” ‘ရှင်ဒဲလားစာရင်း’ က ပေးတဲ့ ‘လူ’ “

Min Aung

” ‘ရှင်ဒဲလားစာရင်း’ က ပေးတဲ့ ‘လူ’ ”

” ဟောဒီမှာ ကြည့်စမ်း၊ ဟောဒီလက်သေးသေးလေးတွေဟာ လူကြီးလက်တွေ သွင်းလို့မရတဲ့ ဒန်အိုးဒန်ခွက်တွေထဲ လျှိုပြီးနှိုက်ပြီး ပေါ်လစ်တင်နိုင်တဲ့လက်တွေ။ သူတို့ကို ဘာမှ အသုံးမဝင်တဲ့ ကလေးတွေ လို့ မမြင်နဲ့၊ သူတို့ဟာ ငါ့စက်ရုံက တန်ဖိုးရှိတဲ့ အလုပ်သမားတွေကွ ”

အော်စကာရှင်ဒဲလား က ဂျာမန်စစ်သား ဒရွတ်ဆွဲ ခေါ်သွားတဲ့ ကလေးလေးကို ပြန်လုပြီး၊ လက်ကလေးကိုဖြန့်ပြ၊ ဆင်ခြေပေးပြီး ကယ်ထုတ်ခဲ့တဲ့ စကားလုံးတွေ။

ဂျူးတွေကို မုန်းတီးစိတ်နဲ့ သန်းချီသတ်ဖြတ်နေတဲ့ နာဇီဂျာမန်တွေနဲ့ ဆန့်ကျင်ဘက် ရှင်ဒဲလား က အဲဒီဂျူးတွေ ကို အလုပ်သမားတွေ အနေနဲ့ အသုံးချဖို့ မြင်ခဲ့တယ်။ တကယ်လဲ သူဟာ စီးပွားရေးသမားသက်သက်။ သူ့အမြတ်အစွန်းများများရဖို့ အလကားလောက်နီးနီး နောက်ဆုံး မသေရင်ပြီးရော တပြားမှ မရချင်နေ လို့ အလုပ်လုပ်ကြမယ့် ဂျူးတွေနဲ့ သူ့စက်ရုံတွေ လည်ပတ်ခဲ့တယ်။ စက်ရုံတွေကလဲ ဂျူးပိုင်စက်ရုံတွေ။ အလကားပဲတင်း ဈေးပေါင်ကျိုးနဲ့ ဝယ်ထားတာ။ ရုတ်တရက်ကြည့်လိုက်ရင် ရှင်ဒဲလားရဲ့လုပ်ရပ်ဟာ မသဒ္ဓီစရာပဲ။ ဒုက္ခရောက်နေတဲ့ သူတွေဆီကနေ တသိန်းတန်ပစ္စည်းကို တရာလောက်နဲ့ လိုက်ဝယ်တာကိုး။ ဒါပေမဲ့ ဂျူးတွေက ဝမ်းပန်းတသာ ကျေးဇူးတင်ပြီး ရောင်းကြတယ်။ သူတို့ရောင်းရတာ စာချုပ်လက်မှတ်ပဲကိုး။ မရောင်းလဲ ပစ္စည်းက ဆုံးပြီးသား။ ဘာနဲ့တူသလဲဆိုတော့ ပင်လယ်ထဲနစ်သွားတဲ့ သင်္ဘောကို ဈေးဖြတ်ဝယ်သလိုပဲ။
တခုတော့ရှိတယ်။ သူလုပ်ချင်တိုင်းလုပ်နိုင်ဖို့ စစ်ဗိုလ်ချုပ်တွေကို ပေးကမ်း ပေါင်းသင်း ကိုယ်တိုင်လဲ နာဇီပါတီ ဝင်ထားလိုက်သေး တဲ့။

လူမျိုးရေးကျဉ်းမြောင်းမှုတွေနဲ့ မုန်းတီးရန်လိုခက်ထန်နေတဲ့ နာဇီပါတီအမြင်နဲ့ ရှင်ဒဲလားအမြင် ဘယ်လောက်ကွဲသလဲ ကြည့်ဖို့ပြောတာ။ ဟိုမောင်တွေက မျိုးချစ်စိတ်တွေ ကြွေးကြော်၊ လက်သီးလက်မောင်းတန်း ကိုယ့်ကိုယ်ကိုယ်စိတ်ကြီးဝင်၊ သူတပါးကို မတရားဖိနှိပ် ပိုင်ဆိုင်မှုတွေ အဓမ္မ သိမ်းပိုက် နဲ့ လုပ်နေကြချိန်မှာ ရှင်ဒဲလား က နာဇီတွေကို ကတုံးပေါ်ထိပ်ကွက်ကြံတာ။
ဂျူးပိုင်စက်ရုံဆိုပြီး သိမ်းမယ်ကြံတဲ့ နာဇီစစ်ဗိုလ်တွေဟာ ဂျာမန်စာနဲ့ ဆိုင်းဘုတ်ပြောင်းထားပြီး ဂျာမန်ပိုင်အနေနဲ့ ကြေညာထားတဲ့အတွက် မထိမတို့နိုင်တော့ဘူး။ ဒါ့အပြင် စက်ရုံက ထွက်သမျှကိုလဲ ဈေးအဆမတန်ပေါပေါနဲ့ ရောင်းချပေးမယ် ဆိုပြီး၊ ဂျူးအကျဉ်းသားတွေကို အလုပ်လုပ်ခွင့် တောင်းခဲ့ပြန်တယ်။

အမြင် ကွာတာတွေ ပြောပါတယ်။ လူတွေကို အလောင်းချင်းထပ် မြေပေါ်အစုလိုက်အပြုံလိုက် မီးရှို့ဖျောက်ဖျက်ဖို့ နာဇီတွေ အားထုတ်နေတဲ့ တချိန်ထဲမှာ ရှင်ဒဲလား က အဲဒီလုပ်အားတွေကို အသုံးချဖို့ကြံတယ်။
စစ်ဗိုလ်ချုပ်တွေကို လာဘ်တော့ထိုးရသပေါ့လေ။
ဒါရိုက်တာစပီးလ်ဘတ်ခ်က ပါးပါးနပ်နပ်ကလေး လူနှစ်ယောက်မိုင်းဆက်ကွာတာ ပြတယ်။ တယောက်က ရှင်ဒဲလား၊ နောက်တယောက်က လူတွေကို သွေးအေးအေးနဲ့ အလကားနေ အလကား သတ်ဖြတ်နေတဲ့ နာဇီဗိုလ်။
မြာပွေတဲ့ ရှင်ဒဲလားက သူရွေးထားတဲ့ ဂျူးမချောချောလေးတွေ အားလုံးကို စက္ကထရီတပြုံကြီးခန့်ပြီး တအုန်းအုန်းထအောင် စက်ရုံတွေလိုက်ကြည့်တယ်။ တယောက်ပြီးတယောက် ဒိတ်လုပ်လိုက်သေးတယ်။
တခါတော့ လူရှေ့ ဘတ်သ်ဒေးဆုလာတောင်းပေးတဲ့ ဂျူးမလေးကို နဖူးလေးနမ်းလိုက်မိတာ နာဇီတွေ မြင်သွားပြီး၊ အကြီးအကျယ်ပြဿနာတက် ပါလေရော။
ခုနက စစ်ဗိုလ်ကပဲ တဟားဟားရယ်ပြီး

“He likes the women, he likes every goodlooking women.”
” ဒီလူက မိန်းမမြင်ရင် ဂျူးကော ဘာကော စဉ်းစားတာမဟုတ်ဘူးဗျ တကယ့်နားသိုးကြိုးပြတ် မနိုင်တဲ့လူ ” လို့ ပြောပြခဲ့တဲ့အတွက်လွတ်ခဲ့တာ။ တကယ်လဲ ရှင်ဒဲလား စိတ်ထဲမှာ သူ့ကိုယ်သူ မဟာဂျာမန်၊ ဂျူးတွေနဲ့ မတူမတန် လို့ သဘောမထားခဲ့ဘူး။ ခပ်ကဲကဲ ဂျူးမလေးတွေနဲ့ ခေါ်အိပ်တာတောင် မိန်းမမိသွားသေးပါရော။
သူဟာ ပီဘိ လူကို လူလိုပဲ မြင်၊ လူသားဆန်လှတဲ့ လူ။
ပါးပါးကလေး စပီးလ်ဘတ်ခ် ပြသွားတာ ခုနနာဇီဗိုလ်ကလဲ သူ့အတွက်ဝေယျာဝစ္စ လာလုပ်ပေးတဲ့ ဂျူးမချောချောလေးကို ကြိတ်ပြီးရင်ခုန်နေမိခဲ့တယ်။
နမ်းဖို့ကြိုးစားမိတာ အကြိမ်ကြိမ်၊ လက်ဆောင်ပေးချင်လို့ ဝယ်ထားတဲ့ ကလစ်ကလေး လက်ဆောင်ပေးဖို့ ကြိုးစားတာ ခန ခန။
ဒါပေမဲ့ ငါလို မဟာဂျာမန်တယောက်အနေနဲ့ ဒီဂျူးမ ကို မချစ်သင့်၊ သွေးမနှောသင့်ဘူး ဆိုတဲ့ မဘသစိတ်ကြီး ခံပြီး၊ ချစ်မရ နောက်ဆုံးမှာ လိင်စိတ်၊ ချစ်စိတ်တွေ ဇွတ်မြိုသိပ်ရာကနေ ဆန့်ကျင်ဘက် ရက်စက်တဲ့စိတ်တွေ ပေါ်လာတော့တာပဲ။ အကုန်လုံးဖြိုသတ်၊ ကောင်မလေးကို နှိပ်စက်၊ ဒါတင်မက မနက်မိုးလင်းလာတာနဲ့ မျက်နှာတောင် မသစ်နိုင်ဘူး၊ စီးကရက်တလိပ်မီးညှိပြီး ရိုင်ဖယ်တလက်နဲ့ ဝရံတာထွက် မျက်စိထဲ တွေ့ရာ မြင်ရာ ဂျူးတွေကို လက်တည့်စမ်းသလို ပစ်သတ်တယ်။ ပြကွက်ထဲမှာ သူ့အိပ်ရာထဲ အတူအိပ်တဲ့ မိန်းမတယောက် ကို ထည့်ပြထာားတော့ သူ့ရက်စက်မှုတွေဟာ လိင်မှုအပါအဝင် ‘အလိုမပြည့်စိတ်’၊ စိတ်ဖိစီးမှုရောင်ပြန်တွေ လို့ မြင်လို့ရတယ်။ ဂျူးမ မို့လို့ မချစ်ဘူးလို့ သွေးမနှောဘူး မျိုးစောင့်ရမယ် ဆိုပြီးး၊ သူ့ကိုယ်သူဖိအားတွေ ပေးခဲ့တဲ့ စိတ်ဖိစီးမှုတွေ။

နောက်ဆုံးတော့ ရှင်ဒဲလား လဲ ရှာသမျှ ကုန်အောင်၊ ပြောင်အောင် ဂျူးတွေကို ကယ်ခဲ့တယ်။ သူ့ရဲ့စီးပွားရေးဦးနှောက်ကို သူ့လူသားဆန်တဲ့ နှလုံးသားက အနိုင်ယူသွားတာ။

နာဇီစစ်ဗိုလ်ကတော့ လူမိုက်ဇာတ်သိမ်း စစ်ခုံရုံးတင် ကြိုးပေးသတ်ခံခဲ့ရပါရော။

ချိုတူးဇော်

Leave a comment