“ဗလီဝတ်ကျောင်းဝန်း၊ ချာ့ခ်ျကျောင်းဝန်းထဲက မြန်မာ့တပ်မတော်” (သူ့အမြင်)

“ဗလီဝတ်ကျောင်းဝန်း၊ ချာ့ခ်ျကျောင်းဝန်းထဲက မြန်မာ့တပ်မတော်” (သူ့အမြင်)

ဒီဇင်ဘာ ၁၈ ၊ ၂၀၁၆ M-Media မြင်သစ်ရေးသည်။

ကျိုင်းတုံမြို့ ပါလျှံဗလီတွင် တပ်မတော်၏ ဆေးကုသမှုမြင်ကွင်း (ဓါတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး FB)

ဒီတလော မြန်မာမွတ်စလင်မ် လူမှုမီဒီယာ အသိုင်းအဝိုင်းမှာ တပ်မတော်နယ်လှည့်ဆေးကုသအဖွဲ့ရဲ့ ဗလီဝတ်ကျောင်းတွေနဲ့ ချာ့ခ်ျကျောင်းတွေမှာ အခြေပြုပြီး ဆေးကုသတဲ့ သတင်းဟာ အတော်လေး ရေပန်းစားနေပါတယ်။

အကောင်းဖက်က ချဉ်းကပ်ဆွေးနွေးတဲ့ သူတွေ ရှိသလို အဆိုးမြင်တဲ့ သူတွေလည်း ရှိနေပါတယ်။ အဓိကကတော့ မယုံကြည်မှုနဲ့ သံသယအကြောင်းခံတွေပေါ့။

အဲ့ဒါနဲ့ ပတ်သက်ပြီး အမြင် ဆွေးနွေးလိုပါတယ်။

အရွေ့

ကိုယ်တွေ့ကြုံဖူးသူတွေ အပြောအရ စစ်အစိုးရလက်ထက်မှာ ဗလီဝတ်ကျောင်းတွေ ဖျက်ဆီးတဲ့ အစွန်းရောက်တွေကို လုံခြုံရေးယူကာထားပေးခဲ့ကြတယ်ဆိုတဲ့ ယူနီဖောင်းတူတွေက ဒီမိုကရေစီ ခေတ်ပြောင်းမှာ ဗလီဝတ်ကျောင်းတွေထဲကို အခုလို ပုံစံနဲ့ရောက်လာတာဟာ နောက်ခံဘယ်လိုအကြောင်းရှိရှိ ဝမ်းမြောက်ဝမ်းသာစွာကို ကြိုဆိုရမှာပါ။

သမိုင်းတွင် အရွေ့တစ်ခုလို့ပဲ မှတ်ချက်ပြုရမှာပါ။

တပ်မတော်ရဲ့ သတင်းထုတ်ပြန်မှုအရ ဒီဝန်ဆောင်မှုဟာ အသစ်မဟုတ်ဘဲ ပုံမှန်လုပ်နေကြဖြစ်ပြီး ဗလီဝတ်ကျောင်းတွေနဲ့ ချာ့ခ်ျကျောင်းတွေကို အခြေပြုခြင်းကသာ အသစ်ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီမှာ တပ်မတော်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးပိုင်းမှာ ကျွမ်းကျင်မှုကိုလည်း အသိအမှတ်ပြုရပါမယ်။

ဆေးတပ်ဆိုတာဟာ တခြားတိုက်ခိုက်ရေးတပ်တွေနဲ့ယှဉ်ရင် သမားဂုဏ်ရှိမှု အပေါ်မှာ ပျော့ပြောင်းတယ်၊ ပညာသည်ပိုဆန်တယ်၊ တိုက်ရိုက် ချက်ချင်း ဝန်ဆောင်မှုပေးနိုင်တယ်၊ သမားနဲ့ လူနာဆိုတဲ့ နွေးထွေးတဲ့ ဆက်ဆံမှုရှိတယ်၊ လူနာဖြစ်တဲ့ ဝန်ဆောင်ခံ လူထုရဲ့ ယုံကြည်လေးစားမှုကို ချက်ချင်းရယူနိုင်တယ်။

15542269_1160909994029864_8050860674686303891_n

ချိန်ကိုက်

ဒီလှုပ်ရှားမှုမှာ တပ်မတော်နဲ့ လူနည်းစုဘာသာရေး အသိုင်းအဝိုင်းအကြား စိန်ခေါ်မှုက စတင်လှုပ်ရှားတဲ့ အချိန် timing ပါ။

Timing ကို ကြည့်ရင် တပ်မတော်ရဲ့ အနေအထားက ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်စလင်မ်တွေထဲက အချို့ရဲ့ လက်နက်ကိုင် ပုန်ကန်မှုကို နှိမ်နှင်းရာမှာ အင်အားအလွန်အကျွံသုံးမှု၊ လူအခွင့်အရေးစံတွေကို ဖောက်မှုနဲ့ အပြစ်မဲ့ အရပ်သား ရိုဟင်ဂျာတွေကိုပါ ထိခိုက်နစ်နာစေမှုစတာတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှု ဖိအားပေးနဲ့ စောင့်ကြည့်မှုကို ခံနေရချိန်။

မြန်မာနိုင်ငံရဲ့ အရှေ့ဖက်ပိုင်းနဲ့ မြောက်ဖက်ပိုင်းကို လှမ်းကြည့်ပြန်ရင်လည်း ခရစ်ယာန်လူများစုဖြစ်တဲ့ ကချင်ပြည်နယ်အခြေပြု KIAနဲ့ ညွှန့်ပေါင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ အပြန်အလှန် တိုက်ပွဲတွေ အပြင်းထန်ဖြစ်နေတဲ့ အချိန်၊ အဲ့ဒီ့ တိုက်ပွဲတွေမှာ မြန်မာ့တပ်မတော် ဖက်က ပစ်ခတ်မှုတွေကြောင့် ခရစ်ယာန်ချာ့ခ်ျကြောင်းတွေ ပျက်စီးနစ်နာမှုရှိနေတယ်၊ တိုက်ပွဲတွေကြောင့် အရပ်သားတွေ စစ်ပြေးဒုက္ခရောက်နေရတယ်ဆိုပြီး နိုင်ငံတကာရော ပြည်တွင်း အရပ်ဖက်လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းရဲ့ ဝေဖန်ခံနေရချိန်ပါ။

အပေါ်ကအချက်ကိုကြည့်ရင် တပ်မတော် ဆေးတပ်ဖွဲ့ရဲ့ ဒီအရွေ့ဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားကို ပြေလျော့စေဖို့နဲ့ ပြည်တွင်း လူနည်းစု ဘာသာဝင်တွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့က လွဲလို့ ကျန်တဲ့ အကြောင်းမရှိဘူးလို့ ရိုးရိုးသားသား မြင်မိပါတယ်။

စောလွန်ပါသေးသည်

တပ်မတော်ရဲ့ ဒီလုပ်ရပ်အပေါ် အနုတ်ဆောင်ချဉ်းကပ်တဲ့သူတွေအနေနဲ့ “ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတာပါကွာ ဒါမျိုးတွေ ရိုးနေပြီဆိုတာမျိုး တကယ်စေတနာရှိလို့မှမဟုတ်တာ”ဆိုတာမျိုးတွေ ဝေဖန်ပြောဆိုနေတာဟာ သိပ်စောလွန်းနေသေးတယ်လို့ ထင်ပါတယ်။

အရိုးရှင်းဆို ဥပမာပေးရရင် စာမကျက်တဲ့ စာမဖတ်လုပ်တဲ့ ကျောင်းသားကို စာမဖတ်လို့ မကျက်လို့ ပြစ်တင်နေပြီး စာစကျက်ဖို့လုပ်တော့လည်း သွားစမ်းပါကွာ ဟန်ဆောင်ကျက်နေတာဆိုတာမျိုးဖြစ်နေပါတယ်။ တကယ်ကတော့ သူစာဆက်ကျက်ဖို့အကြံပြု တွန်းအားပေးရင်း စာမေးပွဲအောင်စာရင်းထွက်တဲ့ အထိတော့ စောင့်ကြည့်ပေးသင့်ပါတယ်။

ဝေဖန်သူတွေအများစုက ဒါမျိုးဆေးကုပေးတာထက် နိုင်ငံတွင်းကလူနည်းစု ဘာသာဝင်တွေအပေါ်မှာ တရားမျှတစွာ ဆက်ဆံဖို့ ဖိနှိပ်မှုတွေမရှိအောင် ကာကွယ်ပေးဖို့စတာတွေ ထောက်ပြတောင်းဆိုတာတွေ ရှိနေပါတယ်။

အပေါ်ပိုင်းမှ ဆွေးနွေးပြသလိုပါပဲ။ ပြည်သူလူထုနဲ့ စထိတွေ့မှု entry public relation point မှာ ဆေးတပ်ဖွဲ့ကို ရွေးတာကိုက မြန်မာ့တပ်မတော်ရဲ့ ဆက်ဆံရေး ကျွမ်းကျင်မှုပါ။ social tension မယုံကြည်မှု လူမှုတင်းမာမှု အနည်းအများရှိနေတဲ့ အုပ်စုနှစ်ခုကြားမှာ ဒီလှုပ်ရှားမှုဟာ အမြန်ဆုံးပြေလျော့စေမယ်၊ ရလဒ်ကောင်းကို အမြန်ဆုံးမြင်ရမယ်၊ နှစ်ဖက်စလုံးက အပြန်အလှန်စကားပြောဆို နားထောင် dialogue ဖို့အတွက် အခွင့်အရေးကောင်းဖန်တီးပေးတယ်။

နောက်တစ်ချက်က နိုင်ငံတွင်းက ဘာသာရေးလူနည်းစုအသိုင်းအဝိုင်းအနေနဲ့ တပ်မတော်ကို သမိုင်းကြောင်းအရ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ရှိဒီမိုကရေစီခေတ်ပြောင်းကာလမှာ သူရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုကို ပြုရမှာပါ။ ပြည်ထဲရေး၊ ကာကွယ်ရေး၊ လွှတ်တော်နဲ့ ကာလုံမှာ အဓိကနေရာက ပါဝင်နေတဲ့ တပ်မတော်ရဲ့ လက်ရှိ အရေးပါမှုကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။

15578839_1159638277490369_321125507174549670_n

Win Win

ဘာသာရေးလူနည်းစု အသိုင်းအဝိုင်းတွေက တပ်မတော်ရဲ့ ဒီချဉ်းကပ်မှုကို Win Win နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် အခြေအနေမျိုးနဲ့ ပြန်လည်တုန့်ပြန်သင့်ပါတယ်။ လူထုအနေနဲ့ လတ်တလော ကျန်းမာရေးအကျိုးရှိမယ်၊ ပြီးတော့ လူထုနဲ့ တပ်ကြားမှာ ပုံမှန်ရော ခင်မင်မှုပိုင်းအားဖြင့်ရော ဆက်ဆံရေး လမ်းကြောင်းတစ်ခုရလာမယ်၊ လူထုရဲ့ တကယ့်အောက်ခြေကအသံကို  တပ်ဖက်က ကြားသိစေနိုင်ရမယ်၊ လူထုရဲ့ လူမှုရေး ဘာသာရေး အရှိတရားကို တပ်ဖက်ကို နားလည်အောင် ပြသဖို့လည်း အခွင့်အရေးဖြစ်တယ်။ လူထုဖက်က သူတို့သိပြီးသားပါ၊ သိလျက်သားနဲ့ ငါတို့ကို မကောင်းလုပ်တာပါဆိုတာမျိုး အနုတ်ဆောင် တစ်ဖက်သတ်ကြိုတင် ဆုံးဖြတ်ချက်ချထားတာမျိုး မလုပ်အပ်ပါ။ လူထုဖက်က အထူးသဖြင့် လူ့အသိုင်းအဝိုင်းရဲ့ ဒေသအလိုက် လူမှုခေါင်းဆောင်တွေ ရပ်မိရပ်ဖတွေ ဘာသာရေးခေါင်းဆောင်တွေက နောက်တစ်ဆင့်အနေနဲ့ ဝန်ဆောင်မှုလာပေးတဲ့ ဆေးတပ်ဖွဲ့တွေနဲ့ ဘယ်လိုရေရှည်ဆက်ဆံရေးကို ထိန်းသိမ်းမလဲ၊ ဒေသခံ စစ်တပ်ဖွဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ ရော Win Win ဆက်ဆံရေး ဘယ်လို တည်ဆောက်ကြမလဲဆိုတာမျိုး ဆွေးနွေးပြင်ဆင်ထားသင့်ပါတယ်။ အဲ့ဒီ့မှာ အရေးပိုကြီးလာတာက နိုင်ငံအဆင့် ဆက်ဆံရေးတည်ဆောက်မှုပါ။ မြန်မာ ခရစ်ယာန်နဲ့မွတ်စလင်မ်လူထု အသိုင်းအဝိုင်းက နိုင်ငံအဆင့် လူမှုရေး နိုင်ငံရေး ဘာသာရေး အဖွဲ့အစည်းတွေ ခေါင်းဆောင်ပိုင်းတွေက အောက်ခြေအဆင့် နယ်မြေအဆင့် ဒီဆက်ဆံရေးနဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့် အကြံပေးကူညီပေးနေပြီး တပ်မတော်ခေါင်းဆောင်ပိုင်းနဲ့ နိုင်ငံအဆင့်မှာ ဘယ်လို ပိုမိုကောင်းမွန်တဲ့ Win Win ဆက်ဆံရေးလမ်းကြောင်းတွေ ဖွင့်ကြမလဲဆိုတာကို ပြင်ဆင်ထားသင့်ပါတယ်။

မြန်မာ့တပ်မတော်ဖက်ကရောပေါ့။ တပ်မတော်ဖက်က ဒီဆေးကုလှုပ်ရှားမှုဟာ ရေတိုလမ်းကြောင်းရွေးချယ်မှုမှာ ထိရောက်တာသွားလှပေမယ့် လူထုဖက်မှာ အကြောင်းအမျိုးမျိုးနဲ့ ရှိနေတဲ့ မယုံကြည်မှု သံသယတွေဟာ တကယ်မမှန်ပါဘူးဆိုတာကို ရေလတ်မှာ လက်တွေ့ကျကျ တည်ဆောက်သက်သေပြဖို့ လိုမယ်လို့ ထင်ပါတယ်။

အဲ့ဒီ့အတွက် ဒီဆေးအဖွဲ့လှုပ်ရှားမှုဟာ ဆေးမြီတိုပုံစံ ကောက်ရိုးမီးလှုပ်ရှားမှု မဟုတ်ဘဲ ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမလဲဆိုတာမျိုး ပြင်ဆင်ထားပြီးသားဖြစ်မယ်လို့လည်း ထင်ပါတယ်။

ပိုအရေးကြီးတာက ဆေးအဖွဲ့က တာဝန်အရ လူထုကို ဆေးကုသပေးနိုင်လုံရုံလောက်နဲ့ မတင်းတိမ်ဘဲ တကယ့်မြေပြင် လူထုအကြားက လူနည်းစုဘာသာဝင်တွေရဲ့ စိုးရိမ်မှုတွေ အမြင်တွေ အသံတွေကို မူဝါဒနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ တပ်မတော်ခေါင်းဆောင်ပိုင်းကို ဆက်လက်တင်ပြပေးဖို့၊ သတင်းပေးပေးဖို့လိုပါမယ်။

ရေလတ်ပိုင်းအနေနဲ့ တပ်မတော်က နိုင်ငံနဲ့ လူ့မှုဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဒေသအလိုက် လူများစုဘာသာဝင်တွေရော လူနည်းစု ဘာသာဝင်တွေပါ သက်ဆိုင်ရာ တပ်မတော်နဲ့ လက်တွဲပြီး ဆောင်ရွက်လို့ရမယ့် လမ်းကြောင်းမျိုးတွေ ဖွံ့ထားသင့်ပါပြီ။

အမျိုးဘာသာနိုင်ငံရေး

နောက်တစ်ခုက အမျိုးသားရေး ဘာသာရေးရော နိုင်ငံရေးလမ်းကြောင်းနဲ့ အမျိုး ဘာသာနိုင်ငံရေးဝါဒီအုပ်စုတွေ ကိစ္စပါ။

အဲ့ဒီမှာ ဥပမာ ယူထိုက်တဲ့ ခေတ်နှောင်းပိုင်း စစ်ရေး နိုင်ငံရေး ခေါင်းဆောင်ကတော့ မင်းတုန်းမင်းတရားကြီးပါဘဲ။ လူများစုကြီးရဲ့ ဘာသာတရားဖြစ်တဲ့ ဗုဒ္ဓဘာသာတရားကို  ပဉ္စမ သင်္ဂါယနာတင်ခြင်း အထိ ချီးမြှောက်ခဲ့ပြီး တစ်ဖက်မှာလည်း လူနည်းစုနိုင်ငံသား မွတ်စလင်မ်တွေအတွက် မက္ကာဟ်မြို့တော်မှာ ဒေါင်းဇရပ်ကြီးလှူဒါန်းခဲ့ပါတယ်။ ဘာသာတရားတစ်ခုကို စောင့်ရှောက်ရာမှာ အခြားဘာသာတရားတွေကို လျစ်လျူရှုထားစရာ၊ နှိပ်ကွပ်စရာမလိုဘူး၊ ဘာသာတရားတွေကို သူ့ဟာနဲ့သူ ချီးမြှောက်ခြင်းနဲ့ စောင့်ရှောက်လို့ရတယ်ဆိုတာကို လက်တွေ့ပြသခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။ မတူညီတဲ့ နိုင်ငံသားတွေကြားမှာ ကွဲပြားမှုရဲ့ အားကို တည်ဆောက်ပြသခဲ့သူပါ။ မြန်မာမွတ်စလင်မ်တွေကလည်း မင်းတုန်းမင်းတရားကြီးနဲ့ နိုင်ငံအပေါ်မှာ သစ္စာရှိစွာနဲ့ တာဝန်ထမ်းခဲ့ကြပါတယ်။

နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုအတွက် လူမျိုးဘာသာပေါင်းစုံပါဝင်မှု သမိုင်းကြောင်းနဲ့ ပေါ်ထွန်းခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ လူမျိုးတစ်မျိုး ဘာသာတရားတစ်ခုအတွက် မဟုတ်ဘဲ နိုင်ငံမှာ ရှိတဲ့ လူမျိုးပေါင်းစုံ ဘာသာတရားပေါင်းစုံကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းကြီး အဖြစ် ပြတ်ပြတ်သားသား ပြန်လည် ရပ်တည်သင့်ပါပြီ။

ယခင်ကအတိုင်း နိုင်ငံသားလူမျိုးပေါင်းစုံ ဘာသာဝင်ပေါင်းစုံပါဝင်လို့ရမယ့် အဖွဲ့အစည်းကြီးဖြစ်ဖို့ မူဝါဒကောင်းတွေ ပြန်လည်ထားရှိသင့်ပါပြီ။

အကြောင်းအမျိုးမျိုးကြောင့် နှစ်ဖက်စလုံးမှာ တပ်နဲ့ (လူနည်းစုဘာသာဝင်)လူထုတွေ အကြားမှာ မယုံကြည်မှုတွေ ရှိနေသေးကောင်း ရှိနိုင်ပါတယ်။

မြန်မာ့တပ်မတော်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးကောင်းတွေရှိနေတဲ့ ရေမြေ နိုင်ငံရေးအခြေအနေလည်း နီးစပ်တဲ့ ထိုင်းတပ်မတော်က နမူနာကောင်းတစ်ခုပါပဲ။

သမိုင်းကြောင်း အရ ထိုင်းတောင်ပိုင်းမှာ မွတ်စလင်မ် ခွဲထွက်ရေး သူပုန်တွေရှိနေပေမယ့်၊ ထိုင်းစစ်တပ်ရော ထိုင်းနိုင်ငံရေး ခေါင်းဆောင်ပိုင်း ကပါ အစဉ်အဆက် ဘာသာရေးနဲ့ နိုင်ငံရေး လူမျိုးရေးကို ခွဲခြားထားပါတယ်။

လူများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ချီးမြှောက်ရင်း တခြားလူနည်းစုဘာသာတရားတွေကိုလည်း နိုင်ငံတော်အဆင့်မှာကို ကောင်းစွာ အသိအမှတ်ပြုပါတယ်။

ထိုင်းဘုရင့်တပ်မတော်ကိုလည်း လူမျိုးတစ်မျိုး ဘာသာတရားတစ်ခုကို ကိုယ်စားပြုတာမျိုးမဟုတ်ဘဲ အားလုံးကို ကိုယ်စားပြုထားပါတယ်။

မြန်မာ့တပ်မတော် လက်ရှိ ခေါင်းဆောင်ပိုင်းတွေနဲ့ မျိုးဆက်သစ် အရာရှိတွေဟာ မင်းတုန်းမင်းတရားကြီးရဲ့ မူ၊ တပ်မတော် သန္ဓေတည်ခဲ့ရာ သမိုင်းကြောင်းနဲ့ ထိုင်းတပ်မတော် ဥပမာကောင်းတွေအတိုင်း အားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စု တစ်ခုလုံးကို ကိုယ်စားပြုတဲ့ စောင့်ရှောက်မယ့် အဖွဲ့အစည်းကြီးဖြစ်လာစေဖို့ ဦးဆောင်သွားရင်း လူထုကြားက သံသယတွေဟာ မမှန်ပါဘူးလို့ သက်သေပြသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

မြန်မာမွတ်စလင်မ်တွေကလည်း အရင် မိမိတို့ရဲ့ ဘိုးဘွားမွတ်စလင်မ်ကြီးတွေရဲ့ နိုင်ငံတော်နဲ့ အမိမြေ အပေါ်သစ္စာရှိမှု စံကို ဆက်ထိန်းသွားကြပါ။

နိဂုံး (သို့) တစ်နိုင်ငံလုံးကို ကိုယ်စားပြုမည့် တပ်မတော်

စာရေးသူ ထိုင်းရောက်စဉ် စစ်တပ်ဝန်းတွေရှိရာဖက်ရောက်ရာက ထိုင်းစစ်တပ်ရဲ့ အင်္ဂလိပ်လိုရေးထားတဲ့ ဆောင်ပုဒ်တစ်ပုဒ်ကိုတွေ့ရာ ကြက်သည်းမွေးညှင်းထပြီး ဝမ်းသာဝမ်းနည်းဖြစ်မိပါတယ်။ ထိုင်းတပ်မတော်က နိုင်ငံကိုကာကွယ်မည်၊ ပြည်သူကို ကာကွယ်မည်…ပြီးတော့ Religions ဘာသာတရားများ…(အမြင်မှားတယ် ထင်မိလို့ နှစ်ခေါက်သုံးခေါက်ကို ဖတ်ကြည့်နေမိခဲ့ပါတယ်။ တကယ်ကို Religion မှာ ‘s’ ပါပါတယ်။

တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တပ်မတော်…ကျွန်တော်တို့လည်း မျှော်လင့်နေဆဲပါ။

3 thoughts on ““ဗလီဝတ်ကျောင်းဝန်း၊ ချာ့ခ်ျကျောင်းဝန်းထဲက မြန်မာ့တပ်မတော်” (သူ့အမြင်)

  1. လူ့အခွင့်အရေးစွပ်စွဲချက်များ ကိုင်တွယ်ဖို့ အစိုးရပျက်ကွက်ဟု AI ထုတ်ပြန်
    ——————————
    ရခိုင်ပြည်နယ်တွင်း နယ်မြေစစ်ဆင်ရေး ဆောင်ရွက်ရာမှာ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမူစလင်တွေကို ပစ်မှတ်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေပေမဲ့ ဒီအခြေအနေကို ရပ်တန့်ဖို့ အစိုးရဘက်က ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တခု ဖြစ်တဲ့ Amnesty International (AI) အဖွဲ့က ဝေဖန်လိုက်ပါတယ်။ လူနေအိမ်တွေအများအပြား မီးရှို့ဖျက်စီးခံရပြီး ရွာသားတွေ ထောင်နဲ့ချီ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးနေရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေဟာ အထူးစိုးရိမ်စရာ ဖြစ်တယ်လို့လည်း AI အဖွဲ့က ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်ရှင်။

    ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၉ ရက်နေ့က လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ သေဆုံးခဲ့ရပြီးတဲ့နောက် မြန်မာအစိုးရက အကြမ်းဖက်တိုက်ခိုက်သူတွေကို လိုက်လံရှာဖွေတဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International (AI) က ဝေဖန်လိုက်တာပါ။ စိုးရိမ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ အစိုးရဘက်က ကိုင်တွယ်ရာမှာ အားနည်းချက်တွေ ရှိခဲ့တယ်လို့ AI အဖွဲ့က တောင်အာရှရေးရာသုတေသီ Olof Blomqvist က ပြောပါတယ်။

    “ပြီးခဲ့တဲ့ နှစ်လလောက်ကာလအတွင်း ရခိုင်အရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တုံ့ပြန်မှု အားနည်းခဲ့တဲ့အပေါ်မှာ ကျနော်တို့ စိတ်ပျက်မိပါတယ်။ ရခိုင်ပြည်နယ်အတွင်းက အဖြစ်အပျက်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အစိုးရရုံးက မဟုတ်မှန်ကြောင်း ငြင်းခဲ့သလို၊ စိုးရိမ်စရာ အခြေအနေတွေကိုလည်း လျှော့ပေါ့ ပြောခဲ့ပါတယ်။ အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင်တယောက် အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်အောင် ဟန့်တားရမယ့် တာဝန် ရှိပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထိထိရောက်ရောက် မဟန့်တားနိုင်ခဲ့ပါဘူး။”

    ဒါပေမဲ့လည်း ရခိုင်ပြည်နယ်တွင်း အရေးပါတဲ့ အုပ်ချုပ်မှုပိုင်းတွေကို စစ်တပ်က အဓိက ထိန်းချုပ်ထားပြီး စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုက သိပ် ကြီးမားသလို၊ လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း စစ်တပ်က ကျူးလွန်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုကိစ္စကို ဘယ်လောက်အတိုင်းအတာ အထိ ကိုင်တွယ်ဖြေရှင်း နိုင်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်ဘူးလို့လည်း Blomqvist က ပြောပါတယ်။ AI အဖွဲ့ရဲ့ လေ့လာချက်တွေအရကတော့ ရခိုင်ပြည်နယ်တွင်း လူအခွင့်အရေး ချိုးဖောက်မှုတွေဟာ အထူးစိုးရိမ်စရာ အခြေအနေမှာ ရှိတယ်လို့ သူက ပြောပါတယ်။

    “လုံခြုံရေးတပ်ဖွဲ့တွေက အပြစ်မဲ့ အရပ်သားတွေကို ရမ်းသမ်း ပစ်ခတ်သတ်ဖြတ်နေတာ၊ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေကို မတရားပြုကျင့်တာ အပြင် ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်နေတာတွေကို ကျနော်တို့ လေ့လာ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာအမျိုးသား ထောင်နဲ့ချီ တရားလက်လွတ် ဖမ်းဆီး ထိန်းသိမ်းခံရပြီး သူတို့ကို ဘယ်လို စွပ်စွဲချက်တွေနဲ့ တရားစွဲထားတယ်။ ဘယ်လိုအရေးယူသွားမယ် ဆိုတာတွေလည်း ဘာမှမသိရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါတွေကို ကျနော်တို့ အထူးစိုးရိမ်ပါတယ်။”

    အစိုးရ လုံခြုံရေးစခန်းတွေကို ရိုဟင်ဂျာ အဖွဲ့တခုက အကြမ်းဖက်တိုက်ခိုက်ခဲ့တာကို အစိုးဘက်က တုံ့ပြန် ကိုင်တွယ်နေတာလို့ ဆိုပေမဲ့ တကယ်တမ်းမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဘာသာရေး၊ လူမျိုးရေးအပေါ် အခြေခံပြီး ရိုဟင်ဂျာမူစလင်တွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း AI အဖွဲ့က ပြောပါတယ်။ ဒီအခြေအနေကို မြန်မာအစိုးရဘက်က အမြန်ဆုံး အဆုံးသတ်သင့်တယ်လို့ Blomqvist က ပြောပါတယ်။

    “ကျနော်တို့အနေနဲ့ တိုက်တွန်းချင်တာ သုံးခုရှိပါတယ်။ ပထမ တချက်ကတော့ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လက်ရှိ စစ်ဆင်နေတာတွေ အဆုံးသတ်ဖို့ပါ။ ရွာသားတွေ သတ်ဖြတ်ခံရ၊ အဓမ္မပြုကျင့်ခံရနေ ရတာတွေ အမြန်ဆုံး အဆုံးသတ်ဖို့ လိုပါတယ်။ ဒုတိယအချက်ကတော့ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်း သွားလာမှု ကန့်သတ်ထားတာတွေကို အဆုံးသတ်ပြီး လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတွေ၊ သတင်းမီဒီယာတွေကို ၀င်ရောက်ခွင့်ပြုပြီး အခြေအနေကို လေ့လာခွင့်ပြုရပါလိမ့်မယ်။ အထူးသဖြင့် လူသားချင်းစာနာမှု အကူအညီပေးတဲ့အဖွဲ့တွေ ၀င်ရောက်ခွင့် ကန့်သတ်ထားတာကြောင့် အကူအညီတွေ အကြီးအကျယ်လိုအပ်နေတဲ့ ဒုက္ခသည်တွေအတွက် အကူအညီတွေပေးနိုင်အောင် လမ်းဖွင့်ပေးရပါမယ်။ တတိယအချက်ကတော့ တာဝန်ခံမှုပါ။ အပြစ် ကျူးလွန်သူတွေနဲ့ ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး အရေးယူဆောင်ရွက်သွားရပါလိမ့်မယ်။”

    မြန်မာအစိုးရဘက်ကတော့ ရခိုင်ပြည်နယ်အတွင်း နယ်မြေစစ်ဆင်မှုတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ် ဆိုတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အားလုံးဟာ မမှန်ကန်တဲ့အကြောင်း တုံ့ပြန်ထားသလို၊ ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ ခိုင်မာတဲ့ အထောက်အထားတွေ ရှိရင် အစိုးရကို တင်ပြလာဖို့ ကြိုဆိုတဲ့အကြောင်းလည်း ပြောဆိုထား ပါတယ်။ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေကို ခွင့်ပြုသွားမယ့်အကြောင်းလည်း ဒီကနေ့ ရန်ကုန်မြို့မှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး ဒေသတွင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းလင်းတဲ့ပွဲမှာ မြန်မာအစိုးရဘက်က ပြောဆိုခဲ့ပါတယ်။

    မခင်ဖြူထွေး
    ဗွီအို​အေ(မြန်​မာပိုင်း)

    Like

  2. Ye Min Nyi Nyi
    42 mins ·
    မောင်ရင်အဘပြောမကွဲ့
    ကိုယ့်ကိုဘာမှမထိခိုက် ကိုယ့်မိသားစုကိုဘာမှမထိခိုက် ပဲ နဲ့တောင်
    သူ့များဘာသာသာသနာကို မိုက်မိုက်ရိုင်းရိုင်း ကြိမ်းဝါး ဆဲဆိုစော်ကား ပုတ်ခတ်နေတဲ့ သတ်ဖြတ် ဖျက်ဆီးဖို့ဆော်သြ နေတဲ့ အောက်တန်းစားတွေ ထောင်နဲ့သောင်းနဲ့ ချီပြီး ရှိ နေတာကို မောင်ရင် တွေ့နေရတာပဲ…….(မတွေ့သေးရင် မြန်မာနိုင်ငံက သတင်းပေ့တွေအောက်က ကော်မန့်တွေ ကိုကြည့်)
    အဖေအသတ်ခံရ အမေအသတ်ခံရ အကိုသေ အမသေ မိသားစုကွဲ ဒုက္ခသည်စခန်းမှာနေရ တဲ့ သူတွေဆီက နေ…..ပျားသကာလို လေသံ ကချေသည်လို ကိုယ်ဟန် တွေ မျှော်လင့်နေချင်သေးလို့ လား မောင်ရင် ရဲ့
    အကြမ်းဖက်မှု ကို ဆန့်ကျင် မယ် ဆိုရင်
    အကြမ်းဖက်မှုတွေ ဖြစ်အောင် အစွန်းရောက်တွေဖြစ်အောင် ဖန်တီးနေတဲ့သူတွေ ကို အရင်ဆန့်ကျင်ကြ…..
    မောင်ရင် တစ်ခုတော့မှတ်ထား အစွန်းကိုတွန်းပို့တဲ့သူတွေ မရှိခင်တုန်းက အစွန်းရောက် ဆိုတဲ့သူတွေ မရှိကြသေးဖူး ကွ

    Like

  3. Twal Har
    Yesterday at 7:03pm ·
    နေ့ခင်းကြောင်တောင် လူအုပ်လိုက်ကြီးနဲ့ ရှမ်းအတု၊ မွန်အတုတွေ ဖန်တီးပြီးတောင် ပေါ်ပေါ်တင်တင်လိမ်ညာသေးတာပဲ။ စစ်တပ်ကို ဘာတွေများ ယုံကြည်လို့ ရမှာလဲ။

    ဟိုးအရင်စစ်အစိုးရလက်ထက်ကတည်းကနေ အခုချိန်ထိ မရိုးနိုင်သေးတဲ့ ဖောက်ခွဲရေးဇာတ်လမ်းတွေ၊ ဘာသာရေးအကြမ်းဖက်မှုတွေ၊ အစရှိတဲ့ လုပ်ရပ်ဆိုးတွေက စနစ်တကျ ဖန်တီးထားတာမဟုတ်ဘဲ သူ့အလိုလိုဖြစ်ပွားလာတယ်ထင်နေပါသလား။

    အဲဒီ စစ်တပ်က တိုက်နေတဲ့ ပြည်တွင်းစစ်မှန်သမျှ၊ နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ်ထားတဲ့ လူသတ်ပွဲမှန်သမျှကို စစ်တပ်ဖက်က ထောက်ခံနေသူတွေက ဘယ်လိုလူတွေပါလိမ့်။

    စစ်တပ်ဖက်ကနေ ထောက်ခံရေးသားနေတဲ့ မီဒီယာတွေဟာ ရိုဟင်ဂျာကို မုန်းတီးတာတစ်ခုထဲနဲ့ စစ်တပ်ဖန်တီးတဲ့အကွက်ထဲကို ၀င်နေတာလား၊ ဒါမှမဟုတ် စစ်တပ်ကပဲ ညွှန်ကြားထားသလဲ မသဲကွဲဘူး။

    အဲဒီစစ်တပ်အောက်က လူဝင်မှုကြီးကြပ်ရေးကပဲ မွတ်စလင်တွေကို ရည်ရွယ်ပြီး NVC ကတ်ထုတ်ပေးမယ်ဆိုတဲ့ကိစ္စကို အဟုတ်ကြီးထင်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေကိုလည်း ဘာပြောရမှန်းမသိ။

    မရယ်ရတဲ့ဟာသတွေကို ခပ်မဲ့မဲ့ပြုံးရင်း၊ အံ့သြစရာမကောင်းတာတွေကို ပါးစပ်အဟောင်းသားကြည့်ရင်း…

    Like

Leave a comment