” အာဇာနည် ဘာဘူကြီးကိုသာ လွမ်းမိတော့ “

Bonny Oo

” အာဇာနည် ဘာဘူကြီးကိုသာ လွမ်းမိတော့ “

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
ဆရာကြီးဦးရာဇတ် ရဲ့ ‘လူနည်းစုလို မနေဘူး၊ လူများစုထဲ ပေါင်းနေလိုက်တယ်’ ဆိုတဲ့အယူအဆဟာ ဒီကနေ့ ကမ္ဘာကြီးအတွက် လွမ်းစရာ အယူအဆများ ဖြစ်နေရော့လား..

အာဇာနည် ကိုးဦးအနက် ဗိုလ်ချုပ်အောင်ဆန်းပြီးရင် ဒီနေ့ကာလအတွက် လေ့လာသင့်ဆုံးပုဂ္ဂိုလ်ကတော့ ငယ်နာမည် ‘ဘာဘူကြီး’ လို့ ခေါ်တဲ့ ‘ဦးရာဇတ်’ လို့ ထင်ပါတယ်။ အစ္စလာမ်ဘာသာဝင် ဦးရာဇတ်ဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့အစိုးရအဖွဲ့မှာ ပညာရေးဝန်ကြီးနဲ့ အမျိုးသားစီမံကိန်းဝန်ကြီး နှစ်ခုကို ပူးတွဲထမ်းဆောင်သွားတယ်။ အမျိုးသားစီမံကိန်းဌာနဟာ လွတ်လပ်ရေးရပြီး အရေးကြီးတဲ့ တိုင်းပြည်ထူထောင်ရေးစီမံကိန်း (ဆိုရန်တိုဗီလာ စီမံကိန်း) ကို ဆောင်ရွက်ရပါတယ်။ မွတ်စလင်တစ်ယောက်ကို အဲဒီ အရေးကြီးတဲ့ ဌာနကြီးနှစ်ခုစလုံး ဗိုလ်ချုပ်က ယုံယုံကြည်ကြည် အပ်နှင်းတာ ဒီကနေ့ မျက်စိနဲ့ကြည့်ရင် အံ့အားသင့်စရာပါ…

Image may contain: 1 person, text

ဒီထက် အံ့ဩဖို့ကောင်းတာက ဦးရာဇတ် ဘယ်လို ၀န်ကြီးဖြစ်လာသလဲ ဆိုတာပါ။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် အစိုးရဖွဲ့ပြီးချိန်မှာ ၀န်ကြီးနေရာအချို့ လစ်လပ်တယ်။ အထက်မြန်မာပြည်နဲ့ မန္တလေးကလည်း ဦးရာဇတ်ကို ၀န်ကြီးတစ်နေရာ ရစေချင်ကြတယ်။ မန္တလေးမြို့ လေးပြင်လေးရပ်မှ ဆရာတော်ကြီးဆယ်ပါးက ဦးရာဇတ်ကို ၀န်ကြီးတစ်နေရာပေးဖို့ ဗိုလ်ချုပ်ထံ စာရေးတောင်းဆိုကြတယ်။
အဲဒီ ဆရာတော်ကြီး ဆယ်ပါးက
(၁) ဟံသာဝတီဆရာတော်- ဘုရားကြီးတိုက် (၂) ဦးဇောတိက- တောင်ပြင်ထီးလင်းတိုက် (၃) ဦးကလျာဏ- ဝေယံဘုံသာတိုက်၊
(၄) ဦးဇဋိတလ- ဗောဓိကုန်း ရဟန်းပျိုအဖွဲ့ချုပ်၊ (၅) ဦးဇောတိက- မင်းမဟာကျောင်း၊
(၆) ဆရာတော် ဦးနန္ဒိသေန၊
(၇) ဦးမာဂိန္ဒ- ပျော်ဘွယ်အုပ်ကျောင်း ဘုရားကြီးတိုက်
(၈) ရွှေမျက်မှန်- ဦးဝိဇယ- သံဃာသာမဂ္ဂီအဖွဲ့ချုပ်၊
(၉) ဦးကေသရ- စကုတိုက်
(၁၀) ဦးဉာနုတ္တရ- မြသိန်းတန်ဆရာတော် များတို့ပါ။

ဦးရာဇတ်က ရန်ကုန်ကောလိပ်မှာ ဘီအေတန်း တက်နေစဉ် ၁၉၂၀ ပထမကျောင်းသား သပိတ်မှာ တက်ကြွစွာ ပါဝင်ခဲ့တယ်။ အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာတော့ မန္တလေး အမျိုးသား အထက်တန်းကျောင်းမှာ ကျောင်းဆရာနဲ့ ကျောင်းအုပ်ကြီးဖြစ်လာတယ်။ လူထုဒေါ်အမာ၊ အမ်အေဒေါ်အုံး၊ သူရိယဦးသန်းမောင်၊ ကျားဘငြိမ်း၊ မေမြို့ချစ်ဆွေ၊ ၀မ်းအိုဝမ်းကျော်ဝင်းမောင် စတဲ့ မျိုးချစ်စိတ်ရှိ တပည့်များစွာ မွေးထုတ်ခဲ့တယ်။ ပညာရေးဝန်ကြီးအနေနဲ့ မန္တလေးတက္ကသိုလ် ပေါ်ပေါက်ရေး ဆောင်ရွက်တဲ့အခါ တပည့်ဖြစ်သူ ဦးကိုကိုလေး (ဇေယျာမောင်) ကို ကျောင်းအုပ်ကြီးတာဝန် ပေးခဲ့တယ်။

ဆရာကြီးဦးရာဇတ်ရဲ့ နိုင်ငံရေး လူမျိုးရေး ဘာသာရေး ရပ်တည်ချက်နဲ့ အယူအဆကိုတော့ အိန္ဒိယနိုင်ငံ မဒရပ်မြို့မှာ ကျင်းပတဲ့ တောင်အာရှ နိုင်ငံတကာ ကျောင်းသားညီလာခံမှာ အထင်အရှား တွေ့ရတယ်။ မဒရပ်ညီလာခံကို ပညာရေးဝန်ကြီးအနေနဲ့ ဦးရာဇတ် တက်ရောက်ဖို့ ဗိုလ်ချုပ်အောင်ဆန်းက စေလွှတ်လိုက်တယ်။ မဒရပ်လေဆိပ်မှာ လာကြိုတာ နှစ်ဖွဲ့ဖြစ်နေတယ်။ တစ်ဖွဲ့က အိန္ဒိယအစိုးရကိုယ်စားလှယ်၊ တစ်ဖွဲ့က ပါကစ္စတန်နိုင်ငံ ခွဲထောင်ဖို့ ကြိုးစားနေတဲ့ မဒရပ်မွတ်စလင်အဖွဲ့။ မွတ်စလင်အဖွဲ့က ဦးရာဇတ်ကို သူတို့နဲ့ လိုက်တည်းမယ်လို့ ယူဆထားတယ်။ ဦးရာဇတ်က သူဟာ အိန္ဒိယအစိုးရ ဧည့်သည်အနေနဲ့ လာတာမို့ သူတို့ ဖိတ်တာကို လက်မခံနိုင်ကြောင်း ယဉ်ယဉ်ကျေးကျေး ငြင်းပါတယ်။

အိန္ဒိယကနေ ပါကစ္စတန် ခွဲထွက်တာနဲ့ ပတ်သက်လို့ ဦးရာဇတ်က ၀မ်းနည်းစကားပြောတော့၊ မဒရပ် မွတ်စလင်ခေါင်းဆောင်တွေက “ခင်ဗျားက မြန်မာနိုင်ငံ မွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်တော့ အဲဒီက မွတ်စလင်လူနည်းစု ပြဿနာတွေ ဘယ်လို ရှိသလဲ” (As a leader of the Muslims, what are the problems regarding the minority in Burma? ) လို့မေးတယ်။ ဦးရာဇတ် ဖြေတာက

” We don’t regard ourselves as a minority. We merged with majority. For instance, I have been a headmaster of a National School since 1920 in Mandalay, the last capital of the Burmese Kings, a city predominantly Buddhists, the center of Burma culture and in fact it is my own constituency. As such, the Muslim minority does not arise. ”

“ကျွန်တော့်တို့ကိုယ် ကျွန်တော့်ကို လူနည်းစုရယ်လို့ သဘောမထားပါ၊ လူများစုကြီးထဲ ပေါင်းလိုက်ပါတယ်။ ဥပမာပြရရင် ကျွန်တော်ဟာ ၁၉၂၀ ခုနှစ်ကစပြီး မြန်မာယဉ်ကျေးမှု တည်ရာလည်းဖြစ်၊ ဗုဒ္ဓသာသာနာ ထွန်းကားရာအရပ်လည်းဖြစ်၊ မြန်မာမင်းရဲ့ နောက်ဆုံးမြို့တော် လည်းဖြစ်တဲ့ မန္တလေးမြို့ အမျိုးသားကျောင်းမှာ ကျောင်းအုပ်လုပ်ခဲ့တယ်။ အဲဒီမြို့ဟာ ကျွန်တော့်ကို မဲဆန္ဒပေးတဲ့ မြို့လည်းဖြစ်တယ်။ ဒါကြောင့် မွတ်စလင် လူနည်းစုပြဿနာရယ်လို့ မပေါ်တော့ပါဘူး”

ဆရာကြီးဦးရာဇတ် ရဲ့ ‘လူနည်းစုလို မနေဘူး၊ လူများစုထဲ ပေါင်းနေလိုက်တယ်’ ဆိုတဲ့အယူအဆဟာ ဒီကနေ့ ကမ္ဘာကြီးအတွက် လွမ်းစရာ အယူအဆများ ဖြစ်နေရော့လား..

(ဖတ်ညွှန်း- ၀မ်းအိုဝမ်းကျော်ဝင်းမောင်၊ မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီးဦးရာဇတ်)
Cd – Original Uploader Ye Myint Kyaw

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s