U Kyaw Min  “ပွင့်လင်းစွာ သုံးသပ် အကြံပြုပါရစေ” (Friday Times Vol.3 No.18)

U Kyaw Min Ex-crpp 

“ပွင့်လင်းစွာ သုံးသပ် အကြံပြုပါရစေ”
(Friday Times Vol.3 No.18)

ယခုတလော မီဒီယာများမှာ မြန်မာနိုင်ငံရေးခေါင်းစဉ်တချို့ကို အတော်အရေးပေးဆွေးနွေးနေကြောင်းတွေ့ရသည်။ ၄င်းတွင် ၁၄ပါတီကထုတ်ပြန်သော ရခိုင်ဒေသတချို့တွင် စစ်ဥပဒေ ပြဌာန်းရေးကိစ္စအပါအဝင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ ရိုဟင်ဂျာကိစ္စဖြေရှင်းရေး၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မီရှင် အရေးများ ပါဝင်သည့်အပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု မရရှိနိုင်ပါက ကုလသမဂ္ဂ၏ R2P အစီအစဉ်အဖြင့် ဖြေရှင်းရေးများပါ ဆွေးနွေးနေကြောင်းတွေ့ရသည်။

Image may contain: one or more people, people standing, people walking, sky, outdoor and nature

စစ်ဥပဒေ ပြဌာန်းရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွှတ်ကြောင်း NLD မှ ဦးဝင်းထိန်မှ ဖြေရှင်းထားသည်။ ၄င်းသည် နိုင်ငံရေးပါတီများ အချင်းချင်းတွင် နိုင်ငံရေးသိက္ခာ မြှင့်တင်ရန် လှုပ်ရှားခြင်းတစ်ခုသာဟု သုံးသပ် ရပါသည်။ လက်တွေ့မှာ ရခိုင်ပြည် မြောက်ပိုင်းကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး စစ်တပ်က လုံခြုံရေး ကိစ္စများကို အဓိက တာဝန်ယူထားသည်။ အကြမ်းဖက်အုပ်စုများ ရောက်ရှိ လှုပ်ရှားခြင်းကြောင့် နယ်မြေလုံခြုံရေး ထိခိုက်သည်ဟု ဆိုခြင်းထက် တရားဥပဒေစိုးမိုးမှု ပျက်ပြားနေသည်ဟုဆိုရပေမည်။
တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေချိုးဖေါက်သူလျော့နည်းလာရန်လိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူများက အကြမ်းဖက်သမားများကို အကြောင်းပြပြီး အလွန်အကျွံ အင်အားသုံးနေ ကြောင်း၊ လုပ်ပိုင်ခွင့် နယ်ပယ်ကျော်လွန်၍ ကျင့်သုံးနေကြောင်း၊ အမြတ်ထုတ်နေကြောင်း၊ ခိုင်လုံသော အပြစ် မပြနိုင်ဘဲ ညှင်းဆဲနေကြောင်း၊ ဖမ်းဆီးချုပ်နှောင်နေကြောင်း၊ ငွေညှစ်ခြင်းများ ရှိနေကြောင်း တွေ့ရှိရသည်။ ဖမ်းဆီးမှုအပြင် သတ်ဖြတ်မှုများ မကြာခဏဖြစ်ပေါ်နေသည်။ နယ်မြေဒေသတွင် အထိန်းအကွပ်မရှိ ဖြစ်နေသည်။ အာဏာရှိသူများက လွတ်လပ်စွာ ပြည်သူများကို ညှင်းဆဲနိုင်သည်။ လူထုခြားတွင် ထိပ်လန့်စိုးရိမ်မှုများ ဖြစ်နေကြသည်။ ကျီးလန့်စာ စားနေရသည်။ လူထု၏ သွားလာလှုပ်ရှားမှု၊ ရောင်းဝယ် ဖေါက်ကားမှု၊ လယ်ယာကိုင်းကျွန်းလုပ်ကိုင်မှုများ၊ ကျောင်းသား လူငယ်များ၏ ကျောင်းတက်ရောက်မူများ အကန့်အသတ် ဖြစ်သွားသည်။
အနှောင့်အယှက်များ ရှိနေသည်။ ယခုမိုးရာသီတွင် လယ်ယာမြေတစ်ဝက်ခန့် မထွန်ယက်နိုင်ပဲ ပလှပ်ထားသည်ကို တွေ့ရသည်။ အလုပ်သမား ရှာမရဖြစ်နေသည်။ လာမည့်နှစ်တွင် ဆန်စပါးရှားပါးမှု နှင့် ကြုံတွေ့ နိုင်သည်။ ဤရှားပါးမှုသည် ပြည်သူအားလုံး လူမျိုးဘာသာမရွေးကို ထိခိုက်နိုင်သည်။
နိုင်ငံတော် တာဝန်ရှိသူများက လူထုနှင့်စည်းဝေးဆွေးနွေးခြင်း၊ အမြင်ဖလှယ်ခြင်း၊ လမ်းညွှန်မှုများပေးခြင်းများကို လူမျိုး နှစ်မျိုးရှိရာမှာ လူမျိုးတစ်မျိုးတည်းနှင့် ပြုလုပ်လျက်ရှိရာ တခြားလူမျိုးတစ်မျိုးမှာ အားငယ်သိမ်ငယ် စိတ်ဝင်နေသည်ကို တွေ့ရသည်။

တိုက်ခိုက်သတ်ဖြတ်ခြင်း၊ ရွာများ မီးရှို့ဖျက်ဆီးခံရခြင်းဆိုရာတွင် မွတ်စလင်နှင့် မွတ်စလင်ရွာများသာ ပါဝင်နေသော်လည်း လူမှုကယ်ဆယ်ရေး ပစ္စည်းများကို ရခိုင်ရွာများအား အဓိက ပေးဝေ နေခြင်းကို မွတ်စလင်များက ဘက်လိုက်မှု ရှိနေသည်ဟု ရူမြင်နေသည်။ မီးလောင်ခံရွာများမှ တိမ်းရှောင် နေသူများ ရွာပြန်ဝင်လာခွင့် မရခြင်းကြောင့် လူထုတွင် အစိုးရအပေါ် ယုံကြည်မှု လျော့နည်းလာသည်။
အကြမ်းဖက်အုပ်စုဆိုသူများသည် ရခိုင်အမျိုးသားများနှင့် ပြဿနာလုပ်ခြင်း တိုက်ခိုက်ခြင်း၊ ဆက်ကြေး တောင်းခြင်း စသည်များ ပြုလုပ်နေကြောင်း မတွေ့ရှိရချေ။ ထိုအခြေအနေတွင် တချို့ကိုယ်ကျိုးရှာ အမြတ်ထုတ် လိုသူများ က အကြမ်းဖက်သမားများကို အကြောင်းပြုပြီး ရခိုင်နှင့် မွတ်စလင်ခြား ပဋိပက္ခအသွင်သို့ ကူးပြောင်း စေရန် ကြိုးပမ်းနေသည်။ ၄င်းသည် ကြီးမားသော အန္တရာယ်တစ်ခုဖြစ်သည်။ ရေရှည်တွင် လူမျိုးစု နှစ်စုလုံး ဆင်းရဲဒုက္ခ ပင်လယ်ဝေရမည့် ကိန်းဖြစ်သည်။ ယခုလည်း ၂၀၁၂ ပဋိပက္ခကြောင့် ရခိုင်ပြည်သူ ပြည်သားများ နိုင်ငံအတွင်း အဆင်းရဲဆုံး ဖြစ်နေသည်ကို သတိပြုသင့်သည်။ ဒုက္ခသည် စခန်းများတွင် လူစဉ် မမှီသော ဘ၀ဖြင့် နေနေရသည်ကို တွေးမြင်ရန် လိုသည်။

အစိုးရကိုယ်တိုင်က ဘက်လိုက်မှုရှိလျှင်၊ လူမျိုးတစ်မျိုးကိုသာ အကာကွယ်ပေးသည့် အသုံးအနှုန်းများ အမြဲပြောဆိုလျှင်၊ တည်ငြိမ်အေးချမ်းမှု၊ အပြန်အလှန် ယုံကြည်နားလည်မှု ရရှိရန် ခဲရဉ်းပေမည်။ အစိုးရ အားပေး ထောက်ခံခြင်း ရရှိသောလူမျိုးစုက တခြားလူမျိုးစုကို အမြဲအနိုင်ကျင့် နှိပ်ကွပ်နေမည်ဖြစ်သည်။ ပြဿနာ ဆက်လက် ရှိနေမည်။

ရခိုင်လူမျိုးများ၏ လုံခြုံရေးဆိုသည် ယနေ့ မီးမောင်းထိုးပြနေသလောက် စိုးရိမ်စရာ မဟုတ်ပါ။ ထိုဒေသမှာ လုံခြုံရေး အဖွဲ့ အစည်းများ အားလုံး အုပ်ချုပ်ရေး ယန္တရားများ အားလုံး ရခိုင်အမျိုးသားများ လက်ထဲမှာသာ ဖြစ်သည်။ မွတ်စလင် တစ်ဦး တစ်ယောက်မျှပင် မရှိ။ မူလ ရခိုင်ရွာများ အပြင် နထလ (ခေါ်) နယ်ခြားဒေသ ဖွံ့ဖြိုးရေးရွာ ဒါဇင်ပေါင်း များစွာ မွတ်စလင် များထံမှ လယ်မြေများ သိမ်းယူပြီး တည်ဆောက်ပေးထားသည်။ မောင်းတောမြို့ တောင်မြောက် မိုင် (၁၀၀)ခန့်တွင် လုံခြုံရေး တပ်စခန်းပေါင်း ၄၀ ကျော်၊ ၅၀ခန့် ရှိနေပြီ။ ရွာသားများကို ပြည်သူ့စစ်ပုံစံ လက်နက်များလည်း ပေးအပ်ထားသည်။ နယ်ခြား တစ်လျှောက် မိုင်(၁၀၀) ကျော်ကို သံဆူးကြိုး နှစ်ထပ် ကာရံထားသည်။ ဤမျှဆိုလျှင် ရခိုင်သားများ အတွက် လုံခြုံရေး လုံလောက် ပြည့်စုံသွားသည်ဟု မြင်သည်။ မွတ်စလင် များသာလျှင် ဥပဒေ၏ အကာအကွယ်မဲ့ ဖြစ်နေသည်။ မတရား ကျူးကျော် တိုက်ခိုက်မှု ရန်လိုမှုများ အမြဲ ရှိနေသည်။

နယ်မြေရှင်းလင်းရေး စစ်ဆေးရေးများတွင် လုံခြုံရေး တပ်ဖွဲ့များ နှင့် အတူ ပါလာတတ်သော ရခိုင်များက မွတ်စလင်ရွာများကို မွှေနှောက်ခြင်း လုယက်ခြင်းများ ပြုလုပ်တတ်သဖြင့် တစ်ချိန်ကျလျှင် တန်ပြန်လက်စားချေ တုံ့ပြန်မှုများ ရှိလာမည်ကို စိုးရိမ်ရသည်။
အကြမ်းဖက်သမား ဆိုသူများသည် အုပ်စုလိုက် အစုအဝေးလိုက် နေခြင်း၊ သွားလာ လှုပ်ရှားခြင်းမျိုး မဟုတ်၍ လူထုက ခွဲခြားသိနိုင်ရန် ခက်ခဲပေသည်။ ထိုသူတို့သည် အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်း မပြုလုပ်ဘဲ အစိုးရ နှင့် ပူးပေါင်းသူများ သတင်းပေးသူများ ရွာသားများကို ခြိမ်းခြောက် ငွေညှစ်သူများကို ညဘက် အလစ်သုတ် သတ်ဖြတ်နေရာ လူပေါင်း ၆၀ ကျော်သွားကြောင်း သိရသည်။ သို့အသတ်ခံရသော နေရာများက ရွာသားများသည် အစိုးရ၏ စစ်ဆေးမေးမြန်းခြင်း၊ အရေးယူခြင်းများ ခံနေရသည်။ အထက် လူသတ်မှု၏ ဂယက် တခြားရွာသားများကိုပါ ထိခိုက်နေသည်။ ရွာသားအားလုံးကို နိုင်ငံတော်မှ သံသယ မျက်စိဖြင့် ကြည့်နေသည်။

တစ်ဖက်တွင် အစိုးရက အကြမ်းဖက်သမားများ နှင့် ပတ်သက်သည်၊ ဆက်သွယ်မှု ရှိသည်။ အကြမ်းဖက် သင်တန်း တက်သည်၊ စသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း၊ သတ်ဖြတ်ခြင်းများ ရှိနေသည်။ စစ်ဆေးရေး ကာလအတွင်း သေသူ၊ သေပြီး အချုပ်ထောင်တွင်း သေသူများလည်း ရှိသည်။ ဘယ်နေ့ ဘယ်အချိန် ဘယ်သူ့ကို ဖမ်းမည်၊ သတ်မည်၊ ပြောမရနိုင်သော အခြေအနေတွင် ရှိနေသည်။ စိုးရိမ်ထိတ်လန့်မှုများ ခေါင်ခိုက် နေပြီး လမ်းခရီး လုံခြုံမှု မရှိ၍ မိုးတွင်းကာလ ဖြစ်နေ၍ ထွက်ပြေး တိမ်းရှောင်၍လည်း မရ ဖြစ်နေသည်။ ရွာသားများသည် ဓားစာခံ မြေစာပင် ဖြစ်နေသည်။ ဒီကြားမှာ တောမီးလောင်၍ တောကြောင် လက်ခမောင်း ခတ်မှုများ ရှိနေသည်။ အချင်းချင်း အငြိုးအထေးရှိ၍ အကြမ်းဖက်သမား ဟန်ဆောင်ပြီး သတ်ဖြတ်နေခြင်း မျိုးလည်း ရှိနိုင်သည်ဟု ဆိုသည်။

ရခိုင် မြောက်ပိုင်း မွတ်စလင်တို့ ဘ၀ မှောင်မဲပြီး မျှော်လင့်ချက် ကင်းမဲ့နေသည်။ အကြမ်းဖက်သမား ဆိုသူများ နှင့် အစိုးရ နှစ်ဖက်စလုံးကို ကြောက်နေရသည်။ တည်ငြိမ် အေးချမ်းမှု နှင့် တရားဥပဒေ စိုးမိုးမှု လုံးဝ မရှိပါ။ ရွာသားများ အိမ်ပြင် မထွက်ရဲဘဲ အလုပ်အကိုင် မလုပ်ကြ။ စိုက်ပျိုးရေး မလုပ်ကြဘဲ လယ်မြေ အများစုကို ပလှပ်ထားသည်။ အလုပ်သမားလည်း ရှာမရ ဖြစ်နေသည်။ နောင်နှစ်တွင် အစာရေစာ ပြတ်လပ် ရှားပါးမှု ဖြစ်နိုင်သည်။

နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးရေး ဆောင်ရွက်မှုများ ရေဘေး၊ လေဘေး အကူအညီများ လူမျိုးစု နှစ်စု အတွက် မျှမျှတတ ဖြစ်ရန် လိုပေသည်။ နိုင်ငံတော်၏ စေတနာ နှင့် ပွင့်လင်းမှုကို ပြည်သူများက စောင့်ကြည့်နေသည်။ တည်ငြိမ်အေးချမ်းမှု နှင့် နှစ်ဖက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှုသည် နိုင်ငံတော်၏ စေတနာ နှင့် ဆန္ဒ (Will) ပေါ်မှာ အဓိက မူတည်သည်။ အတူယှဉ်တွဲ နေထိုင်နိုင်ရန် လွတ်လပ်ရေး ရပြီးနောက် အစိုးရများ ခေတ်ကာလများကဲ့သို့ လူမျိုးစု နှစ်စု နိုင်ငံရေး၊ လူမှုရေး အဆင့်အတန်း တူညီ မျှတရန် လိုပေသည်။ တူညီသော ဥပဒေ၏ အကာအကွယ် ရရှိရန် လိုပေသည်။ တိုင်းရင်းသားများ နှင့် ခိုးဝင်နေထိုင်သူများ ဒေသခံများနှင့် လာရောက် နေထိုင်သူများ ဆိုသည့် အသုံးအနှုန်း များသည် ခွဲခြားမှု ကို အခြေခံသည်။ မွတ်စလင်များ နိုင်ငံသား ဖြစ်နိုင်ရန် စိစစ်မှု (Verification) ပြုလုပ်ရမည် ဟု ပြောဆိုခြင်းသည်ပင်လျှင် ခွဲခြားခြင်း၊ နှိမ့်ချခြင်း ဖြစ်သည်။ ယခင်ကာလက စီိစစ်မှုပေါင်း အကြိမ်ပေါင်း များစွာ ရှိခဲ့သည်။ ယခု Verification သည် စစ်အစိုးရများ လက်ထက်က သုံးစွဲခဲ့သော မွတ်စလင်များကို နိုင်ငံသား အဆင့်လျှော့ရေး ကိရိယာ တစ်ခုသာ ဖြစ်သည်။ ၄င်းအစီအစဉ်ကို ဆက်လက် သုံးစွဲခြင်းသည် ရိုဟင်ဂျာများ မျိုးတုံးစေခြင်းပင် ဖြစ်မည်။ Verification နှင့် NVC (နိုင်ငံသား စီစစ်ခံရမည့် သူများ ကိုင်ဆောင်သည့် လက်မှတ်) တို့က လူထုကို တစ်လှည့်စီ ခြိမ်းခြောက်နေသည်။ စိတ်ရောဂါ ၀င်စေသည်။

လွတ်လပ်ရေးရပြီး အချိန်မှ စ၍ မကြာခင် ကာလအထိ ထိုဒေသမှ မွတ်စလင်များ (ရိုဟင်ဂျာများ) ရခိုင်နှင့် တူညီသော နိုင်ငံသား လက်မှတ် ကိုင်ဆောင်ခဲ့သည်။ တန်းတူ အခွင့်အရေးများ ရရှိခဲ့သည်။ တည်ငြိမ် အေးချမ်း သော ဒေသ ဖြစ်ခဲ့သည်။ ခိုးဝင်လာသူဟု သတ်မှတ်ခြင်း မခံခဲ့ရချေ။ ရခိုင် နှင့် မွတ်စလင် လူမျိုးရေး ပဋိပက္ခလည်း မပေါ်ပေါက် ခဲ့ချေ။ ယခု ဖြစ်နေသော ပဋိပက္ခများသည် ဒီမိုကရေစီ နိုင်ငံရေး ရာသီ ပွင့်လင်းလာသောကြောင့် နိုင်ငံရေး အမြတ်ထုတ်လိုသူများက မွတ်စလင် မုန်းတီးရေး ပြပြီး ရခိုင်များ၏ ချစ်ခင် လေးစားမှု ရယူရန် အားထုတ် မှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မွတ်စလင်ကို နိုင်ငံရေး စီးပွားရေး အခွင့်အရေး အားလုံး ပိတ်ပင်ရန် ဖြစ်သည်။ ၄င်းကို မိမိတို့၏ နိုင်ငံရေး အုပ်ချုပ်ရေး အမြတ်ထွက်ရန် အားပေးပံ့ပိုးနေသော အင်အားစုလည်း ရှိနေပေသည်။ အိမ်က ကြက်ခြင်း အိုးမည်းသုတ် တိုက်ခိုက်စေခြင်း ဖြစ်သည်။ ဗဟိုမှတ် တစ်ဖက်သတ် မြှောက်ပင့်ပေးမှု ရှိနေ၍ မွတ်စလင်များ ဓါးစာခံ ဖြစ်နေခြင်း မွတ်စလင် မုန်းတီးမှု ကြီးထွားလာခြင်း ဖြစ်သည်။

မွတ်စလင်များကို ယခင်ကကဲ့သို့ ရခိုင်များက တန်းတူ ဖြစ်သော နိုင်ငံသား ကဒ်များ ကိုင်ဆောင်ခွင့် ပြုလျှင် ရခိုင် ဒေသ လူမျိုးရေး ပြဿနာ တစ်ဝက်ခန့် လျော့နည်းသွားမည်။ လက်ရှိ လ၀က ၀န်ကြီးက (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၄ရက်နေ့) ရှင်းလင်းပြောဆိုခဲ့သလို အမျိုးသား မှတ်ပုံတင် ရှိသူများကို နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ထုတ်ပေးမည် ဆိုလျှင် ထိုဒေသသည် အတော်အသင့် တည်ငြိမ် သွားမည်။ နိုင်ငံသား အဆင့်မြင့်၍ အနိုင်ကျင့်သူ နှင့် အနိုင်ကျင့်ခြင်း ခံရသူ ရှိမည် မဟုတ်။ ယခင်က ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ် သတ်မှတ်ခဲ့၍ ဆန့်ကျင် ကန့်ကွက်ခြင်း၊ ဆန္ဒပြခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခြင်းမျိုး မရှိခဲ့ချေ။ ဗဟို အစိုးရ၏ တရားမျှတစွာ ကိုင်တွယ် စီမံခန့်ခွဲခဲ့ခြင်း၊ ဘက်လိုက် မြှောက်ပင့်ပေးမှုများ မရှိခြင်းကြောင့် ဖြစ်ပါသည်။ ယခု နိုင်ငံသား ဥပဒေကို စစ်အစိုးရ ခေါင်းဆောင်များက လူမျိုး (သွေး/ Blood) အခြေခံသည်ဟု ရှင်းလင်းနေသည်။ သို့သော် ထိုနိုင်ငံသား ဥပဒေကို ဦးဆောင်ရေးဆွဲသော ဒေါက်တာ မောင်မောင်ကမူ ၁၈၂၃ ခုနှစ် မတိုင်ခင် မြန်မာနယ်မြေတွင် အခြေစိုက် နေထိုင်သူ အားလုံးသည် မြန်မာ တိုင်းရင်းသားဟု ရှင်းလင်းထားသည်ကို ပယ်ဖျောက်၍ ရမည် မဟုတ်ပါ။ သို့ဖြစ်၍ ကုလားနွယ်နေလျှင်လည်း ဥပဒေ နှင့် ညီညွတ်လျှင် နိုင်ငံသား ပေးခြင်းကို နှမြောရန် မရှိပါ။ ရက်ရောစွာ နိုင်ငံသား ပေးနိုင်ရမည်။ ကမ္ဘာနိုင်ငံကြီးများ နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ဃဃဏဏ လေ့လာပြီး ဖြစ်၍ ရိုဟင်ဂျာကို နိုင်ငံသားပေးရန် အကြိမ်ကြိမ် တောင်းဆိုခြင်း ဖြစ်သည်။ တိုင်းပြည် တစ်ပြည်ကို အုပ်ချုပ်ခြင်းသည် မိမိ ဆန္ဒဖြင့် အုပ်ချုပ်ခြင်း မဟုတ်ဘဲ ဥပဒေဖြင့် အုပ်ချုပ်ခြင်းသာ ဖြစ်သင့်သည်။

ဤဆက်စပ်မှုများကြောင့် ဖြစ်နိုင်သည်။ ဦးသိန်းစိန် အစိုးရတွင် အရေးပါခဲ့သော ၀န်ကြီး တစ်ဦး ဖြစ်သူ ဦးရဲထွဋ်က ရိုဟင်ဂျာကို နိုင်ငံသား အသိအမှတ်ပြုရန် မကြာမကြာ တင်ပြနေခြင်း ဖြစ်နိုင်သည်။ ချောင်းငယ် မှ ပင်လယ်ကို တွေ့ရှိနေ၍ (ရန်ကုန် မှ စင်္ကာပူကို ရောက်နေ၍) နိုင်ငံရေး၊ လူမျိုးရေး အမြင် ပိုမို ပွင့်လင်းလာခြင်း ဖြစ်နိုင်သည်။ ဒီကြားမှာ ဒီမိုကရေစီ လှုပ်ရှားမှု ဦးဆောင်ခဲ့သူ လက်ရှိ နာမည်ကြီး မီဒီယာ တစ်ခုရဲ့ အယ်ဒီတာ တစ်ဦးက မောင်းတောဒေသမှာ ခိုးဝင် ဘင်္ဂလီများ နေ့စဉ် ၀င်လာနေသည်ဟု မေးမြန်းခန်း တစ်ခုတွင် မကြာခင်က ပြောဆို သွားသည်ကို ၀မ်းနည်းစွာ ကြားသိရသည်။ သတိထားရန်မှာ ထိုဒေသမှာ ခိုးဝင်လာသူ မရှိသလောက်ပါဟု သမ္မတဟောင်း ဦးသိန်းစိန် နှင့် လ၀က ၀န်ကြီးဟောင်း ဦးခင်ရီတို့၏ ရှင်းလင်း ပြောကြားချက်များသည် ကျွန်တော်တို့ လက်ထဲမှာ ရှိနေပါသည်။

ဗြိတိသျှခေတ် ရခိုင်ကို ၀င်ရောက်လာသူ အများစုသည် ရာသီအလိုက် အလုပ်သမားများ ဖြစ်၍ အလုပ်ရာသီ ကုန်လျှင် နေရပ်ပြန်သွားတတ်ကြောင်း မှတ်တမ်း ရှိသည်။ ခိုကပ်၍ ကျန်ရစ်သူများ ရှိလျှင်လည်း ၁၉၄၂ ခုနှစ် လူမျိုးရေး အထိကရုဏ်း လူမျိုးရေး ပဋိပက္ခ ကာလတွင် နှင်ထုတ်ခဲ့ပြီး ဖြစ်သည်။ ရခိုင်ပြည်နယ် အတွင်းဘက် မြို့နယ်များတွင် မွတ်စလင် ရွာပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရာတွင် ဗြိတိသျှ ခေတ်မှာ ၀င်လာသူ ဆိုသူများ၏ အိုးအိမ်များလည်း ပါသွားသည်။ သူတို့သည် ပြန်လည် ၀င်လာခွင့်လည်း မရခဲ့ချေ။ လက်ကျန် နိုင်ငံခြားသား တချို့သည် အိန္ဒိယ၊ ပါကစ္စတန် လွတ်လပ်ရေး ရသော အခါ မိမိနိုင်ငံများသို့ ပြန်သွားသည်။ နောက်ဆုံး အသုတ်က ဦးနေ၀င်း၏ ပြည်သူပိုင်ခေတ်တွင် နေရပ်ပြန်သွားပြီး ဖြစ်သည်။ ယနေ့ ရခိုင်ပြည်တွင် ရှိနေသော သူများကို ဘင်္ဂလားသား ခိုးဝင်သူများဟု စွပ်စွဲခြင်းသည် ထိုသူတို့အား လက်ရှိ ဒီမိုကရေစီ အခင်း အကျင်းမှာ ဒီမိုကရေစီ အခွင့်အရေး မပေးလို၍သာ ဖြစ်သည်။ ဘင်္ဂလားဒေ့(ရှ်) လွတ်လပ်ရေး တိုက်ပွဲ ကာလတွင်း ခိုးဝင်လာသူများ ရှိသည်ဟု စွပ်စွဲသူများက ထိုဒေသ၏ လ၀က မှတ်တမ်းများကို စီစစ်ပြီးမှသာ စွပ်စွဲ သင့်ပေသည်။ သိန်းချီပြီး ၀င်လာသည်ဟု စွပ်စွဲနေရာ ထိုမျှသော လူဦးရေကို လ၀က ရုံးမှာ မှတ်တမ်းတင်ခြင်း မရှိဘဲ ဖျောက်ဖျက်၍ လည်းကောင်း၊ မူလ အိမ်ထောင်စုများနှင့် ရောနှော၍ လည်းကောင်း ရမည် မဟုတ်ချေ။ ပို၍ ရှင်းအောင် ပြောရလျှင် ရခိုင်မြောက်ပိုင်းမှ လ၀က ရုံးများသည် ရခိုင်အမျိုးသားများ လက်ထဲမှာ ဖြစ်နေသည်။

မွတ်စလင်မှာ ရခိုင်အမျိုးသားများ၏ အကျိုးစီးပွားကို ထိခိုက်စေလိုစိတ် မရှိပါ။ ထိုဒေသတွင် လူမျိုး မတူ၊ ဘာသာ မတူ၊ အိမ်ထောင်ပြုမှု လုံးဝ မရှိသည်ကို ရခိုင်ဒေသမှာ အားလုံးက သိရှိပြီး ဖြစ်သည်။ သို့ဖြစ်၍ ရခိုင်တွင် မွတ်စလင်များ အပေါ် သံသယ ရှိရန် မရှိပါ။ ဥပဒေ နှင့် အညီ အခွင့်အရေး ခံစားခွင့် ရှိသည်ကို အသိအမှတ် ပြုရန်သာ လိုပေသည်။ ရခိုင်နှင့် မွတ်စလင်သည် သမိုင်းကြောင်း နှင့် ယှဉ်၍ အတူနေထိုင်လာသော မိတ်ဖက် လူမျိုးစု၊ အပြန်အလှန် မှီခိုနေသော လူမျိုးစုသာ ဖြစ်သည်။ ထိုလူမျိုး နှစ်စုကြား ဘာသာစကား နှစ်မျိုးစလုံးမှ ဝေါဟာရများဖြင့် ဖွဲ့စည်း ပြောဆိုသော တတိယ ဘာသာစကား တစ်ခုပင် ရှိသည်။ ၄င်းဘာသာ စကားသည် ကမ္ဘာ့ တခြား မည်သည့် ဒေသမှာမှ တွေ့ရမည် မဟုတ်။ ၄င်းသည်ပင် ရိုဟင်ဂျာသည် ရခိုင်ပြည်နယ်၏ ရှေးဟောင်းပစ္စည်း (antiquity) ဖြစ်ကြောင်း ထင်ရှားပေသည်။

ရိုဟင်ဂျာများတွင် နစ်နာဆုံးရှုံးမှု ခွဲခြား ဆက်ဆံခံရမှု မရှိဘဲ စားဝတ်နေရေး၊ သွားလာရေး လုံခြုံမှု ရှိလျှင် မည်သည့် အကြမ်းဖက်အုပ်စုမှ ထိုဒေသသို့ ထိုးဖောက် စည်းရုံးနိုင်မည် မဟုတ်ချေ။ ပြည်သူသည်သာ အဓိက ဖြစ်သည်ဟု ထင်မြင်ပါသည်။ ယခု Verification ကို ထိုဒေသက မွတ်စလင်များက နိုင်ငံသား အဆင့် လျော့ချရေး စီမံချက်ဟု မြင်နေသည်။ ထိုစီမံချက်ကို ထောက်ခံ အားပေးကူညီသူများကို သစ္စာဖောက်များ အဖြစ် မြင်သည်။ ထိုသူများကို အလုပ်ရုံ ဆွေးနွေးပွဲ ခေါ်ခြင်း၊ သင်တန်းပေးခြင်း၊ နိုင်ငံခြား လေ့လာရေး ခရီးများ စေလွှတ်ခြင်းဖြင့် ရိုဟင်ဂျာကို နိုင်ငံသား အဆင့်လျော့ချရေး နိုင်ငံမဲ့ ပြုလုပ်ရေး စီမံချက်များ အောင်မြင်မည်ဟု မယူဆသင့်ကြောင်း သုံးသပ်ရပါသည်။ မိမိ လူမျိုးကို သစ္စာဖောက်နေသူများသည် ထိုလူမျိုးစု တစ်ခုလုံးကို မည်သည့်နည်း နှင့်မျှ စည်းရုံးနိုင်မည် မဟုတ်ပါ။

ကမ္ဘာ့ ကုလသမဂ္ဂ၏ အခန်းကဏ္ဍသည် မူလ ပဋိညာဉ် စာချုပ်ချုပ်စဉ်ကထက် ကျယ်ပြန့်လာသည်ကို သတိပြု ရမည်။ ယနေ့အခါ လူ့အခွင့်အရေး၊ အလုပ်သမားရေး၊ အမျိုးသမီး အခွင့်အရေး ကာကွယ်ရေး၊ ကလေးသူငယ်များ အခွင့်အရေး စောင့်ရှောက်ရေး၊ လူနည်းစုများ ကာကွယ်ပေးရေး စသည့် လုပ်ပိုင်ခွင့်များကို တိုးချဲ့ထားကြောင်း တွေ့ရမည်။ ၂၀၀၅ ခု ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ နိုင်ငံတစ်ခုခုက မိမိနိုင်ငံအတွင်း လူနည်းစုကို ကာကွယ်စောင့်ရှောက်ပေးရေး တာဝန် မယူပါက ကမ္ဘာ့လူအဖွဲ့အစည်းက ပါဝင်ထိန်းသိမ်းပေးရန် တညီတညွတ် တည်း ဆုံးဖြတ်ခဲ့သည်။ ၄င်းကို Responsibility to protect ဟု နာမည် ပေးထားသည်။ အတိုချုပ် R2P ဟု ခေါ်ပြီး ကုလသမဂ္ဂမှာ ဌာနခွဲ တစ်ခု ဖွဲ့စည်း တာဝန်ပေးထားသည်။ ဒေသအလိုက် ရုံးခွဲများလည်း ဖွဲ့စည်း၍ atrocities ဖြစ်ပေါ်မှုများကို မှတ်တမ်းပြုစုစေသည်။

R2P ဆိုရာမှာ အဆင့် (၃)ဆင့် ရှိသည်။ ပထမ အဆင့်မှာ အခင်းဖြစ်နိုင်ငံကို genocide, war crimes, crimes against humanity and ethnic cleansing, and their incitement ကို တာဝန်ယူ ဖြေရှင်းစေခြင်း ဖြစ်သည်။ ဒုတိယ အဆင့်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပွားသောနိုင်ငံကို ချိုးဖောက်ခံ နိုင်ငံသားများအား ကာကွယ်ရန် ၀ိုင်းဝန်း အားပေး ကူညီခြင်း ဖြစ်ပြီး တတိယ အဆင့်တွင် သံတမန်ရေး နှင့် လူသားချင်း စာနာရေး အကူအညီ ပေးရေး အပြင် တခြားနည်းလမ်းများ ရှာဖွေရေး ဖြစ်သည်။ သို့ကူညီပါလျက်နှင့် အခင်းဖြစ်နိုင်ငံက သူ့ပြည်သူကို ကာကွယ်ပေးရန် ပျက်ကွက်လျှင် ကုလပဋိညာဉ်ကို အခြေပြုပြီး ကမ္ဘာ အသိုင်းအ၀ိုင်းမှ စုပေါင်း၍ စတင်ပြီး ကာကွယ်စောင့်ရှောက်ပေးရေး အစီအစဉ်များ ဆောင်ရွက်ရမည်ဟု ပါရှိသည်။

ယနေ့ မြန်မာနိုင်ငံ အစိုးရသည် ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြေရှင်းခြင်း မပြုသေးပါ။ ဒေါက်တာ ကိုဖီအာနန် ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာကိုလည်း အလေးအနက်ထားပုံ မရပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ အချက်အလက် ရှာဖွေရေး ကော်မရှင်ကိုလည်း လက်မခံ သေးပါ။ နယ်မြေတွင် တရားဥပဒေ စိုးမိုးမှု ပို၍ ပို၍ ဆိုးရွားလာပြီး အကြမ်းဖက် သမားများ ၀င်လာ သည်ဟု သတင်းဖြစ်နေသည်။ သို့ဖြစ်၍ ကမ္ဘာ့ မီဒီယာများနှင့် လူ့အခွင့်အရေး စောင့်ရှောက်ရေး အဖွဲ့အစည်း များက R2P စနစ်ဖြင့် ရိုဟင်ဂျာ အရေး ဖြေရှင်းရန် ဆွေးနွေးနေသည်။ ၁၁.၇.၁၇ (အဂါင်္နေ့) က BBC မြန်မာပိုင်းမှာ စာရေးသူ ကိုယ်တိုင် ပါဝင် ဆွေးနွေးခဲ့ ရသည်။

မြန်မာ အစိုးရသည် မိမိသဘောတူ လက်မှတ်ထိုးထားသော ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် တချို့ကို အကောင်အထည်ဖော်ခြင်း မရှိဟု ကမ္ဘာက စွပ်စွဲနေသည်။ ကိုဖီအာနန် ကြားဖြတ် အစီရင်ခံစာကို ဒေသခံပြည်သူ များ၏ ဆန္ဒကို အခြေခံ၍ ဖြေရှင်းမည်ဟု မြန်မာ အစိုးရက ဆိုသည်။ ဒေသခံ ဆန္ဒကို အခြေပြုလိုပါက ကိုဖီင်္အာနန် ကော်မရှင် ဖွဲ့စည်းစရာ မလိုဟု ကမ္ဘာက ဝေဖန်နေသည်။ ဒေသခံ ရခိုင် ဆန္ဒဖြင့် ရိုဟင်ဂျာ ပြဿနာ ဖြေရှင်း နိုင်မည် မဟုတ်ဟု ကမ္ဘာက သုံးသပ်နေသည်။

ရိုဟင်ဂျာသည် လူ့အခွင့်အရေး အလွန်အကျွံ ချိုးဖောက်ခံရသော ဖိနှိပ်မှု အခံရဆုံးသော လူမျိုးစု တစ်စုဟု ကုလသမဂ္ဂ က သတ်မှတ်သည်။ ယခင် အစိုးရ အကြံပေး ပုဂ္ဂိုလ် ပါမောက္ခ Seilber Stein က (၁၃.၇.၁၇) ရက်နေ့က VOA ဦးကျော်ဇံသာ နှင့် မေးမြန်းခန်းတွင် ရိုဟင်ဂျာများ အရှေ့တောင်အာရှတွင် အဖိနှိပ်ခံရဆုံး လူမျိုး ဖြစ်နေသည်ဟု ရှင်းပြပြီး ရိုဟင်ဂျာ အရေး မဖြေရှင်းပါက ကမ္ဘာတွင် မြန်မာနိုင်ငံ နိုင်ငံရေး သိက္ခာကျစရာ ရှိသည်။ အကျပ်အတည်း တွေ့နိုင်စရာ ရှိသည်။ ရိုဟင်ဂျာကို ကိုယ်ချင်းစာနာသူ ကမ္ဘာမှာ များပြားလာနေသည်ဟု ရှင်းလင်း ပြောဆိုထားသည်။

သို့ဖြစ်ပါ၍ ရိုဟင်ဂျာ အရေးကို မှန်ကန် မျှတသော မူဘောင်၊ သမိုင်းကြောင်း နှင့် ဥပဒေကြောင်းကို အခြေပြု၍ ဖြေရှင်းသင့်သည်။ လူမျိုး ဘာသာ အခြေခံခြင်း မပြုသင့် ယခင်က ရိုဟင်ဂျာကို တိုင်းရင်းသား နိုင်ငံသားများအဖြစ် အသိအမှတ် ပြုခဲ့သော ဥပဒေများကို လျစ်လျူရှုခြင်း မပြုသင့်။ အကျိုးစီးပွားဖက် အားလုံးအတွက် Win Win ဖြေရှင်းချက်တစ်ခု ရှာလျှင် ရနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ဖြေရှင်းရေး လမ်းပိတ်မသွား ဖြေရှင်းလိုစိတ် ရှိလျှင် ဆွေးနွေး ဖြေရှင်းနိုင်သည်ဟု ပြောဖူးသည်ကို ကျွန်တော်တို့ မှတ်ထား ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ပြဿနာ ဖြေရှင်းရေး အတွက် မှန်ကန်မျှတသော ဘက်လိုက်မှု ကင်းသော ခြေလှမ်း တစ်ခု (initiative) တစ်ခု ယူလျှင် ရခိုင်ဒေသမှ ပြည်သူ အားလုံးက လက်ခံမည်ဟု ယုံကြည်ပါသည်။ အခု လက်ရှိ လက်နက်ကိုင် အင်အားစု နှစ်ဖက်ကြား မြေစာပင် ဖြစ်နေခြင်းမှ လွတ်မြောက်လိုသည်။ ရခိုင် မြောက်ဖက် ဒေသတွင် အကြမ်းဖက် အုပ်စုကို အားပေးလိုသူ ရှိမည်ဟု မယူဆပါ။ ထိုဒေသမှ မွတ်စလင်များသည် တစ်ချိန်က လက်နက်ကိုင် သောင်းကျန်းခြင်း ကို စွန့်လွှတ်ခဲ့သူများ ဖြစ်သည်။ သို့ဖြစ်ပါ၍ အထက်ပါ သုံးသပ် တင်ပြချက်များကို ထည့်သွင်း စဉ်းစားပြီး ဖဆပလ ပထစ အိမ်စောင့်အစိုးရ တော်လှန်ရေး ကောင်စီ ခေတ်ကာလများကဲ့သို့ ရခိုင်ပြည်နယ်မှ အထက် လူမျိုးစု နှစ်စုအား ဒေသခံချင်း အတူတူ ဟု သဘောထားပြီး တန်းတူ ရည်တူ ဆက်ဆံပါက ယခု ဒီမိုကရေစီ အစိုးရသည် ရခိုင်ပြည် တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက် နိုင်မည်ဟု မျှော်လင့်ကြောင်း အကြံပြု တင်ပြ အပ်ပါသည်။

ကျော်မင်း
Friday Times
Vol.3 No.18

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s