲကွဲပြားပြား မမြင်သဖြင့် မဘသကို ဝေဖန် ထောက်ပြပါက ဘာသာတရားကို ဝေဖန်စော်ကားသည်ဟု မှတ်ယူပြီး ဗုဒ္ဓဘာသာအား ကာကွယ်ကြသည်။ ဝေဖန်သည်က နိုင်ငံရေးလှုပ်ရှားမှု၊ ပြန်လည်ကာကွယ် တုံ့ပြန်သည်က ဘာသာတရား ရှုထောင့်မှ ဖြစ်နေသည်။

ဤ ရှေ့နောက် မကိုက်ညီမှုနှင့် ပတ်သက်ပြီး အကောင်းဆုံးဥပမာ ပြရလျှင် ၂၀၁၆ ခုနှစ် ဇွန်လတွင် ကျင်းပသော ၃၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် မြန်မာကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက မြန်မာနိုင်ငံတွင် ဗုဒ္ဓအစွန်းရောက်ဝါဒ မရှိကြောင်း၊ ဗုဒ္ဓသည် မေတ္တာတရားနှင့် ငြိမ်းချမ်းရေးကိုသာ ဟောခဲ့ကြောင်း တင်ပြသည့်ကိစ္စဖြစ်သည်။

မှန်ပါသည်။ ဗုဒ္ဓဘာသာတရားနှင့် အစွန်းရောက်ခြင်း၊ မုန်းတီးခြင်း၊ အကြမ်းဖက်ခြင်းတို့ မအပ်စပ်ပါ။ သို့သော် ပြည်တွင်း ပြည်ပမှ ထောက်ပြနေသည့် ပြသနာမှာ “ဗုဒ္ဓဘာသာ” နှင့် ဗုဒ္ဓ၏ ကျင့်စဉ်များ၊ အတွေးအခေါ်နှင့် အဆုံးအမများကို မဟုတ်ပါ။ ဗုဒ္ဓဟောခဲ့သည့် အနိစ္စတရား၊ အနတ္တတရား၊ မေတ္တာတရား တို့နှင့် ဆန့်ကျင်နေသော လူမျိုးနိုင်ငံရေး လှုပ်ရှားမှုကို ဖြစ်သည်။ သို့သော် မြန်မာအစိုးရသည် ထို နိုင်ငံရေးလှုပ်ရှားမှုအား စိစစ်ဖြေရှင်းရမည့်အစား ဘာသာတရား အဆုံးအမတွင် အပြစ်မရှိကြောင်းသာ ကာကွယ်သဖြင့် အနာတခြား ဆေးတခြား ဖြစ်နေသည်။

■ ၄ ။   မွတ်စလင်ဖိနှိပ်ရေးအလွန် နိုင်ငံရေး အကျိုးသက်ရောက်မှု

၎  –  ၁ ။ ဒီမိုကရေစီ အင်အားစုအား လူထုဖြင့် ချိနဲ့စေခြင်း

မဘသ၏ နိုင်ငံရေးလှုပ်ရှားမှုသည် လူမျိုး၊ ဘာသာတစ်ခုကို ပစ်မှတ်ထား ဆောင်ရွက်သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အဟန့်အတား ဖြစ်သည်အထိ အကျိုးသက်ရောက်မှု ရှိကြောင်း အောက်ပါ အချက် ၃ ချက်နှင့် ဆက်စပ်ပြီး ဆက်လက် သုံးသပ်ပါမည်။

(၁) အီတာလျံ အတွေးအခေါ်ပညာရှင် အန်တိုနီယို ဂရမ်ရှီ (Antonio Gramsci, 1891-1937) အဆိုအရ အာဏာပိုင်များသည်  စိုးမိုးအုပ်ချုပ်ရာတွင် အင်အား (Coercion) သုံးသည့် နည်းလမ်းဖြင့်သာ အုပ်ချုပ်သည် မဟုတ်ပါ။ ၎င်းတို့၏ ပါဝါအာဏာသည် အုပ်ချုပ်ခံများ၏ Consent (သဘောတူလက်ခံမှု) ပေါ်တွင်လည်း မူတည်သည်။ သို့ရှိရာ ၎င်းတို့ကို အုပ်ချုပ်ခံများ လက်ခံအောင် အမြဲမပြတ် ဖန်တီးယူရသည်။  အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်မှ ပညာရှင် နောမ် ချောင်မ်စ်ကီ (Noam Chomsky) ပြောလေ့ ရှိသည့် စကားလုံး ငှားသုံးရလျှင် “Manufacturing Consent” (သဘောတူလက်ခံမှု ဖန်တီးခြင်း) ဖြစ်သည်။ စိုးမိုးအုပ်ချုပ်သူများ အနေဖြင့် ပြည်သူအများစု၏ သဘောတူ လက်ခံမှုရရှိရန် အလွယ်ကူဆုံး နည်းလမ်းမှာ လူနည်းစုများ (သို့မဟုတ်) ရွှေ့ပြောင်းလူစု အသိုင်းအ၀ိုင်းများ (Migrant communities) သည် နိုင်ငံသားများ၏ အကျိုးစီးပွားကို ခြောက်လှန့် ဖျက်ဆီးနေပြီး အစိုးရကသာလျှင် ထိုရန်မှ ကာကွယ်ပေးနိုင်သည်ဟု ၀ါဒဖြန့်ချိခြင်း ဖြစ်ကြောင်း ပညာရှင်များစွာက ထောက်ပြထားရာ အမျိုးသားရေးဝါဒ မှိုင်းတိုက်ခြင်းသည် စိုးမိုးအုပ်ချုပ်သူများအတွက် လက်နက်ကောင်းတစ်ခု ဖြစ်သည်။

(၂) နိုင်ငံစီးပွားရေး (Political Economy) ပညာရှင် ရော်ဘင်မူရေး (Robin Murray) က အစိုးရ၏ လုပ်ငန်းတာဝန်ကြီး ခြောက်ခုအနက် တစ်ခုမှာ ဖိနှိပ်မှုတာဝန် (Oppressive function) ဟု ဆိုသည်။

(၃) မြန်မာအစိုးရ အဆက်ဆက်သည် ၁၉၇၀ ပြည့်နှစ်များမှစ၍ ကွန်မြူနစ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်တွင်း ဒီမိုကရေစီ အင်အားစုများကို နှိပ်ကွပ်ရာတွင် “ပြည်သူ့စစ် မဟာဗျူဟာ”ကို သုံးလျက်ရှိသည်။  ပြည်သူ့အားဖြင့် ပြည်သူကို တန်ပြန်ခြင်း၊ တိုင်းရင်းသားများဖြင့် တိုင်းရင်းသား အဖွဲ့အစည်းများကို ဖြိုခွင်းခြင်း၊ ကျောင်းသားဖြင့် ကျောင်းသားကို ဖြိုခွဲခြင်း ဗျူဟာကို လူအများ သိပြီးဖြစ်သည် (ပုံ-၅)။

(ပုံ-၅) မဆလခေတ် ၀ါဒဖြန့်ချိရေး စာစောင်များ။ (ဓာတ်ပုံ – စိုင်းလတ်၊ ၂၀၁၅)

ဤအချက် သုံးချက်ကို သီအိုရီအရ ဆက်စပ် သုံးသပ်ပါက အုပ်ချုပ်မှု ယန္တယားတွင် ဖိနှိပ်မှုသည် ရှိနေဦးမည်။ သို့သော် အစိုးရတစ်ရပ်သည် ဖိနှိပ်မှုများ လုပ်နေသည့်တိုင် ပြည်သူထောက်ခံမှု လိုအပ်သည့်အတွက် နိုင်ငံသားများကို ခြောက်လှန့်နေသော ရန်များ ရှိနေကြောင်း အတွေးအခေါ်ကို ဖန်တီးမည်။ ထိုရန်များမှ ကာကွယ်ပေးမည် ဟူသော အကြောင်းပြချက်ဖြင့် လူထုထောက်ခံမှု ရယူမည်။ ထိုမှတစ်ဆင့် သူတို့၏ အာဏာပါဝါကို ထိခိုက်စေသည့် လူထုအခြေပြု ဒီမိုကရေစီစနစ်၊ အဖွဲ့အစည်းများ၊ ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်များ၊ အုပ်ချုပ်ရေး ယန္တယားများကို လူထုအားဖြင့် တန်ပြန်ဟန့်တားမည်။

၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာပြည်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို သုံးသပ်ပါက မွတ်စလင်များကို “ရန်” အဖြစ် ပုံဖော်ဖန်တီးရန် ပေါ်လာသည့် အမျိုးသားရေး လှုပ်ရှားမှုသည် အာဏာပိုင် အသိုင်းအ၀ိုင်း၏ ရန်သူများဖြစ်သည့် ဒီမိုကရေစီအင်အားစုကို လူထုအားဖြင့် အားအင်ချိနဲ့ သွားစေခဲ့သည်။

ဤနေရာတွင် အာဏာပိုင်အစိုးရ အဓိကစိုးရိမ်သည့် ရန်သူ (State enemy) သည် မွတ်စလင် မဟုတ်ကြောင်း၊ မွတ်စလင်များအား ရန်အဖြစ် ဖန်တီးခြင်းသည် ရမယ်ရှာခြင်းသာ ဖြစ်ကြောင်း မီးမောင်းထိုးပြရန် လိုအပ်သည်။

မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်များသည် ၁၉၆၀ နှောင်းပိုင်းမှစ၍ နိုင်ငံရေး၊ စစ်ရေး၊ ယဉ်ကျေးမှု တို့တွင် သြဇာကျဆင်းပြီး ဖြစ်သည်။ အင်အားကြီး မွတ်စလင်နိုင်ငံရေးပါတီ မရှိသကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းသော် လည်းကောင်း၊ စာပေယဉ်ကျေးမှုအဖွဲ့သော် လည်းကောင်း မရှိတော့ပါ။ အဖွဲ့ကြီးငါးဖွဲ့ဟု အသိများသည့် အဖွဲ့အစည်းကြီးများမှာလည်း ဘာသာရေးရာ ကိစ္စများအတွက်သာ ဖြစ်ပြီး အစိုးရ ပေါ်လစီအပေါ်တွင်သော် လည်းကောင်း၊ မွတ်စလင်များအပေါ်တွင်သော် လည်းကောင်း နိုင်ငံရေးသြဇာ (Political influence) နှင့် နိုင်ငံရေးကိုယ်စားပြုမှု (Political representation) မရှိပါ။ အလယ်အလတ် စီးပွားရေး လောကတွင်လည်း မြို့နေ လူကုံထန် အသိုင်းအ၀ိုင်းသာ ရှိပြီး မွတ်စလင်အများစုမှာ သာမန်လူတန်းစားများ ဖြစ်သည်။ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ ဖြစ်သော်လည်း လူမျိုးစုကွဲပြားခြင်း၊ ဘာသာအယူအဆ ဂိုဏ်းကွဲပြားခြင်းတို့ကြောင့် အင်အားကြီး မွတ်စလင် လူ့အဖွဲ့အစည်းအနေဖြင့် ရပ်တည်နိုင်ခြင်း မရှိသဖြင့် မွတ်စလင်များသည် အာဏာပိုင်များကို စိမ်ခေါ် ခြောက်လန့်နေသည့် အစိုးရ၏ ရန်သူ (State enemy) များ မဟုတ်ပါ။

ယခင် အစိုးရများ ကာလတလျှောက် အာဏာပိုင်များအား စိန်ခေါ်ခြောက်လန့်နေသည့် အင်အားကြီး အဖွဲ့အစည်း အသိုင်းအ၀ိုင်းများမှာ

(က) သတင်းမီဒီယာများ

(ခ) နိုင်ငံခြား အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ

(ဂ) လူ့အခွင့်အရေး လှုပ်ရှားသူများ

(ဃ) သံဃာတော်များ

(င) ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ နိုင်ငံရေးအင်အားစုများ

(စ) ဖက်ဒရယ် တိုက်ပွဲဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ဖြစ်သည့် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်အတွင်း မွတ်စလင်ဆန့်ကျင်ရေး အမျိုးသားရေးလှုပ်ရှားမှုသည် အထက်ပါ အချက်ခြောက်ချက်မှ ပထမ ငါးချက်၏ သြဇာလွှမ်းမိုးမှုနှင့် ပြည်သူ့ထောက်ခံမှုကို ပြည်သူ့အားဖြင့် အားနည်းစေခဲ့သည်။

(က) မီဒီယာများ။         ။ ၁၉၈၈ နောက်ပိုင်း ကာလတလျှောက်တွင် ပြည်ပ မီဒီယာများဖြစ်သည့် BBC ၊ VOA ၊ RFA ၊ DVB အပြင် ဧရာဝတီ၊ မဇ္ဈိမ သတင်းဌာနများအား လူသတ်မီဒီယာများ၊ နိုင်ငံတွင်း ဆူပူမှုများ ဖြစ်အောင်၊ ဖျက်လိုဖျက်ဆီး ဖြစ်အောင် လှုံ့ဆော်နေသည့် အဖွဲ့များဟု တစိုက်မတ်မတ် ၀ါဒဖြန့်ခဲ့သော်လည်း ပြည်သူများက ထို ပြည်ပမီဒီယာများကို ယုံကြည်လေးစားမြဲ ဖြစ်သည်။ ထို မီဒီယာများ သြဇာသည် ပြည်သူများအပေါ် လွှမ်းမိုးမြဲ ဖြစ်သည်။ သို့သော် ၂၀၁၀-၂၀၁၁ ခန့်မှစ၍ အရှိန်အဟုန် မြင့်လာသော ရိုဟင်ဂျာဆန့်ကျင်ရေး လှုပ်ရှားမှုကာလအတွင်း အဆိုပါ ပြည်ပမီဒီယာများအား အမျိုးသားရေးကို ထိပါးသည့် ရိုဟင်ဂျာအရေး အားပေးထောက်ခံသူများ၊ နိုင်ငံခြားမှ ရန်ပုံငွေယူပြီး အချုပ်အခြာအာဏာကို ထိပါးသည့် လုပ်ရပ်များ လုပ်နေသည့် တိုင်းပြည် သစ္စာဖောက်များအဖြစ် စွပ်စွဲဝေဖန်ပြီး ဆန္ဒပြခြင်း၊ သတင်းထောက်များအား တိုက်ခိုက်ခြင်းအထိ ဖြစ်လာသည်။

ဒီမိုကရေစီစနစ်၏ အရေးကြီးသော မဏ္ဍိုင်တစ်ခု ဖြစ်သည့် သတင်းမီဒီယာများအား ဘက်လိုက် ရေးနေသော မီဒီယာများအဖြစ် လည်းကောင်း၊ မဟုတ်မမှန် လုပ်ကြံ ရေးသားနေခြင်းအဖြစ် လည်းကောင်း မဘသစာပေများတွင် ဆက်လက် ဝေဖန်လျက် ရှိသည်။

(ခ) နိုင်ငံခြားအစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများ။         ။ မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စဉ်ဆက်မပျက် ဝေဖန် ထောက်ပြခြင်းကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် မြန်မာအစိုးရ အနေကြပ်စေခြင်း၊ စီးပွားရေး ပိတ်ဆို့ခံရခြင်း၊ ပြည်ပရောက် မြန်မာအတိုက်အခံ အင်အားစုများအား နှစ်ပေါင်း ၃၀ နီးပါး ထောက်ခံ အားပေးခြင်းတို့ကြောင့် မြန်မာ အာဏာပိုင်များသည် နိုင်ငံတကာ အသိုင်းအ၀ိုင်းအား သူ့ကို ခြောက်လှန့်သည့် အသိုင်းအ၀ိုင်းဟု သတ်မှတ်သည်။ အထူးသဖြင့် အနောက်တိုင်း အစိုးရများနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းများ အပါအ၀င်  နိုင်ငံတကာ အဖွဲ့အစည်းများသည် ပြည်တွင်းရေး ၀င်ရောက်စွက်ဖက် ချယ်လှယ်လိုသည့် ကိုလိုနီလက်သစ် (Neo-colonialists) များ၊ အချုပ်အခြာ အာဏာကို ထိပါးလိုသူများဟု အမြဲမပြတ် ၀ါဒဖြန့်ခဲ့သည်။

မည်သို့ ၀ါဒဖြန့်စေကာမူ ပြည်သူများအနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့်၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ ကူညီမှသာ ဒီမိုကရေစီ ရလိမ့်မည်ဟု ယူဆ မျှော်လင့်ခဲ့သည်။ အမေရိကန်စစ်တပ်မှ စစ်အစိုးရအား ဖြုတ်ချမည့် အရေးထိပင် မျှော်လင့်သူများ ရှိသည်။

သို့သော် မဘသ အရှိန်မြင့်လာသည့်အခါ နိုင်ငံတကာ အဖွဲ့အစည်းများသည် အချုပ်အခြာ အာဏာကို ထိခိုက်သည့် ကိစ္စများအား အားပေးအားမြှောက် ပြုနေသည်ဟုဆိုကာ ဆန့်ကျင် ဆန္ဒပြခြင်းများသာမက ကုလသမဂ္ဂ ထိပ်တန်းအရာရှိများဖြစ်သည့် မစ္စတာ သောမတ်စ် ကင်တားနား၏ ယာဉ်အား ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်း၊ မစ္စယန်ဟီလီအား ပြည့်တန်ဆာဟု ခေါ်ခြင်း စသည်တို့အထိ ဆန့်ကျင်မှုများ ဖြစ်လာသည်။ ယခင်က အစိုးရက လုပ်ခဲ့သည့် နိုင်ငံခြားဆန့်ကျင်ရေးကို ယခုအခါ လူထုလှုပ်ရှားမှုအဖြစ် လုပ်လာသည်။

ဒီမိုကရေစီ လှုပ်ရှားမှုကာလ တလျှောက် နိုင်ငံရေး၊ ဒီိမိုကရေစီအရေး၊ ပြည်သူ့ ကျန်းမာရေး၊ ဒုက္ခသည်အရေး တို့အပြင် နိုင်ငံရေး ကမ်ပိန်းများ၊ အဖွဲ့အစည်းနှင့် ရုံးလုပ်ငန်း၊ အင်္ဂလိပ်စာနှင့် ဒီမိုကရေစီ လူ့အခွင့်အရေး၊ ပညာရေး စသည်တို့အတွက် လူ့စွမ်းအား အရင်းအမြစ်ကို နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့ကူညီပေးခြင်း ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများကြောင့် လူထုအခြေပြု အဖွဲ့အစည်းများစွာ ပေါ်လာသည်ကို ငြင်း၍ မရပါ။ ဆိုလိုသည်မှာ NGO/INGO များသည် ဒီမိုကရေစီရေး အင်အားစု၏ အရေးကြီးသည့် မဟာမိတ်ဖြစ်သည်။ သို့သော် ယခုအခါ NGO/INGO များကို တိုက်ခိုက်သည့် လုပ်ရပ် များ အရှိန်မြင့်လာနေသည်။ ဥပမာ- ရှင်မတောင်ဆရာတော် ဘဒ္ဒန္တ က၀ိန္ဒောဘာသက NGO/INGO သင်တန်းများကို သတိထားရမည် ဖြစ်ကြောင်း ရေးသားသည်။

ဤနေရာတွင် သတိပြုစေလိုသည်မှာ နိုင်ငံခြား အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် အပြစ်ကင်းစင်သည်ဟု မဆိုလိုပါ။ အဓိက မီးမောင်းထိုးပြလိုသည့် အချက်မှာ ယခင်အစိုးရက မည်သို့ပင် တိုက်ခိုက် ၀ါဒဖြန့်စေကာမူ ပြည်သူများသည် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် NGO/INGO များကို ယုံကြည် ထောက်ခံမြဲ ဖြစ်သည်။ သို့သော် အမျိုးသားရေးမှိုင်း တိုက်ပေးသည့်အခါ NGO/INGO များအား အင်တိုက်အားတိုက် ဆန့်ကျင်တော့သည်။

(ဂ) လူ့အခွင့်အရေး လှုပ်ရှားသူများ။       ။ မဘသ လှုပ်ရှားမှု အားကောင်းလာသည်နှင့်အမျှ တိုင်းပြည်အတွက် အနစ်နာခံ၊ ကိုယ်ကြိုးစွန့် ဆောင်ရွက်နေသူများဟု အသိအမှတ်ပြု ခံရသည့် လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ပညာရှင်များနှင့် စာရေးဆရာ၊ ဆရာမများအား အသားထဲက လောက်ထွက်များ၊ အမျိုး၊ ဘာသာ၊ သာသနာကို လူမျိုးခြား၊ နိုင်ငံခြားသား အလိုကျ လူ့အခွင့်အရေးနှင့် လှဲလှယ်သူများဟု စွပ်စွဲ ဝေဖန်တော့သည်။ “လူ့အခွင့်အရေးအော်တိုင်း မကောင်း၊ လူ့အခွင့်အရေးသမားများ သတိထား” စသည့် ဆောင်းပါးသည် ပြည်သူများအား လုံခြုံမှုပေးနိုင်မည့် (တစ်နည်းအားဖြင့် အာဏာအလွဲသုံးစား လုပ်သူများကို ထိန်းချုပ်မည့်) လူ့အခွင့်အရေးတည်းဟူသော မဏ္ဌိုင်ကို အမျိုးသားရေး အကြောင်းပြပြီး ကန့်သတ်ရန် ကြိုးစားခြင်းဖြစ်သည်။ မျိုးစောင့်ဥပဒေကို မထောက်ခံသည့် အချို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများကို လူမှုကွန်ရက်တွင်သော် လည်းကောင်း၊ ပြင်ပတွင်သော် လည်းကောင်း ခြောက်လှန့်ခြင်းအထိ ဖြစ်လာသည်။

(ဃ) သံဃာတော်များ။   ။ သံဃာတော်များသည် ပုဂံခေတ် ကတည်းကပင် မြန်မာ လူ့အဖွဲ့အစည်း၏ ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးတို့တွင် သြဇာကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မြန်မာမင်း အဆက်ဆက်တွင်သော် လည်းကောင်း၊ အင်္ဂလိပ်နှင့် ဂျပန်တော်လှန်ရေးတွင်သော် လည်းကောင်း၊ ပါလီမန်နှင့် စစ်အစိုးရ လက်ထက်များတွင်လည်းကောင်း အာဏာပိုင်များအား ထိန်းညှိခြင်း၊ ခုခံဆန့်ကျင် ဆန္ဒပြခြင်း၊ လူထုစည်းရုံးခြင်းတို့တွင် သြဇာကြီးမားသည့် အဖွဲ့အစည်း (Institution) ဖြစ်သည်။ ၁၉၈၈ နောက်ပိုင်းတွင် ပြည်သူလူထုအား စည်းရုံးနိုင်စွမ်းအ ရှိဆုံး အဖွဲ့သုံးခုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျောင်းသားထုအပြင် သံဃာထုသာ ရှိသည်။ ၁၉၈၈ လူထုလှုပ်ရှားမှု၊ ၂၀၀၇ သံဃာလှုပ်ရှားမှုအပြင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားလှုပ်ရှားမှုများတွင် သံဃာထု၏ သြဇာကြီးမားသဖြင့် ထိုသံဃာထုသည် မြန်မာအာဏာပိုင်များအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်သည်။ အစိုးရ ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း လွတ်လပ်ရေးနှင့် အာဏာရှင်စနစ် ဆန့်ကျင်လှုပ်ရှားမှု ကာလတလျှောက်တွင် ပြည်သူများနှင့် တသားတည်းကျခဲ့သည့် သံဃာထုသည် မြန်မာ အုပ်ချုပ်သူ လူတန်းစားအတွက် စည်းတစ်ဖက်ခြားမှ လူထု ဖြစ်နေသည်။ ပြည်တွင်းတွင် လူထုအားကိုးသည့် သံဃာထုကို ၂၀၀၇ လှုပ်ရှားမှုအပြီး နိုင်ငံတကာက ပိုမို အသိအမှတ်ပြု ထောက်ခံလာသဖြင့် ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏ ဦးသျှောင်မဏ္ဍိုင် ဖြစ်လာသည်။

ပုံ(၆) ကာတွန်း သူရ၊ (ဇူလိုင် ၂၀၁၆)

နိုင်ငံရေး ဦးဆောင်မှုကို ပြည်သူများက မေးခွန်းထုတ်ခြင်း မရှိသကဲ့သို့ ဘာသာရေးအရလည်း သံဃာတော်များကို ဝေဖန်ခြင်း မပြုကြပါ။ ၀ိနည်းနှင့် မညီသည့် ကိစ္စများ ရှိလာသည့်တိုင် သင်္ဃန်းကို ထောက်ညှာပြီး ဝေဖန်ခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း မရှိရာ လူသိရှင်ကြား ဝေဖန်ပြောဆိုခြင်းသည် လုံးဝ မပြောအပ်၊ မလုပ်အပ်ရာ (Taboo) ဖြစ်သည်။

သို့သော် မဘသ အရှိန်အဟုန် မြင့်လာသည့် တစ်ချိန်တည်းမှာပင် သံဃာတော်များ၏ အမုန်းတရား ဟောကြားခြင်း၊ နိုင်ငံရေး၊ အိမ်ထောင်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့တွင် ၀င်ရောက် စွက်ဖက်ခြင်းတို့ကြောင့် လူသိရှင်ကြား ဝေဖန်မှုများ ရှိလာသည်။ အင်တာနက် လူမှုကွန်ရက်တွင်သာမက မီဒီယာများတွင် ပြောကြားခြင်း၊ ရေးသား ထုတ်ဝေခြင်း၊ ဟောပြောပွဲများတွင် ထည့်သွင်း ဝေဖန်ခြင်းများ ရှိလာရာ အစိုးရ၏ ရန်သူတစ်ပိုင်း သံဃာထု၏ အခန်းကဏ္ဌအား ပြည်သူများ စတင် မေးခွန်းထုတ်လာသည် (ပုံ-၆)။ မျက်စိမှိတ် လေးစားခံရသည့် သံဃာထုအား ပြည်သူများက အကြည်ညိုစ ပျက်လာသည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင်လည်း သံဃာတော်များသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ခေါင်းဆောင်များအဖြစ် ကြည်ညိုလေးစား ထောက်ခံမှု ရနေရာမှ တယူသန် အမျိုးသားရေးဝါဒီများ၊ အာဏာရှင်၏ ဒေါက်တိုင်များ၊ အမုန်း ၀ါဒဖြန့်သူများအဖြစ် မြင်လာကြပြီး ၂၀၀၇ နောက်ပိုင်းကဲ့သို့ ထောက်ခံလေးစား ကြည်ညိုမှု မရတော့ပေ။

(င) ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ အင်အားစုများ ။    ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ အင်အားစုများသည် ယခင် အစိုးရခေတ် ကတည်းက အုပ်ချုပ်သူ အာဏာပိုင် လူတန်းစားတို့၏ အဓိကရန်သူ ဖြစ်သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာပိုင်များအတွက် စိန်ခေါ်မှုအကြီးဆုံး ဖြစ်သည်။ ၁၉၈၈ ကတည်းက အစိုးရ စာအုပ်စာတမ်းများ၊ သတင်းစာများ၊ မီဒီယာများတွင် နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုသည့် အချက်ကို ပစ်မှတ်ထားပြီး တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိပါးမည့်သူအဖြစ် လည်းကောင်း၊ ကိုလိုနီလက်သစ် လက်ဝေခံအဖြစ် လည်းကောင်း တောက်လျှောက် တိုက်ခိုက် အသရေ ဖျက်ခဲ့သော်လည်း ပြည်သူလူထုက သူမအား  တိုင်းပြည် ခေါင်းဆောင်အဖြစ် မှတ်ယူဆဲ ဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြု ပြည်သူ တခဲနက်လက်ခံသည့် လူထုခေါင်းဆောင် ဖြစ်သည်။

သို့သော် မဘသ ပေါ်လာပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အား အမျိုး၊ ဘာသာ၊ သာသနာကို မသိကျိုးကျွန်ပြုသူ၊ အမျိုးသားရေးထက် ဘာသာခြား၊ လူမျိုးခြားနှင့် ပဏာပိုသင့်လိုသူအဖြစ် စွပ်စွဲသည် သာမက အမျိုးသားရေးနှင့် အချုပ်အခြာအာဏာကို ထိပါးသူအဖြစ်လည်းကောင်း၊ သမ္မတ မဖြစ်ထိုက်သူ အဖြစ်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမပေးရန် ဆန့်ကျင် စည်းရုံးသည်အထိ လည်းကောင်း ဖြစ်လာသည်။ နိုင်ငံတကာတွင်လည်း သူမအား ဘေးကြပ်နံကြပ် ဖြစ်စေသည့် ရိုဟင်ဂျာ ဆန့်ကျင်ရေးကိစ္စကြောင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ခေါင်းဆောင်အဖြစ် ရှုမြင်သည့်အမြင်များ ပြောင်းလဲသွားပြီး ဝေဖန်မှု များလာသည်။

ဒေါ်အောင်ဆန်းစုကြည်အား အိမ်ထောင်ရေးကိစ္စဖြင့် တိုက်ခိုက်လာသည်မှာ နှစ်ပေါင်း ၂၅ နှစ်ကျော် ရှိလာသော်လည်း ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်းမှာမှ တဟုန်ထိုး ကျော်သွားသဖြင့် ဤကိစ္စ ဖြစ်စဉ် (Process) နှင့် (Content) ကို စနစ်တကျ လေ့လာရန် အရေးကြီးသည်။ ဒေါ်စုအား ဆန့်ကျင်သည့် လှုပ်ရှားမှုဖြစ်စဉ်ကို သုတေသန လုပ်ရာတွင် ထူးခြားသည့် အချက်နှစ်ချက် တွေ့ရသည်။ ထိုအချက်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ ပထမတစ်ချက်မှာ ဒေါ်စုကို ဝေဖန်တိုက်ခိုက်သည့် Narrative သည် sexist narrative ဖြစ်ပြီး ဒုတိယတစ်ချက်မှာ ထို Narrative သည် ကိစ္စတစ်ခုထံတွင် အဖျားခံပြီး တဖြည်းဖြည်း ရွေ့လျားကာ နောက်ဆုံး ဒေါ်စုထံတွင် ကမ်းဆိုက်ခဲ့ခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ ၂၀၁၀-၂၀၁၁ တွင် အမျိုးပျောက်မှာ စိုးကြောက်စရာ၊ မော်လ၀ီနှင့် ယောဂီ၊  ကျောက်ကွင်း အရေးတော်ပုံ အပါအ၀င် စာအုပ်စာပေများ၊ Islamization ဆန့်ကျင်ရေး ဆောင်းပါးများသည် Yahoo Groups ၊ Google Groups ၊ ဖေ့စ်ဘွတ်နှင့် အင်တာနက်ဖော်ရမ် စာမျက်နှာများတွင် ပျံ့လာသည်။  အဓိက Narrative မှာ “ကုလား” များက မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများအား အတင်းအဓမ္မ သိမ်းသွင်း လက်ထပ်ပြီး နှိပ်စက်သည် ဟူသည့် အချက်ဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၂ တွင် ရိုဟင်ဂျာဆန့်ကျင် လှုပ်ရှားမှုများ ပိုမို အရှိန်အဟုန် မြင့်လာသည်။ ၂၀၁၂ နှစ်လယ်ပိုင်းတွင် မသီတာထွေး မတရားပြုကျင့်ခံရသည့် အချိန်မှစပြီး Narrative သည် တဖြည်းဖြည်း ရွေ့လာသည်။

ရွေ့လျားပုံကို ရှင်းပြရလျှင် ပထမဆုံး အနေဖြင့် ဘင်္ဂလီက ရခိုင်အမျိုးသမီးအား မတရားပြုကျင့်သည်ဟု ဆိုကြသည်။ ထိုမှတစ်ဆင့် ကုလား (မွတ်စလင်) က မြန်မာ အမျိုးသမီးများအား မတရားပြုကျင့် သည်ဟု ဖြစ်လာသည်။ ထိုမှတဖန် လူမျိုးခြား၊ ဘာသာခြားများသည် မြန်မာအမျိုးသမီးများအား ငွေဖြင့် ပေါက်၍ လည်းကောင်း၊ အဓမ္မသော် လည်းကောင်း လက်ထပ်ယူကြောင်း၊ အိမ်ထောင်ပြုပြီး ညှင်းပမ်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အမျိုးသမီးနှင့် ကလေးများကို ဘာသာ အတင်းသွပ်သွင်းခြင်းတို့ကြောင့် မြန်မာအမျိုးသမီးများ လူမျိုးခြား၊ ဘာသာခြားများ (မွတ်စလင်များ)နှင့် လက်မထပ်သင့်ကြောင်း၊ ပေါင်းသင်း ဆက်ဆံမှု မပြုသင့်ကြောင်း၊ လက်ထပ်ပါက အမျိုးသားရေး အန္တရာယ်ရှိကြောင်း ပြောဆို ရေးသားလာကြသည်။ အင်တာနက် လူမှုကွန်ရက်များပေါ်တွင် အနောက်နိုင်ငံများသို့ ရောက်ရှိနေပြီး လူဖြူ လူမည်းများနှင့် ချစ်ကျွမ်း ၀င်နေသည့် မြန်မာအမျိုးသမီးများ၏ စုံတွဲဓာတ်ပုံများ၊ လူငယ်သဘာဝ ပါတီများတွင် ရိုက်ထားသည့် ဓာတ်ပုံများ၊ အ၀တ်အစား အတိုအပြတ်များဖြင့် အလှရိုက်ထားသည့် ဓာတ်ပုံများကို ဖြန့်ပြီး အကျင့်စာရိတ္တ ပျက်စီးသူများ၊ အမျိုးသားရေး တာဝန်မဲ့သူများအဖြစ် ဝေဖန်ရေးသားကြသည်။ တဖြည်းဖြည်းနှင့် မြန်မာအမျိုးသမီးများအနေဖြင့် နိုင်ငံခြားသားများနှင့် ချစ်သူဖြစ်ခြင်း၊ လက်ထပ်ခြင်းတို့သည် မှားယွင်းကြောင်း၊ တိုင်းပြည်နှင့် အမျိုး၊ ဘာသာ၊ သာသနာအတွက် အန္တရာယ်ရှိကြောင်း ပုံဖော်လာသည်။ ရိုဟင်ဂျာ လူငယ်သုံးဦး ရခိုင်အမျိုးသမီးငယ်အား မတရားပြုကျင့် သတ်ဖြတ်သည့်အမှုမှ စတင်သည့် Narrative သည် ၂၀၁၅ အလယ်ပိုင်းတွင် မြန်မာအမျိုးသမီးများ နိုင်ငံခြားသားများ၊ လူမျိုးခြား၊ ဘာသာခြားများနှင့် လက်မထပ်သင့်ကြောင်း၊ လက်ထပ်ပါက အမျိုးသားရေးကို ထိပါးခြင်း ဖြစ်ကြောင်း ဖြစ်လာသည်။ မသီတာထွေး မတရားပြုကျင့်ခံရသည့် အမှုမှသည် မြန်မာအမျိုးသမီးများ နိုင်ငံခြားသားများနှင့် လက်ထပ်ပါက အမျိုးသားရေး အန္တရာယ်ရှိကြောင်း ဖြစ်လာသည်။ ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည်သည် အဓိကပစ်မှတ် ဖြစ်လာသည်။

မြန်မာအမျိုးသမီးများ နိုင်ငံခြားသားနှင့် အိမ်ထောင်မပြုသင့် ဆိုသည့် Narrative ဖြင့် ဒေါ်စုကို တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်ပါက ပြီးခဲ့သည့် နှစ်များကလိုပင် ပြည်သူများ လက်ခံမည် မဟုတ်။ ဒေါ်စုအား အာဏာရှင်အစိုးရ၏ မလိုမုန်းထား လုပ်မြဲကိစ္စ မှတ်ယူကြဦးမည်။ သို့သော် မြန်မာပြည်သူများ မုန်းသည့် မွတ်စလင် အသိုင်းအ၀ိုင်းကို ပစ်မှတ်ထားပြီး အမျိုးသားရေးမျိုးစေ့ ကြဲခဲ့သဖြင့် မွတ်စလင် ဆန့်ကျင်ရေး အတွေးအခေါ် တဖြည်းဖြည်း ရေပန်းစားလာပြီး ရွေ့လျား ပြောင်းလဲလာသည့်အမျှ မြန်မာ အမျိုးသမီးများနှင့် လူမျိုးခြား မအပ်စပ်ဟူသည့် အတွေးအခေါ်ကို မြန်မာပြည်သူများက ပိုမို လက်ခံလာကြသည်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ထိုအတွေးအခေါ် ရေပန်းစားလာသည့်အခါမှ ဒေါ်စုအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အာဏာပိုင်များ၏ ယခင်က မထိရောက်ခဲ့သည့် ဒေါ်စုဆန့်ကျင်ရေး ၀ါဒဖြန့်ချိရေးသည် ၂၀၁၅ တွင် ပိုမိုထိရောက်သည့် အမျိုးသားရေး တိုက်ပွဲ ဖြစ်သွားသည်။

ဤနေရာတွင် မေးခွန်းများ ရှိလာသည်။

– မွတ်စလင် ဆန့်ကျင်ရေးမှ ဒေါ်စု ဆန့်ကျင်ရေးသို့ တဖြည်းဖြည်း ရွေ့လျားသွားသည့် အတွေးအခေါ်  တည်ဆောက်ပုံ ဖြစ်စဉ်သည် တိုက်ဆိုင်မှု တစ်ရပ်လား၊ မွတ်စလင် ဆန့်ကျင်ရေး၏ မမျှော်လင့်ထားသော၊ ကြိုတင် ထည့်မတွက်ထားသော နောက်ဆက်တွဲလား (Unexpected consequences) ။  (သို့မဟုတ်)

– မဘသ၏ မွတ်စလင်ဆန့်ကျင်ရေးကို အာဏာပိုင် (သို့မဟုတ်) အခြားအုပ်စုများက နိုင်ငံရေး အကျိုးအမြတ်အတွက် အလိုက်အထိုက် လိုအပ်သလို အခွင့်ကောင်းယူ အသုံးချခဲ့ခြင်းလား။ (သို့မဟုတ်)

– အာဏာပိုင်များ၏ ဖိနှိပ်မှု အတွေးအခေါ်များကို နှစ်ပေါင်းများစွာ ကြာလာသောအခါ မဘသ လှုပ်ရှားသူများက အမှန်တကယ် လက်ခံယုံကြည် (Internalize) ပြီး အာဏာပိုင်များ၏ ခိုင်းစေမှုကြောင့်မဟုတ်ဘဲ သူတို့ ယုံကြည်ချက်အတိုင်း ဆောင်ရွက်သည်လား။ ထိုနည်းတူ ကိုလိုနီ တော်လှန်ရေးခေါင်းဆောင်များက ကိုလိုနီ အစိုးရအောက်မှ လွတ်မြောက် လာပြီးသောအခါ ကိုလိုနီ အစိုးရ၏ ဖိနှိပ်မှုကို ပုံတူကူးပြီး (Mimic) ပြည်သူများအား ဖိနှိပ်အုပ်ချုပ်သကဲ့သို့ မဘသ သည်လည်း စစ်အစိုးရ၏ ဖိနှိပ်မှုကို ပုံတူကူးသည့် Mimic ဖြစ်စဉ်တစ်မျိုးလား။

(သို့မဟုတ်)

– ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်ရေးနှင့် အစိုးရသစ် တက်လာသောအခါ အစိုးရ အခက်တွေ့အောင် မဘသနှင့် အာဏာပိုင် အသိုင်းအ၀ိုင်းမှ မဟာဗျူဟာကျကျ ကြိုတင်စီစဉ် ပူးပေါင်း ဖန်တီးခဲ့ခြင်းလား။

ဤမေးခွန်းများကို ဓမ္မဓိဌာန်ကျစွာ ဖြေနိုင်ရေးအတွက် ဆက်လက်၍ စနစ်တကျ သုတေသနများစွာ လုပ်ရန် လိုအပ်သည်။ သို့သော် မူလရည်ရွယ်ချက် မည်သို့ပင်ရှိရှိ၊ မဟာဗျူဟာကျကျ စီစဉ် ဖန်တီးသည်ပဲ ဖြစ်ဖြစ်၊ တိုက်ဆိုင်မှုပဲ ဖြစ်ဖြစ်၊ မမျှော်လင့် ကြိုတွက် မထားသော နောက်ဆက်တွဲ ရလဒ်ပဲ ဖြစ်ဖြစ် သေချာသည်မှာ မဘသ လှုပ်ရှားမှုသည် ယခင် အာဏာရှင်အစိုးရကို အံတုရာတွင် ရှေ့တန်းမှ ဦးဆောင်ခဲ့သည့် အဖွဲ့အစည်းများ၊ ယန္တယားများကို အားအင် ချိနဲ့စေသည်။ မူလရည်ရွယ်ချက် (Original aim) မည်သို့ပင် ရှိစေကာမူ ရလဒ် (Outcome) သည် အာဏာရှင်စနစ်ကို တွန်းလှန်သည့် အဖွဲ့အစည်းများ၏  လူထုထောက်ခံမှုနှင့် ယုံကြည်ကိုးစား ခံရမှုကို ကျဆင်းသွားစေသည်။

မွတ်စလင် အသိုင်းအ၀ိုင်းသည် မဘသအတွက် အဓိကပစ်မှတ် ဖြစ်ကောင်း ဖြစ်လိမ့်မည်။ သို့သော် အာဏာပိုင်များအတွက် မဟာဗျူဟာမြောက် ပစ်မှတ် (Strategic aim) မဟုတ်နိုင်ပါ။ ဒီမိုကရေစီ အင်အားစုများကသာ အစိုးရ၏ ရန်သူ (Public enemy) ဖြစ်သည်။ ထိုအစိုးရ ရန်သူများသည် အမျိုးသားရေး မျက်မှန်စိမ်း အောက်တွင် ပြည်သူ့ရန်သူ (Public enemy) ဖြစ်သွားသည်။

တင်ပြပြီးသမျှကို ယေဘုယျ ပြန်ဆိုရသော် –

– မဘသ လှုပ်ရှားမှုသည် ကိစ္စတစ်ခု (ဘာသာခြား လူမျိုးခြား)ကို ပစ်မှတ်ထားသော်လည်း အခြားကိစ္စများ (ဒီမိုကရေစီ အင်အားစုများ) အပေါ် အကျိုးသက်ရောက်မှု ရှိသည်။

– မဘသ၏ ပစ်မှတ်သည် မျက်စိရှေ့တွင် သိသိသာသာ မြင်နေရသောကိစ္စ (ဘာသာခြား၊ လူမျိုးခြား) ဖြစ်သော်လည်း မဘသ လှုပ်ရှားမှု ထိရောက်သည့် အခြားကိစ္စများသည် မျက်စိရှေ့တွင် ကွင်းကွင်း ကွက်ကွက် ချက်ချင်း မမြင်နိုင်သော ကိစ္စများဖြစ်သည် (ဥပမာ – ဒီမိုကရေစီ အင်အားစုများ အစိုးရရန်သူမှ ပြည်သူ့ရန်သူ ဖြစ်သွားခြင်း)။

– အကြောင်းအရာတစ်ခု (မသီတာထွေးအား မတရားပြုကျင့်ခြင်း)တွင် အခြေပြု တည်ဆောက်သည့် အတွေးအခေါ်သည် အခြားအကြောင်းအရာ (ဒေါ်စု အိမ်ထောင်ရေး နှင့် အမျိုး၊ ဘာသာ၊ သာသနာ (သို့) အချုပ်အခြာအာဏာကိစ္စ)သို့ ရွှေ့ပြောင်း သွားသည်။

မသီတာထွေး မတရားပြုခံရမှုကို ဆန့် ကျင်ရာမှာ ဒေါ်စု အိမ်ထောင်ရေးကိစ္စကို ဆန့် ကျင်သည့်ဘက် ရောက်သွားခြင်းနှင့် မွတ်စလင်များကို ပစ်မှတ်ထားရာမှ ဒီမိုကရေစီ အင်အားစုများကို အားအင်ချိနဲ့ သွားစေခဲ့ခြင်းတို့ကြောင့် မဘသ၏ လှုပ်ရှားမှုသည် မွတ်စလင် ဆန့်ကျင်ရေးမှ လူမျိုးရေး၊ ဘာသာရေး ထိရှလွယ်သည့် အမျိုးသား ရင်ကြားစေ့ရေး၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် တည်ဆောက်ရေးဘက်ကို မြားဦး လှည့်လာနိုင်သည်။ ဤဖြစ်နိုင်ခြေကို ဆက်လက် သုံးသပ်သွားမည်။

၎-၂ ။   အမျိုးသားရေးနှင့် အမျိုးသားရင်ကြားစေ့ရေး . . . ပြဒါးတစ်လမ်း    သံတစ်လမ်း

အမျိုး၊ ဘာသာ၊ သာသနာ လှုပ်ရှားမှုသည် လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုကို အခြေပြုပြီး အမျိုးသားရေးဝါဒ ဦးတည်သည့် ခွဲခြားရေးဖြစ်စဉ် (Exclusionary) ဖြစ်သည်။ အမျိုးသား ရင်ကြားစေ့ရေးသည် ဘာသာမတူ၊ လူမျိုးမတူ၊ ယဉ်ကျေးမှု မတူ၊ သမိုင်းဖြတ်သန်းမှု မတူညီသည့် တိုင်းရင်းသား လူနည်းစုများအကြား မျှမျှတတ သဟဇာတ ဖြစ်ရေးအတွက် အားလုံး ပါဝင်ရေးဖြစ်စဉ် (Inclusionary) ဖြစ်သည်။ လူများစု အောင်နိုင်ရေး မဟုတ်ဘဲ လူနည်းစုများ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့တွင် တန်းတူညီတူ ရှိရေး၊ လုံခြုံရေးအတွက် ဖြစ်သည်။ သို့ဖြစ်ရာ အခြေခံ သဘောသဘာဝအရ Exclusionary အမျိုးသားရေးဝါဒသည် Inclusionary အမျိုးသားရင်ကြားစေ့ရေးနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သည်။

(ပုံ-၇) ကာတွန်း ဖိုးသိကြား၊ ၂၀၁၆

မဘသ၏ အမျိုး၊ ဘာသာ၊ သာသနာ လှုပ်ရှားမှုသည် ဗမာနှင့် ဗုဒ္ဓဘာသာကို အခြေပြုပြီး Exclusionary ကျင့်သုံးသဖြင့် မွတ်စလင်ကိုမှ မဟုတ် လူမျိုးခြား၊ ဘာသာခြားတိုင်းကို ရိုက်ခတ်သည်။ ဥပမာ (ပုံ-၇) တွင် မွတ်စလင်ဗလီအပြင် ခရစ်ယာန် ဘုရားကျောင်းကိုပါ ထည့်သွင်းဆန့်ကျင် သရော်ထားသည်။ ထိုနည်းတူ (ပုံ-၈) ပါ ဈေးမရောင်းရ ဆိုင်းဘုတ်တွင် မွတ်စလင်အပြင် ခရစ်ယာန်နှင့် ဟိန္ဒူများကိုပါ ဈေးရောင်းခွင့် ကန့်သတ်ထားသည်။ မဘသ စာအုပ်နှင့် ဆောင်းပါးများစွာတွင် မြန်မာနိုင်ငံအနှံ့ အခြားဘာသာများ၏ ဘုရားကျောင်း တည်ရှိမှုများ၊ ဘာသာရေး ဆောင်ရွက်ချက်များကို ဝေဖန်ထားကြသည်။ မဘသ ဝေဖန်သကဲ့သို့ လက်တွေ့တွင်လည်း ဘာသာရေးဖိနှိပ်မှုများ ဖြစ်ပေါ်နေသည်။

(ပုံ-၈) စာညွှန်း – Lion Tat Oo, 2016, No Hate Speech Project Facebook မှ ပြန်လည် ဖော်ပြသည်။

ဥပမာ – ကတ်သလစ် ခရစ်ယာန် ဘုန်းတော်ကြီး ချားစ်မောင်ဘိုက ကချင်ပြည်နယ်တွင် ၂၀၁၁ မှ ၂၀၁၆ ခုနှစ်အတွင်း ခရစ်ယာန် ဘုရားကျောင်း ၆၆ ခု ဖျက်ဆီးခံရကြောင်း ဆိုသည်။

ကျောင်းဖျက်သကဲ့သို့ အခြား ဘာသာရေးကိစ္စများကိုလည်း ပိတ်ပင် ကန့်သတ်လျက် ရှိသည်။ ဥပမာတစ်ခု ပြရလျှင် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ် ပန်အော့ကျေးရွာရှိ ချင်း ခရစ်ယာန် ဘာသာဝင်များအား ဘာသာရေးကိစ္စများ ရပ်ဆိုင်းရန် ထိုကျေးရွာတွင် သီတင်းသုံးသော ဆရာတော် ဦးနန္ဒသီရိက ခြိန်းခြောက် ပြောဆိုကြောင်း၊  ဆက်လက်ပြုလုပ်ပါက ရွာအလိုက် မီးရှို့ခံရမည်ကို ရွာသားများက စိုးရိမ်ကြောင်း ချင်း လူ့အခွင့်အရေးအဖွဲ့ (CHRO)က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

လူမျိုးနှင့် ပတ်သက်လျှင်လည်း ထိုနည်းလည်းကောင်းပင်။ လူမျိုးခြား၊ ဘာသာခြား ဆိုသည့် စကားလုံး အောက်တွင် ဗုဒ္ဓဘာသာဝင် မဟုတ်သူများ၊ ဗမာ မဟုတ်သူများကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ပစ်မှတ်ထား ခွဲခြားရေးသားထားသည့် စာအုပ်များ၊ ဆောင်းပါးများ တဖြည်းဖြည်း များလာသည်။

မဘသ လှုပ်ရှားမှု၏ အခြေခံအကျဆုံး အခရာသည် မွတ်စလင်ကင်းစင်ရေး မဟုတ်ပါ။ လူမှုနိုင်ငံရေး၊ စီးပွားရေးတို့တွင် ဗမာ ဗုဒ္ဓဘာသာဝင်များ အထက်စည်းရမှ ဗမာ ဗုဒ္ဓဘာသာဝင်များ လုံခြုံမည်ဆိုသည့် အတွေးအခေါ် ဖြစ်သည့်အတွက် ဘာသာမတူ၊ လူမျိုးမတူသည့် အုပ်စုမှန်သမျှသည် မဘသအမြင်တွင် တိုင်းပြည်အတွက် စိန်ခေါ်ခြောက်လှန့် နေသူများ ဖြစ်သည်။

ဥပမာ – ရှင်မျိုးချစ်(မကွေးတိုင်း) ရေးသားသည့် လူမျိုးခြားကို ရှောင်ပါ ကဗျာတွင် “မြန်မာ လူမျိုးဟေ့” နှင့် “လူမျိုးခြား” စကားလုံးများသည် မြန်မာ/ဗမာ မဟုတ်သည့် လူမျိုးစု အားလုံးအား ခွဲခြားရာ ရောက်သည်။

သစ္စာကိုသာ တန်ဖိုးထားလို့

မြန်မာလူမျိုးဟေ့ ဂုဏ်ထည်ဝါ

လူမျိုးခြားလျှင် ရှောင်ကာလွှဲလို့

အိမ်ထောင်မပြုနဲ့ ကင်းအောင်ခွာ

ကိုယ့်လူမျိုးကိုသာ အရှည်တွဲလို့

အစဉ်အမြဲ ချစ်ခင်ပါ

သစ္စာကိုပေး လုပ်ကိုင်ရေး မနှေးဆောင်ရွက်ပါ

အဲဒါမှ မြန်မာလူမျိုး ဂိုဏ်မညှိုး

တန်ခိုးထက်သန်မှာ…။

(rbo Facebook, June 19, 2016)

မဟာဗောဓိမြိုင် ဆရာတော် ရေးသားသည့် ကြော်ငြာသင်ပုန်း ကဗျာတွင် အောက်ပါအတိုင်း ဆိုသည်။

လူမျိုးခြားလက်

မြေတစ်ဟက်တာ ရောင်းမိပါသော်

ဟက်တာအတွင်း သူပိုင်ခြင်းကြောင့်

လက်ရင်းမြန်မာ တစ်ဟက်တာ

ဆုတ်ခွာပေးရကြောင်း…။

မဘသ (ဗဟို) ဥက္ကဌ အရှင်တိလောကာဘိဝံသ ကလည်း အောက်ပါအတိုင်း မိန့်ကြားသည်။

နိုင်ငံသားတိုင်းသည် မိမိနေထိုင်ရာ နိုင်ငံ၏ အချုပ်အခြာအာဏာကို၊ အမျိုး၊ ဘာသာ၊ သာသနာကို၊ ယဉ်ကျေးမှုကို လိုက်နာဖို့၊ စောင့်ထိန်းဖို့ ကာကွယ်ဖို့၊ သစ္စာစောင့်ဖို့ တာဝန်ရှိသည်။ ထိပါး နှောက်ယှက် သူများကိုလည်း တွန်းလှန်ဖို့ တာဝန်ရှိသည်။

ယခုအခါမှာ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်အမည်ခံ နိုင်ငံရေးသမားအချို့သည် တိုင်းတပါးသြဇာခံ အထောက်အပံ့ခံ ဘာသာခြားများဘက်က ရပ်တည်ပေးနေကြသည်၊ လူမျိုးခြား၊ ဘာသာခြားတို့၏ အပြစ်ကို ရေငုံနှုတ်ပိတ် နေကြသည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာဘက်ကိုသာ အပြစ်ပုံချပေးနေကြသည်။ အဆိုပါ နိုင်ငံရေးသမားများသည် မြန်မာနိုင်ငံ့ သစ္စာဖောက်များ ဖြစ်နေကြသည်၊ သတိပြုမိကြပါစေ။

(အရှင်တိလောကာ ဘိဝံသ၊ ၂၀၁၆)

ဤနေရာတွင် “လူမျိုးခြား”၊ “ဘာသာခြား”၊ “မြေ” နှင့် “အချုပ်အခြာ” စကားလုံးများသည် တိုင်းရင်းသား လူမျိုးစုတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီတူခွင့်တို့နှင့် ဆက်စပ် စဉ်းစားရမည့် ကိစ္စများ ဖြစ်သည်။ လတ်တလောကာလတွင် မွတ်စလင်များကို ရည်ညွန်းသော်လည်း ထိုမှ ရှင်သန်လာသော အတွေးအခေါ်နှင့် လှုပ်ရှားမှုတို့သည် အမျိုးသားရေးနှင့် အချုပ်အခြာအာဏာ ခေါင်းစဉ်အောက်တွင် တိုင်းရင်းသား လူနည်းစုတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်လှုပ်ရှားမှုများကို ဖိနှိပ်ရာတွင် အသုံးချခံသွားရနိုင်သောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကြာ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ၏ အကြောင်းရင်းမှာ အစိုးရနှင့် တိုင်းရင်းသားများအကြား နယ်မြေအုပ်ချုပ်ရေးကြောင့် ဖြစ်သည်။ လွတ်လပ်ရေး တိုက်ပွဲဝင်စဉ် ကတည်းက မြန်မာခေါင်းဆောင်များသည် တိုင်းရင်းသား လူနည်းစုတို့၏ ဘိုးစဉ်ဘောင်ဆက် အုပ်ချုပ်လာသည့် နယ်မြေများအား မြန်မာမင်းပိုင် နယ်မြေများအဖြစ်သာ ယူဆပြီး တိုင်းရင်းသားများ၏ ဘိုးဘွားပိုင်မြေဖြစ်ခြင်း၊ မိရိုးဖလာ မြေဖြစ်ခြင်းကို အသိအမှတ်မပြုပါ။ ယခု နိုင်ငံနယ်နိမိတ်တွင်းရှိ နယ်မြေအားလုံး ထိန်းချုပ်ရေးကို တိုင်းပြည် အချုပ်အခြာအာဏာဟု သတ်မှတ်ပြီး တိုင်းရင်းသား လူမျိုးစုတို့၏ မိရိုးဖလာ နယ်မြေအပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဖက်ဒရယ်ရေး တောင်းဆို လှုပ်ရှားမှုကို အချုပ်အခြာအာဏာ ကာကွယ်ရေး ခေါင်းစဉ်အောက်တွင် စစ်အင်အားဖြင့် ဖြိုခွင်းခဲ့သည်။

ဗမာ ဗုဒ္ဓဘာသာ ဗဟိုပြု အမျိုး၊ ဘာသာ၊ သာသနာရေးကို အမျိုးသားရေးဟု လည်းကောင်း၊ အချုပ်အခြာအာဏာ တည်မြဲအောင် ကာကွယ်ခြင်းကို အမျိုးသားရေးဟု လည်းကောင်း၊ ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမျိုးသားရေးဟု လည်းကောင်းဆိုကာ အမျိုးသားရေး၊  ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာ တည်မြဲရေး ခေါင်းစဉ်အောက်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း၊ ဓလေ့ထုံးတမ်းစဉ်လာများ အပါအ၀င် အခွင့်အရေးများကို ဖိနှိပ်ခဲ့သည်။ မြန်မာအစိုးရ၏ ထို မူဝါဒနှင့် အမျိုး၊ ဘာသာ၊ သာသနာ လှုပ်ရှားမှုသည် မဟာဗမာ လူမျိုးကြီးဝါဒဖြစ်ပြီး ထိုလူမျိုးကြီးဝါဒသည် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ၏ အရင်းခံဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်က ထောက်ပြသည်။

အထက်ပါ ကဗျာများ၊ ဆောင်းပါးများတွင် ပါသော “လူမျိုးခြား”၊ “ဘာသာခြား”၊“ မြေ”၊ “အချုပ်အခြာ”၊ “နိုင်ငံ့သစ္စာ” အချက်များနှင့် ပတ်သက်သည့် အတွေးအခေါ်များကို ဆက်စပ် သုံးသပ်ပါက မဘသ၏ အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး အတွေးအခေါ်နှင့် စစ်အာဏာရှင် အစိုးရ၏ အမျိုးသားရေး (အချုပ်အခြာ ကာကွယ်ရေး) အတွေးအခေါ်သည် အတူတူဖြစ်သည်။ ဆိုလိုသည်မှာ မဘသ၏ အမျိုး၊ ဘာသာ၊ သာသနာ လှုပ်ရှားမှုသည် ဗမာဗုဒ္ဓဘာသာဝင်များအား ကာကွယ်ရေး၊ အချုပ်အခြာ ကာကွယ်ရေး ခေါင်းစဉ်အောက်တွင် ဗမာလူမျိုး ဗုဒ္ဓဘာသာလူထုအား လူမှု-နိုင်ငံရေး အထက်စည်းရအောင် (Socio-political primacy) လူမျိုးခြား၊ ဘာသာခြားအားများ ဖိနှိပ်ခြင်း ဖြစ်သည်။ ထိုနည်းတူပင် စစ်အစိုးရ၏ အချုပ်အခြာအာဏာ ကာကွယ်ရေးသည် တိုင်းရင်းသားလူနည်းစု၏ ဘာသာ၊ စကား၊ ဓလေ့နှင့် နိုင်ငံရေး အခွင့်အရေးများကို ဖိနှိပ်ပြီး ဗမာဗုဒ္ဓဘာသာ အခြေပြု အမျိုးသားနိုင်ငံတော် တည်ဆောက်ခြင်း ဖြစ်သည်။

သို့ရာတွင် ၂၀၁၅ ခုနှစ် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ညှိနှိုင်းပွဲများကြောင့် မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသား လူနည်းစုများ တောင်းဆိုလျက်ရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များအရ တည်ဆောက်ရန် သဘောတူပြီး ဖြစ်သည်။  ဖက်ဒရယ် တည်ဆောက်ရန် လက်ခံခြင်းသည် ယခင်က တိုင်းရင်းသားများအပေါ် ထားရှိသော နိုင်ငံရေး၊ စီးပွားရေးအပြင် ဘာသာစကား၊ ယဉ်ကျေးမှု၊ ဘာသာရေး အခွင့်အရေး၊ ဓလေ့ထုံးတမ်း စဉ်လာများနှင့် ဆိုင်သည့် သဘောထားများကို ပြန်လည်ဆန်းစစ်ရန် သဘောတူခြင်းလည်း ဖြစ်သည်ဟု ယူဆနိုင်သည်။ ဤအချက်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ ထူးခြားသော ခြေလှမ်းကြီး တစ်လှမ်း ဖြစ်သည်။

ဤနေရာတွင် သတိပြုရန် အချက် နှစ်ချက် ရှိလာသည်။

(၁) အမျိုးသား ရင်ကြားစေ့ရေးနှင့် ဖက်ဒရယ် တည်ထောင်ရေးကို အစိုးရဘက်က လက်ခံ သဘောတူခဲ့သော်လည်း မဘသ၏ လူမျိုးခြား၊ ဘာသာခြား ဆန့်ကျင်လှုပ်ရှားမှုသည် ဖက်ဒရယ် ထူထောင်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် မရှိမဖြစ် လိုအပ်သည့် လူမျိုးမတူ၊ ဘာသာမတူ၊ ယဉ်ကျေးမှုမတူသည့် လူမျိုးစုများအကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရေးကို အဟန့်အတား ဖြစ်လာစေနိုင်သည်။

(၂) လူမျိုးခြား၊ ဘာသာခြားများသည် မြန်မာ ဗုဒ္ဓဘာသာနိုင်ငံ၏ အချုပ်အခြာကို ထိခိုက်သည်ဟူသည့် မဘသ၏ အတွေးအခေါ်သည် ဗုဒ္ဓဘာသာ မဟုတ်သည့် တိုင်းရင်းသားတို့၏  ဖက်ဒရယ် လှုပ်ရှားမှုကို ဖြိုခွင်းရာတွင် အသုံးချခံ လူထုစည်းရုံးရေး အတွေးအခေါ် ဖြစ်သွားနိုင်သည်။

ဤအချက်များသည် ရော်ရမ်း မှန်းဆချက် (Speculation) မဟုတ်ပါ။ အချက်အလက် (Fact) များဖြစ်သည်။ ဆိုလိုသည်မှာ အာဏာပိုင်များသည် ပြီးခဲ့သည့် အစိုးရ အဆက်ဆက်တွင် အမျိုးသားရေးနှင့် အချုပ်အခြာအာဏာ ကာကွယ်ရေးကို အတူတူသဖွယ် ယုံကြည် အကောင်အထည် ဖော်သကဲ့သို့ ထိုယုံကြည်ချက်ကို ယခုအခါ မဘသက လက်ခံ (Internalize) လှုပ်ရှားနေပြီ ဖြစ်သည်။

ဥပမာအချို့ ပြရသော်-

မြန်မာအာဏာပိုင်များသည် “မျိုးချစ်အားဖြင့် အချုပ်အခြာအာဏာ ကာကွယ်”ရန် အမြဲ ၀ါဒဖြန့်လျက် ရှိသည်။  ၂၀၁၆ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော် ကာကွယ်ရေး ဆိုသည်မှာ စစ်ရေးတစ်ခုတည်း မဟုတ်ဘဲ အမျိုးဘာသာ၊ သာသနာကို ကာကွယ်ခြင်း စသည်တို့ ပါဝင်ကြောင်း” အတိအလင်း ဆိုသည်။  အထက်တွင် ဖော်ပြထားသော မဘသ (ဗဟို) ဥက္ကဋ္ဌ အရှင်တိလောကာဘိဝံသ (အင်းစိန်) ၏ နိုင်ငံသစ္စာ စောင့်သိသူနှင့် သစ္စာဖောက်သူ ဆောင်းပါးများအရ လည်းကောင်း၊ အချုပ်အခြာအတွက် အရိုးကို ခြံစည်းရိုးထိုး ကာကွယ်မည် ဆိုသည့် ကြုံးဝါးချက်သည် လည်းကောင်း၊ မဘသ ဆောင်းပါးရှင်များ၏ ၉၆၉။ မဘသသည် နိုင်ငံတော် အုတ်မြစ်ဖြစ်ကြောင်း ဆောင်းပါးများသည် လည်းကောင်း အမျိုးသားရေးနှင့် အချုပ်အခြာအာဏာ ကာကွယ်ရေး ဒွန်တွဲလျက်ရှိကြောင်း ပြနေသည်။

တိုင်းတပါးနှင့် ပတ်သက်လျှင်  မြန်မာအစိုးရ အဆက်ဆက်သည် နယ်စပ်တွင် အခြေစိုက်လှုပ်ရှားသည့် အဖွဲ့အစည်းများကို ပြည်ပအားကိုး ပုဆိန်ရိုးများအဖြစ် လည်းကောင်း၊ နိုင်ငံခြား ထောက်ပံ့မှုဖြင့် ခေတ်သစ် ကိုလိုနီအလိုကျ ပြည်ထောင်စုပြိုကွဲအောင် လုပ်သူများအဖြစ် လည်းကောင်း အမြဲဝါဒဖြန့်လျက် ရှိသည်။ ယခုအခါ မဘသ ဥက္ကဌက “တိုင်းတပါး၏ သြဇာခံ အထောက်အပံ့ခံ ဖြစ်လျှင်သော် လည်းကောင်း မြန်မာနိုင်ငံ့သစ္စာဖောက် ဧကန်ဖြစ်မည်”ဟု ရေးသားရာ ပြည်ပတွင် နိုင်ငံတကာ အကူအညီဖြင့် လှုပ်ရှားနေသည့် တိုင်းရင်းသား အဖွဲ့အစည်းများအား သစ္စာဖောက်များဟု သွယ်ဝိုက် မိန့်ကြားသကဲ့သို့ ဖြစ်နေသည်။

မြို့တိုင်းတွင် တွေ့ရသော တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် ဟူသည့် ဆိုင်းဘုတ်များနှင့် မဘသ ဆရာတော်များ၏ အမျိုးသားရေးကို သစ္စာရှိသော သူသာလျှင် တိုင်းပြည်ခေါင်းဆောင် ဖြစ်သင့်သည်ဟု ဒေါ်စုအား ဆန့်ကျင်ခြင်းသည် အာဏာရှင်ဟောင်းများအား ထောက်ခံပေးနေခြင်း ဖြစ်သည်။ ထိုနည်းတူ အမျိုးသားရေးကို ကာကွယ်သည့် မျိုးချစ် နိုင်ငံရေးသမားမှသာလျှင် နိုင်ငံတော်အပေါ် သစ္စာရှိသူ၊ ခေါင်းဆောင်ဖြစ်သင့်သူ ဆိုပါက “မြန်မာတပ်မတော်သည် မျိုးချစ်တပ်မတော် ဖြစ်သည်”ဟု အမြဲကြွေးကြော်သည့် တပ်မတော်က ခေါင်းဆောင် ဖြစ်ပေတော့မည်။

အချုပ်ဆိုရသော် မဘသ၏ အမျိုးသားရေးနှင့် အချုပ်အခြာအာဏာ ကာကွယ်ရေးအမြင်သည် ၁၉၆၂ နောက်ပိုင်းကတည်းက အစိုးရအဆက်ဆက်မှ ၀ါဒဖြန့်ခဲ့သည့် အမျိုးသားရေးအားဖြင့် အချုပ်အခြာအာဏာကို ကာကွယ်ရမည်ဟူသည့် state ideology နှင့် အတူတူဖြစ်သည်။ ဤမျှမက ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင် ထောက်ပြသကဲ့သို့ အမျိုး၊ ဘာသာ၊ သာသနာ ခေါင်းစဉ်အောက် မဟာလူမျိုးကြီး ၀ါဒဖြင့် နိုင်ငံတော်သစ် တည်ထောင်ရာတွင် အစိုးရ အဆက်ဆက်က တိုင်းရင်းသားတို့၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဖျက်ဆီး၊ ဟန့်တား၊ ဖိနှိပ်ခဲ့ရာ ယခု မဘသ၏ မွတ်စလင် ဆန့်ကျင်ရေး ခေါင်းစဉ်အောက် ဗမာ ဗုဒ္ဓဘာသာအား တိုင်းပြည် အုတ်မြစ်ဖြစ်ရေး လှုပ်ရှားမှုသည် တိုင်းရင်းသားများ၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို အလိုလို ချိုးနှိမ်ပြီးသား ဖြစ်သည်။

■ ၅ ။   နိဂုံး

ဤစာတမ်းတွင် အဓိက (၄) ချက် တင်ပြခဲ့သည်။ ပထမအချက်မှာ – မဘသသည် “ဘာသာတရား”ရေးရာ လှုပ်ရှားမှု မဟုတ်ဘဲ လူမျိုးရေး အခြေပြု နိုင်ငံရေးလှုပ်ရှားမှု ဖြစ်သည်။ ဒုတိယအချက်မှာ မဘသ၏ ပစ်မှတ်သည် မွတ်စလင်များဖြစ်ပြီး မူလရည်ရွယ်ချက်မှာ မွတ်စလင်များအား ခွဲခြားခြင်း ဖြစ်သည်။ သို့သော် ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေး အကျိုးဆက်မှာ အာဏာပိုင်များကို အံတုကာ ဒီမိုကရေစီ တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများအား လူထုထောက်ခံမှု ကျဆင်းစေခြင်းနှင့် မတူကွဲပြားမှုအား လေးစား အသိအမှတ်ပြုမှ အောင်မြင်မည့် အမျိုးသားရင်ကြားစေ့ရေးကို ခြောက်လှန့်ခြင်း ဖြစ်သည်။

ဒီမိုကရေစီ အင်အားစုများ (သို့မဟုတ်) ဒီမိုကရေစီ လှုပ်ရှားမှု၏ မဟာမိတ်များဖြစ်သည့် ပြည်ပ မီဒီယာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရများ၊ ဒီမိုကရေစီ အဖွဲ့အစည်းများ၊ လူ့ အခွင့်အရေး အဖွဲ့အစည်းများ၊ သံဃာထုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အာဏာရှင်အစိုးရ၏ ရန်သူများ ဖြစ်သည်။ ၁၉၈၈ မှစ၍ နည်းလမ်းပေါင်းစုံဖြင့် ပြည်ပအားကိုး ပုဆိန်ရိုးများ၊ လူသတ်သမား မီဒီယာများ၊ ကိုလိုနီခေတ်သစ် လက်ဝေခံများ၊ တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် ခလောက်ဆန်နေသူများ၊ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်သူများအဖြစ် ၀ါဒဖြန့်ခဲ့သော်လည်း ပြည်သူများက ယုံကြည် ထောက်ခံမြဲ ဖြစ်သည်။ သို့သော် ၂၀၁၀-၂၀၁၁ မှ စတင်ခဲ့သည့် ရိုဟင်ဂျာနှင့် မွတ်စလင် ဆန့်ကျင်ရေး အမျိုးသား လှုပ်ရှားမှုကြောင့် ထိုအဖွဲ့အစည်းများအား အမျိုးသားရေး သစ္စာဖောက်များအဖြစ် ဝေဖန် ဆန့်ကျင်လာသည်။ မဘသ လှုပ်ရှားမှုသည် အစိုးရရန်သူ (State enemies) များအား လူထုအားဖြင့် ပြည်သူ့ ရန်သူ (Public enemies) အဖြစ် ပြောင်းလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခသည် နိုင်ငံရေးပြဿနာ ဖြစ်သကဲ့သို့ မြန်မာအစိုးရက တိုင်းရင်းသားများ၏ ဘာသာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စဉ်လာများအား ဖိနှိပ် ချိုးနှိမ်ထားသည့် ပြဿနာလည်း ဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေး အောင်မြင်ရန် တိုင်းရင်းသားတို့၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း များအား သဘောထား အရင်းခံဖြင့် လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုပြီး တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ရန် လိုအပ်သည်။ သို့သော် မဘသ၏ အမျိုး၊ ဘာသာ၊ သာသနာ လှုပ်ရှားမှုတွင် ဗမာနှင့် ဗုဒ္ဓဘာသာကို နိုင်ငံ၏ အုတ်မြစ်အဖြစ် လည်းကောင်း၊ ဗမာ ဗုဒ္ဓဘာသာ အခြေပြု အမျိုးသားရေးသည်သာ အချုပ်အခြာ အာဏာအရေး ဟူ၍ လည်းကောင်း လှုပ်ရှားသဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့် ဆန့်ကျင်နေသည်။

တတိယအချက် အနေဖြင့် ယခင်က ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသား အင်အားစုများကို အားအင်ချိနဲ့အောင် ဆောင်ရွက်သူများမှာ အစိုးရအာဏာပိုင်များ ဖြစ်သည်။ သို့သော် ယခုအခါ ထိုလုပ်ရပ်များကို ဆောင်ရွက်နေသူများမှာ အမျိုးသားရေး ခေါင်းစဉ်အောက်တွင် လှုပ်ရှားနေသည့် မဘသနှင့် ထောက်ခံသူများ ဖြစ်နေသည်။

မဘသနှင့် အာဏာရှင်ဟောင်းများ၏ ဆက်စပ်မှု မည်သို့ရှိစေ၊ မလွဲဧကန်အချက်မှာ မဘသ လှုပ်ရှားမှုကြောင့် ဒီမိုကရေစီ အင်အားစုများအား လူထု၏ အားကိုးထောက်ခံမှု ကျဆင်းသွားစေသည်။ အမျိုးသားရင်ကြားစေ့ရေးကို အဟန့်အတားဖြစ်စေမည့် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုကို အားကောင်းလာစေသည်။ မဘသ ကိုယ်တိုင်သည် ဒီမိုကရေစီ အင်အားစုများနှင့် အမျိုးသားရင်ကြားစေ့ရေးကို ဟန့်တားမည့် လူထုစည်းရုံးရေးမဏ္ဏိုင် ဖြစ်လာသည်။

စတုတ္ထအချက်မှာ မဘသ လှုပ်ရှားမှုသည် နိုင်ငံရေး ဆွေးနွေးပွဲ ၀ိုင်းအားဖြင့် လည်းကောင်း၊ ဆွေးနွေးညှိနှိုင်းပြီးမှ ဆုံးဖြတ်သည့် (Negotiated settlement) အားဖြင့် လည်းကောင်း၊ လူနည်းစုကို ကာကွယ်ရမည် ဆိုသည့် အခြေခံမူအားဖြင့် လည်းကောင်း ပြဿနာဟု ယူဆရသည့် ကိစ္စကို ဖြေရှင်းခြင်း မဟုတ်ပါ။ တယူသန်အစွဲ အတွေးအခေါ်ကို အင်အားသုံးကာ အနိုင်ယူသည့် အမျိုးသားရေးလှုပ်ရှားမှု ဖြစ်သည်။ သို့ဖြစ်ရာ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ဖက်ဒရယ်လှုပ်ရှားမှုအား အချုပ်အခြာ အာဏာကို ပြိုကွဲရန် ကြံစည်ခြင်းဟု စွပ်စွဲပြီး အမျိုးသားရေး မျက်နှာဖုံးအောက်တွင် လူထုအားဖြင့် မဆန့် ကျင်ဟု မည်သူမျှ အာမမခံနိုင်ပါ။ ဒီမိုကရေစီ အင်အားစုများအား အစိုးရ ရန်သူအဖြစ်မှ ပြည်သူ့ရန်သူ ဖြစ်သွားစေခဲ့သည့်အချက်ကို ဥပမာယူပါက မွတ်စလင်ဆန့်ကျင်ရေးကိစ္စကို ယိုးမယ်ဖွဲ့ပြီး တိုင်းရင်းသားများ၏ ဖက်ဒရယ် လှုပ်ရှားမှုကိုလည်း အချုပ်အခြာအာဏာ ဖြိုခွဲမည့်သူများအဖြစ် ပုံမဖော်ဟု မည်သူမှ အာမမခံပါ။ တိုင်းရင်းသားအင်အားစုများကို တိုက်ရိုက် မတိုက်ခိုက်သော်လည်း မွတ်စလင် ဆန့်ကျင်ရေး၏ ရိုက်ခတ်မှုအနေဖြင့် အမျိုးသားရေးရန်သူဟု  ပုံဖော်မခံရနိုင်ဟု မည်သူမျှ အာမမခံနိုင်ပါ။ ထိုနည်းတူ မသီတာထွေး မတရားပြုခံရသည့်ကိစ္စမှ ဒေါ်စု အိမ်ထောင်ရေးကိစ္စသို့ ရွေ့လျားသွားသည့် အတွေးအခေါ် ရွေ့လျားမှုကို ဥပမာယူပါက မွတ်စလင် ဆန့်ကျင်ရေးမှသည် ဖက်ဒရယ် ဆန့်ကျင်ရေးသို့ မရွေ့လျားဟု အာမခံနိုင်ပါ။

Beyond Ma Ba Tha Anti-Muslim Movement: Impacts on Democratization and National Reconciliation

By Dr Sai Latt

This article argues that the Association for Protection of Race and Religion (Ma Ba Tha) is not a religious movement because the contents of the movement are not about Buddha’s philosophy and spiritual teaching. It instead is a political movement to ensure Bama Buddhist supremacy in the socio-political hierarchy of the nation. Although the immediate target of the movement is the exclusion of Muslim communities, the broader political impacts are weakening public support for long existing democratic forces and posing a threat to national reconciliation, which requires promoting inclusivity and diversities (unlike exclusionary politics of Ma-Ba-Tha). Whatever the intent and the means are, the result clearly shows that Ma Ba Tha undermines the democratic forces and reinforces Bama Buddhist supremacy, while organizing itself as a mass mobilizing mechanism.

■ စာညွှန်း

၁        ဒေါက်တာစိုင်းလတ်သည် York University, York Centre for Asian Research ဌာနတွင် Research Associate တစ်ဦးအဖြစ် မြန်မာနိုင်ငံဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသူ တစ်ဦး ဖြစ်သည်။

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: